သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ကလေးများနှင့်လက်နက်စွဲကိုင်မှုဆိုင်ရာ အစီရင်ခံစာ ကုလ လုံခြုံရေးကောင်စီတွင် တင်သွင်း


မြန်မာနိုင်ငံမှာ ကလေးများနဲ့ လက်နက်စွဲကိုင်မှုဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ရဲ့ကိုယ်စား အထူးကိုယ်စားလှယ်က ကြာသပတေးနေ့က တင်သွင်းခဲ့ရာမှာ ကလေးများအခွင့်အရေးချိုးဖောက်ခံနေရတာကို စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေတယ်လို့ မီးမှောင်းထိုးပြသွားပါတယ်။

ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲအပြီး အမေရိကန်သံအမတ်ကြီးက ဒီကိစ္စနဲ့ပတ်သက်လို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ကလေးများနဲ့လက်နက်စွဲကိုင်မှုနဲ့ပတ်သက်တဲ့ အတွင်းရေးမှူးရဲ့ အထူး ကိုယ်စားလှယ်ဖြစ်တဲ့ မစ္စ ရာဒီကာ ကူမာရာစွာမီး (Radhika Coomaraswamy) က ကြာသပတေးနေ့က လုံခြုံရေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ကို တံခါးပိတ် အစီရင်ခံသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့က ကလေးစစ်သားများ အသုံးပြုမှုကြောင့် စုံစမ်းစစ်ဆေးခြင်းခံရတဲ့ ဘိုရွန်ဒီ (Burondi) နဲ့ မြန်မာနိုင်ငံအကြောင်းကို မစ္စ ကူမာရာစွာမီးက အစီရင်ခံခဲ့ရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခုလို ရှင်းပြခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် မစ်ရှဲလ် မွန်းတက်စ် (Michèle Montas) က ဌာနချုပ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံမှာ အစိုးရဖက်ကရော တိုင်းရင်းသားအုပ်စုတွေဖက်ကရော ကလေးတွေကို ဆက်လက် စုဆောင်းပြီး စစ်သားတွေအဖြစ် အသုံးပြုနေတဲ့ ပြဿနာက ဆက်လက်ရှိနေဆဲပဲလို့ မစ္စ ကူမာရာစွာမီး က လုံခြုံရေးကောင်စီမှာ တင်ပြသွားခဲ့သလို မြန်မာနိုင်ငံမှာ ကုလသမဂ္ဂက စောင့်ကြည့် လေ့လာ နိုင်ဖို့ကိုလည်း အခွင့ အရေးမရှိတဲ့ ကိစ္စဟာ ပြဿနာတစ်ရပ် ဖြစ်နေတယ်လို့ မစ္စ ကူမာရာစွာမီး က တင်ပြခဲ့တဲ့အကြောင်း၊” - မစ္စ မွန်းတက်စ် က ပြောပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လက ငါးရက်ကြာသွားရောက်ခဲ့ပြီး နောက်ပိုင်းလည်း မြန်မာနိုင်ငံကို ကိုယ်စားလှယ်စေလွှတ်လေ့လာခဲ့တဲ့ အချက်အလက်တွေကို အခြေခံကာ မစ္စ ကူမာရာ စွာမီးက ဒီ အစီရင်ခံစာကို ပြုစုပြီး အတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ အလုပ်အမှူဆောင်အဖွဲ့ရဲ့ ၁၁ ကြိမ်မြောက် တံခါးပိတ် ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့က တက်ရောက်ခဲ့ကြတဲ့ အဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ ယာယီ အမေရိကန်ကိုယ်စားလှယ် သံအမတ်ကြီး ဂရိုဘာ ဂျိုးဇက်ဖ် ရီး (Grover Joseph Rees) လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ ကလေးစစ်သားများကို ဆက်လက် စုဆောင်း အသုံးပြုမှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂရှိ အမေရိကန် ကောင်စစ်ဝန်ရုံး လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် ဘန်ဂျမင် ချန်း (Benjamin Chan) က အခုလို ပြောပါတယ်။

“မြန်မာစစ်တပ်ထဲမှာ ကလေးစစ်သားတွေ အသုံးပြုဖို့ ဆက်လက် စုဆောင်းနေဆဲ ရှိတယ်ဆိုတဲ့ ဒီအစီရင်ခံစာပါ ဖော်ပြချက်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက သိပ်ကို စိုးရိမ်မကင်းဖြစ်မိပါတယ်။ ကုလသမဂ္ဂအပြင် အစိုးရမဟုတ်တဲ့ ဒေသတွင်း အဲန်ဂျီအိုအဖွဲ့တွေရဲ့ အစီရင်ခံစာတွေအရ ၁၂ နှစ်အရွယ်ထိတောင် ငယ်တဲ့ကလေးတွေကိုလည်း စုဆောင်းနေတယ်လို့ သိရပါတယ်၊ ဒါကို မြန်မာစစ်တပ်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေကရော ပြုလုပ်နေကြတာပါ။ အခုလို ဥပဒေ ချိုးဖောက်ရာရောက်တဲ့ ကလေးစစ်သားများ စုဆောင်းအသုံးပြုနေမှုကို ချက်ချင်း ရပ်ဆိုင်းဖို့နဲ့ ကလေးများကိုလည်း သက်ဆိုင်ရာ သူတို့ရဲ့ မိဘအုပ်ထိန်းသူတွေထံ အပ်နှံဖို့အတွက် တိုက်တွန်းတဲ့အကြောင်း အမေရိကန်လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ကလေးများအခွင့်အရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သလို ကလေးများ လက်နက်ကိုင်မှု ပဋ္ဋိပက္ခမှာ ပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ စာချုပ်ကိုလည်း သက္ကရာဇ် ၂၀၀၀ မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းတည်ဆဲဥပဒေအရ အသက် ၁၈ နှစ်အောက်ကလေးတွေကို တပ်ထဲမှာ စစ်သားတွေအဖြစ် စုဆောင်းခြင်း မပြုနိုင်သလို အသက် ၁၅ နှစ်အောက် ကလေးတွေကိုလည်း လက်နက်စွဲကိုင်တဲ့ ပဋ္ဋိပက္ခမှာ အသုံးပြုခဲ့ရင် ဒါဟာ နိုင်ငံတကာ ဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တဲ့အတွက် ဥပဒေချိုးဖောက်တဲ့နိုင်ငံကို လုံခြုံရေးကောင်စီက ဒဏ်ခတ်ပိတ်ဆို့ အရေးယူနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်မှာ ကလေးစစ်သားတွေ အသုံးပြုမှုပြဿနာကို ဖြေရှင်းနိုင်ရေး အတွက် မစ္စ ရာဒီကာ ကူမာရာ စွာမီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်အစိုးရက ပူးပေါင်းဆောင်ရွက်မှု ပြခဲ့တာတွေရှိပြီး ဥပဒေတွေ ချမှတ်ထားတာတွေ၊ စောင့်ကြည့် လေ့လာတာတွေ ရှိနေတယ်ဆိုပေမယ့် ကုလသမဂ္ဂနဲ့ အဲန်ဂျီအိုအဖွဲ့တွေအနေနဲ့ စုံစမ်းစစ်ဆေးနိုင်ဖို့ လွတ်လပ်စွာ သွားလာခွင့်မရှိတာကိုလည်း အမေရိကန်ပြည်ထောင်စုက ထောက်ပြခဲ့ပါတယ်။

“ကိုယ်တိုင်သွားရောက်စစ်ဆေးနိုင်ခွင့်က အရေးကြီးပါတယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲတုန်းက မြန်မာ ကိုယ်စားလှယ်ဖက်ကလည်း တက်ရောက်ခဲ့ပြီး အစီရင်ခံစာကိုလည်း လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာသံအမတ်ကြီးအနေနဲ့ သူတို့အစိုးရက ပြဿနာကို ဖြေရှင်းရာမှာ ခြေလှမ်းတွေ ယူနေပါပြီလို့ ကြိုးစားဖြေရှင်းတာတွေ ရှိခဲ့ပါတယ်၊ ဒီနေရာမှာ ပြဿနာက ကုလသမဂ္ဂရော အဲန်ဂျီအိုအဖွဲ့တွေကပါ အခုလို မြန်မာစစ်အစိုးရဖက်က ပြောတာတွေကို ကိုယ်တိုင် သွားရောက် အကဲခတ် လေ့လာခွင့်မရကြဘူးဆိုရင် ဘယ်လို အတည်ပြုလို့ ရနိုင်ပါမလဲ ဆိုတာပါပဲ။ အတည်မပြုနိုင်သ၍တော့ ပြဿနာဖြေရှင်းရာမှာ တိုးတက်မှု ရတယ်လို့ မဆိုနိုင်တဲ့အကြောင်း” - အမေရိကန်လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် က ပြောသွားတာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေလည်း ကလေးစစ်သားများ အသုံးပြုနေကြတာမို့ အဲဒီ နယ်မြေတွေနဲ့ စစ်သားစုဆောင်းရေးစခန်းတွေကို ကုလသမဂ္ဂနဲ့ အဲန်ဂျီအိုတို့အနေနဲ့ သွားရောက် စစ်ဆေးခွင့် မရနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့လည်း မစ္စတာ ချန်း က ထောက်ပြခဲ့ပါတယ်။

“ပြဿနာက ကုလသမဂ္ဂ အဖွဲ့တွေအနေနဲ့ လွတ်လပ်စွာ သွားလာခွင့် မရှိခဲ့ပါဘူး။ စစ်သားစုဆောင်းရေးစခန်းတွေ၊ စစ်တန်းလျားတွေနဲ့ အစိုးရ ပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းအုပ်စုနယ်မြေတွေကို သွားမယ်ဆိုရင်၊ တွေ့ဆုံမယ်ဆိုရင် ခရီးသွားဖို့ ကြိုတင် ခွင့်ပြုချက် တောင်းခံရပါတယ်။ အဲဒီလို လုပ်နေသ၍ မြန်မာနိုင်ငံမှာ ကလေးစစ်သားများ အသုံးပြုမှုရဲ့ အခြေအနေမှန်ကို သိနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် သီးသန့်လည်း သွားလာခွင့်မရှိကြပါဘူး၊ အမြဲတမ်း အာဏာပိုင်တွေဖက်က လိုက်ပါနေလေ့ရှိပါတယ်။ အစိုးရဖက်က ဖုံးကွယ်စရာ မရှိဘူးဆိုရင် လွတ်လွတ်လပ်လပ် သွားလာခွင့်၊ တွေ့ခွင့်ပေးရမှာပါ။” - လို့ မစ္စတာ ချန်း က ပြောသွားပါတယ်။

ဒါ့အပြင် အစီရင်ခံစာမှာ ထောက်ပြထားတဲ့အတိုင်း ကလေးစစ်သားများ စုဆောင်းနေတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့လည်း အခုလို သူက ပြောသွားပါသေးတယ်။

“ကလေးစစ်သားတွေအဖြစ် စုဆောင်းခြင်းခံနေရတဲ့သူတွေဟာ အများအားဖြင့် မိဘမဲ့ ဆင်းရဲတဲ့ လေလွင့်ကလေးတွေ ဖြစ်ကြပါတယ်။ တချို့ကတော့ နေထိုင်စရာ မရှိလို့ တပ်ထဲဝင်ခဲ့ကြသလို မှတ်ပုံတင်ကပ်ပြားမရှိတဲ့ ကလေးတွေကို ရဲကမိရင် - တပ်ထဲဝင်မလား၊ မဝင်ရင် ဖမ်းမယ် ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တချို့ကလေးတွေကို ဈေးတွေ၊ ရုပ်ရှင်ရုံတွေ၊ ကားဂိတ်တွေမှာ လူပွဲစားတွေက သွေးဆောင် ဖျားယောင်းပြီး တပ်ကို ရောင်းစားတာတွေ ရှိတယ်လို့ သိရပါတယ်။ တပ်ထဲမှာလည်း ဥပဒေအရ အသက်မပြည့်ရင် ပြည့်တယ်လို့ လိမ်ခိုင်း၊ ဝန်ခံခိုင်းတာတွေ ရှိနေပါတယ်။”

ဒါ့အပြင် မြန်မာစစ်တပ်မှာရော တိုင်းရင်းသား အုပ်စုတွေမှာပါ တပ်သား အရေအတွက် တိုးစေဖို့ မဆင်မခြင် လုပ်ကိုင်ကြတာတွေ တွေ့ရတယ်လို့လည်း မစ္စတာ ချန်းက ပြောသွားပါသေးတယ်။ ဒါကြောင့်လည်း ကလေးစစ်သားတွေ တပ်က ထွက်ပြေးကြရင် သူတို့တွေကို တပ်က ဖမ်းပြီး အပြစ်ပေး အရေးယူတာတွေ မလုပ်သင့်ဘူးလို့ နိုင်ငံတကာဥပဒေကို ကိုးကားပြီး အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားတာကိုလည်း အမေရိကန်ပြည်ထောင်စုက ထောက်ခံထားတာတွေ့ရပါတယ်။ နောက်သုံးလအတွင်း မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပြဿနာ ဖြေရှင်းရာမှာ တိုးတက်မှု ရှိမရှိ သုံးသပ်တဲ့ ကြားဖြတ်အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂအနေနဲ့ ထုတ်ပြန်ပြီး နောက် ခြောက်လအကြာမှာတော့ အစီရင်ခံစာသစ်ကို တင်သွင်းနိုင်ဖို့ အဆိုပြုချက်ကိုလည်း အမေရိကန်ပြည်ထောင်စုက ထောက်ခံထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG