သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပီနန်ဆရာတော်ဘုရားကြီး ဂျပန်နိုင်ငံကို စည်းရုံးရေးခရီးထွက်


ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသဟာ
မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတော် ညစ်နွမ်း
နေပြီး ရဟန်း သံဃာတော်တွေ စစ်အစိုးရရဲ့ ဖိနှိပ်ညှဉ်းပန်းခံနေရတာတွေနဲ့ ပတ်သက်လို့
ဂျပန်နိုင်ငံက ဗုဒ္ဓဘာသာ သံဃာ့ ဂိုဏ်းပေါင်းစုံ ဘုန်းတော်ကြီးတွေကို တင်ပြလျှောက်ထား စည်းရုံးဆွေးနွေးဖို့ မနေ့ကစတင်ပြီး နာဂိုယာ
မြို့ကို ကြွချီသွားပါပြီ။ ဆရာတော်ကြီး ဦးပညာ
ဝံသနဲ့ ဒီခရီးမှာ လိုက်ပါဆောင်ရွက်နေတဲ့
ဒေါက်တာ ကျော်တင့်တို့ကို ဦးရော်နီညိမ်း
က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ပီနန်ဆရာတော်ကြီးရဲ့ ပထမခရီးစဉ်အဖြစ် ဒီကနေ့မှာ နာဂိုယာမြို့ကို ရောက်ရှိလာခဲ့
ပါတယ်။ ဒီခရီးစဉ်မှာ ဆရာတော်ကြီး ဦးပညာဝံသနဲ့အတူ လိုက်ပါ ဆောင်ရွက်နေတဲ့ ဒေါက်တာကျော်တင့်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ဆရာတော်ကြီးရောက်လာတော့ ဘုန်းကြီးကျောင်းသွားပြီးကြည့်ကြတာ ရှိတယ်။ ဆရာတော်ဦးဥတ္တမ ၁၉၃၀ ပတ်ဝန်းကျင်က ဂျပန်ပြည်မှာ တည်းခိုလာ ခဲ့တဲ့နေရာ ဖွင့်ပြီးတော့ပြပါတယ်။ ဆရာတော်ဦးဥတ္တမပုံနဲ့ ဆရာတော်ဦးဥတ္တမ လက်ရေးတွေ
လည်း ကျနော်တို့တွေ့ခဲ့ရပါတယ်။ အဓိကကတော့ ဘုန်းကြီး ကျောင်းတကျောင်းမှာ
သွားပြီးတော့ ပရိသတ်ကို ဆရာတော်ကြီးက ဘာကြောင့် ဗုဒ္ဓဘာသာ ဗမာပြည်
သာသနာကို အတိုက်အခိုက်ခံနေရတယ်၊ ဒါ့ကြောင့် ကာကွယ်ရမယ်ဆိုပြီး အားလုံးက
ဝိုင်းပြီးပြောပြပါတယ်။

“ဂျပန်ဘုန်းကြီးတွေ အများကြီးလာပါတယ်။ ဘုန်းကြီးတွေလာတာမှ ဂိုဏ်း ပေါင်းစုံက
နေပြီးတော့ လာကြပါတယ်။ ဂျပန်ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သာမန် လူပုဂ္ဂိုလ်တွေ၊ ဘုန်းကြီးမဟုတ်တဲ့ ပုဂ္ဂိုလ်တွေလည်း လာကြပါတယ်။”

ဆရာတော်ကြီး ဦးပညာဝံသကိုယ်တိုင်ကလည်း ဂျပန်နိုင်ငံကိုလာရောက်ရတဲ့
အကြောင်းနဲ့ စီစဉ်ဆောင်ရွက်မယ့်ကိစ္စတွေကို အခုလိုမိန့်ကြားခဲ့ပါတယ်။

“ဘုန်းကြီးတို့ ဂျပန်ပြည်ကိုရောက်တဲ့အကြောင်းကတော့ အသင်းအဖွဲ့ အသီးသီး
ကနေပင့်လို့ ဘုန်းကြီးတို့လည်းရောက်တာပါ။ ဘုန်းကြီးတို့ ခရီးသွားမယ့် အစီအစဉ်
က နာဂိုယာပြီးရင် ကျိုတို၊ ကျိုတိုပြီးတော့ အိုဆာကာ၊ အိုဆာကာ ပြီးတော့ တိုကျို၊
ပင့်တာကတော့ ဂိုဏ်းပေါင်းစုံဗုဒ္ဓဘာသာတွေက ပင့်တာ ဖြစ်တော့ ဂိုဏ်းပေါင်းစုံ
ဗုဒ္ဓဘာသာတွေနဲ့ ဒီကနေ့ ဆွေးနွေးပါတယ်။

“ဆွေးနွေးတဲ့အခါမှာ သူတို့က ဗမာပြည်မှာ ဘာတွေဖြစ်နေသလဲ ဆိုတဲ့ဟာတွေလည်း
သူတို့ သိသင့်သလောက်တော့ သိတယ်။ သူတို့ကိုယ်တိုင်လည်း ဗမာပြည်ကို ဗုဒ္ဓ
ဘာသာအဖွဲ့အနေနဲ့ ကန့်ကွက်စာတွေ ပို့ထားတယ်လို့လည်း ပြောပါ တယ်။ ဘုန်းကြီးတို့ပြောချင်တာက ဒီကနေ့မှာ ခင်ဗျားတို့ သိတာနဲ့မတူဘူး၊ ဗုဒ္ဓဘာသာတွေ
မှာ သိပ်ဒုက္ခတွေရောက်၊ ပြီးတော့ ဘုန်းကြီးတွေဟာ ကိုယ့်ကျောင်းမှာ ကိုယ်မနေနိုင်
တဲ့ဘဝမျိုးလည်း ရောက်နေတယ်၊ ထောင်သွင်း အကျဉ်းချ၊ ရဲဘက်စခန်းပို့၊ အဲဒီလို အမျိုးမျိုးတွေလုပ်နေတယ်၊ ပြီးတော့ လိုက်ဖမ်းနေတယ်ဆိုတော့ သိပ်ဒုက္ခရောက်ပြီး
တော့ တချို့လည်း နယ်ခြားမှာ ရောက်၊ ပြီးတော့ ဒဏ်ရာရတဲ့ ဘုန်းကြီးတွေကလည်း ဒုက္ခတွေရောက်ပြီးတော့ အဲသလိုဟာတွေကို အတတ်နိုင်ဆုံး ဘုန်းကြီးတို့က ဂျပန်ပြည်
လာခြင်း အကြောင်းကတော့ ဗုဒ္ဓဘာသာအချင်းချင်း အတတ်နိုင်ဆုံးကူညီဖို့ဆိုတော့
သူတို့ကလည်း အားလုံးက ကတိပြုကြပါတယ်။ ကူညီပါ့မယ်လို့လည်း ပြောပါတယ်။

“တိုကျိုမှာက ပထမဥက္ကဋ္ဌဆရာတော်ရှိပါတယ်၊ သူက စာရေးပေးပါတယ်။ အတတ်နိုင်
ဆုံး ကူညီလိုက်ပါဆိုတော့။ ဘုန်းကြီးတို့မြင်ရတာတော့၊ အခု ဘုန်းကြီးတို့ တိုကျိုတော့ မရောက်သေးဘူး၊ နာဂိုယာတင် ရှိတဲ့အခါကျတော့ သူတို့ရဲ့အားပေးမှုကတော့ အင်မတန်ကျေနပ်စရာ ကောင်းပါတယ်၊ ဗုဒ္ဓ ဘာသာအချင်းချင်း။”

တင်ပါ့ဘုရား။ သာသနာ့ဥသျှောင်အဖွဲ့ကြီးဖြစ်ပေါ်လာတယ်ဆိုတာရော သူတို့ သေသေချာချာသိရှိပါသလားဘုရား။

“အဲဒါကတော့ အသင့်အတင့်လောက်တော့ သူတို့သိရှိတယ်။ ဘုန်းကြီးတို့က
သေသေချာချာ ပြောပြတဲ့အခါကျတော့မှ ပိုပြီးတော့ သိရှိသွားတာပေါ့၊ ပို ထင်ထင်
ရှားရှား သိကြတာပေါ့လေ”

အရှင်ဘုရား ဒီခရီးစဉ်မှာ သာသနာ့ဥသျှောင်အဖွဲ့ကြီးကို ကိုယ်စားပြုပြီးတော့ ဂျပန်နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ရော တွေ့ဆုံမိန့်ကြားတာတွေ လုပ်ဖို့ရှိပါသလား။

“ရှိပါတယ်။ တိုကျိုရောက်တဲ့အခါကျမှ ဂျပန်အစိုးရနဲ့ တွေ့ရပါလိမ့်မယ်”

ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသဟာ စက်တင်ဘာလ မြန်မာနိုင်ငံက ဆုတောင်းမေတ္တာပို့ဆန္ဒပြပွဲတွေ စစ်အစိုးရဖြိုခွင်းတာကိုခံရပြီးနောက် နယူးယောက်
အခြေစိုက် သာသနာ့ဥသျှောင်အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နိုင်ငံတကာကို
ကြွချီ၊ သာသနာ့စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG