သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူများအနေဖြင့် မိမိအခွင့်အရေး မိမိရအောင် လုပ်ရမည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ပြော


မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မလာဘဲနဲ့ တနေ့ထက်တနေ့ ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာနေတာကြောင့် လူထုအနေနဲ့ နစ်နာဆုံးရှုံးရတဲ့ ကိုယ့်ရဲ့ အခွင့်အရေးတွေကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေကသိအောင် လုပ်ဆောင်ကြရမယ်လို့ မနက်ဖြန်မှာကျရောက်မယ့် နိုင်ငံတကာလူ့အခွင့်အရေးနေ့အကြို ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဒီကနေ့မှာ ပြောလိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

လူ့အခွင့်အရေးနေ့အကြိုအဖြစ် မြန်မာနိုင်ငံက ဒီကနေ့လူ့အခွင့်အရေးအခြေအနေတွေ ဘယ်လိုရှိပါသလဲလို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကိုထွန်းမြင့်အောင်ကို မေးတဲ့အခါ သူက အခုလိုစဖြေပါတယ်။

“ယနေ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ကျနော်တို့တိုင်းပြည်မှာ တနေ့တခြား ဆုတ်ယုတ်သထက် ဆုတ်ယုတ်နေတယ်။ ပြည်သူပြည်သားတွေခမျာ ယနေ့ထက်ထိ အကြောက်တရားနဲ့ ဖိစီးမှုအောက်မှာ လူသားတယောက်ရဲ့ အခြေခံလူ့အခွင့်အရေးတွေကိုတောင် မရနိုင်ဘူးဖြစ်နေတယ်။ ဒါတွေဟာ ကျနော်တို့က အကြိုးအကြောင်းမဲ့စွာ ပြောတာမဟုတ်ပါဘူး”

အဲဒီလို လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတဲ့ဟာတွေထဲက နမူနာတခု လောက်ပြောပြပါလား။

“လူသားတဦးချင်းစီရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေကို ယနေ့ မြန်မာပြည်မှာ မရဘူးဆိုတာ စာနယ်ဇင်းလောကမှာ စာပေစိစစ်ရေးရဲ့ အတင်းအဓမ္မ နှိပ်ကွပ်မှုကို ကြည့်ခြင်းအားဖြင့် သိနိုင် ပါတယ်။ ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပတ်သက်လို့။

“နောက်တခါ လွတ်လပ်စွာစုစည်းခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်တွေမှာဆိုရင်လည်း တရားဝင်မှတ်ပုံ တင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင် လွတ်လွတ်လပ်လပ် နိုင်ငံရေးအရ လှုပ်ရှားလို့မရ ပါဘူး။ မြို့နယ်ရုံးတွေဆိုရင်လည်း ယနေ့ထက်ထိ ချိပ်ပိတ်ခံထားရဆဲပါ။ ဒါဟာ နိုင်ငံရေးလှုပ်ရှားမှု တွေ၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှုတွေနဲ့ပတ်သက်လို့ သိနိုင်ပါတယ်”

အဲတော့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာဖို့အတွက် ဘာတွေလုပ်ဖို့ လိုမယ်လို့ရော ယူဆပါသလဲ။

“ကျနော်တို့တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေအနေနဲ့ ကိုယ့်အခွင့်အရေးတွေကို ကိုယ်ကိုယ်တိုင် ရယူနိုင်ဖို့၊ ကိုယ်ကိုယ်တိုင်ကာကွယ်ဖို့ အရေးကြီးပါတယ်။ လူ့အခွင့်အရေးဆိုတာ ဘယ်သူ့ဆီမှ တောင်းနေဖို့ မလိုပါဘူး။ ကျနော်တို့ဟာ လူသားတွေဖြစ်တာနဲ့အညီ လူသားတဦးချင်းစီမှာ ရပိုင်ခွင့်တွေရှိပါတယ်။ အဲဒီရပိုင်ခွင့်တွေကို ကျနော်တို့ကာကွယ်ရမယ်၊ အဲဒီအတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုရင် ကျနော်တို့ဟာ ခေါင်းငုံ့ခံမနေကြဘဲနဲ့ ချိုးဖောက်ခံရတဲ့ အခြေအနေ၊ အဖြစ်အပျက်တွေကို အတိအကျ ရယူမှတ်တမ်းတင်ပြီးတော့ ဥပဒေကြောင်းအရ တုံ့ပြန်လို့မရတဲ့ ကိစ္စတွေမှာ သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူတွေထံကို သတင်းအချက်အလက်တွေ ရောက်အောင်ပို့ပြီးတော့ အဲဒီကတဆင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေက နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မြန်မာပြည်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို သိအောင်လုပ်ဖို့အရေးကြီးပါတယ်”

ပြည်တွင်းကလူထုက လုပ်ရမယ့်အပိုင်းအပြင် နိုင်ငံတကာအနေနဲ့ရော မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာဖို့ ဘာတွေလုပ်သင့်တယ်လို့ ယူဆပါလဲ။

“ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ ကျနော်တို့မြန်မာနိုင်ငံမှာ အိုင်အယ်လ်အိုကနေ ရုံးခွဲလာစိုက်သလို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ရုံးခွဲကို မြန်မာနိုင်ငံမှာ အခြေစိုက်ပြီးတော့ ပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေး နစ်နာဆုံးရှုံးမှုတွေကို တိုင်ကြားနိုင်တဲ့ အခွင့်အရေးရဖို့ အတွက် ရုံးစိုက်ပြီးတော့ အနေအထားတခုကို ဖန်တီးသင့်ပါတယ်။ ဒါမှသာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တိုက်ရိုက် ရဲရဲတင်းတင်း တင်ပြနိုင်မယ်၊ တိုင်တန်းနိုင်မယ်၊ ဒီလိုတိုင်ကြားနိုင်တဲ့ အခွင့်အရေး ရပြီဆိုရင် ကျနော်တို့ပြည်သူပြည်သားတွေအဖို့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းတွေကနေပြီး သက်သာရာ သက်သာကြောင်းရနိုင်တဲ့ အနေအထားတရပ်လို့ မြင်ပါတယ်”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG