အခု ဒီဇင်ဘာ ၁၀ ရက်နေ့ကျရောက်မယ့် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာပဲ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတယ်ဆိုတာကို မီးမောင်းထိုးပြနိုင်ဖို့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ သူ့တို့ အပေါင်းအပါတွေကို အထောက်အပံ့ဖြစ်နေတဲ့ ငွေကြေးရလမ်းတွေကို ပိတ်ပင်ဖို့ အမေရိကန် ကွန်ဂရက်က ပြင်ဆင်နေပြီလို့ သိရပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးနေ့ ကျရောက်မယ့် လာမယ့်ရှေ့အပတ်ထဲ အမေရိကန် အောက်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အရေးယူမှုဥပဒေကြမ်းတစ်ခု ချျမှတ်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အကြောင်းစုံ ဦးသားညွန့်ဦးက အစီရင်ခံထားပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီဥက္ကဌ တွမ် လန်းတို့စ် ရဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ အခုလို ဖော်ပြထားတာပါ။ နိုင်ငံတကာလူ့အခွင့်အရေးနေ့ ကျရောက်ချိန်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့အပေါ် မေ့ထားလို့ရမှာမဟုတ်ဘူးလို့ မစ္စတာ တွမ် လန်းတို့စ် က ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံက လူသတ်အစိုးရဟာ သူရဲ့ နိုင်ငံသားတွေအပေါ် မထင်မှတ်နိုင်လောက်အောင် ရက်ရက်စက်စက် လုပ်တယ်ဆိုတာ ပေါ်ထွက်လာတယ်လို့ သူက ထောက်ပြပါတယ်။ လက်နက်မဲ့ ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်တာကြောင့် ရဟန်းတွေ သွေးမြေကျခဲ့ရတဲ့အပြင် အခုလက်ရှိအထိလည်း ထောင်နဲ့ချီတဲ့ လှုပ်ရှားသူတွေ ဖမ်းဆီးခံထားရတုန်းပဲလိ့ု မစ္စတာ တွမ် လန်းတို့စ် က ပြောထားပါတယ်။
မြန်မာတနိုင်ငံလုံးက ဆင်းရဲငတ်ပြတ်နေချိန်မှာ စစ်ဗိုလ်ချုပ်တွေကတော့ နိုင်ငံ သဘာ၀ အရင်းအမြစ်တွေကို ရောင်းစားပြီး ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အသုံးပြုနေတာကြောင့်၊ အကာအကွယ်မဲ့နေတဲ့ မြန်မာပြည်သူတွေအတွက် စစ်အစိုးရကို ထိခိုက်အောင်လုပ်ရမယ်လို့ မစ္စတာ တွမ် လန်းတို့စ် က နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီတော့ မစ္စတာ တွမ် လန်းတို့စ် က အခု ပြောထားသလို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်ကနေ နောက်ထပ် အရေးယူ ဒဏ်ခတ်မှုလုပ်မယ်ဆိုတော့ ဘယ်လိုအရေးယူမှုတွေ ပြင်ဆင်နေသလဲဆိုတာကို အမေရိကန်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအဖွဲ့ USCB က မူဝါဒရေးရာ ညွန်ကြားရေးမှူး ဦးအောင်ဒင်က ရှင်းပြပါဦးခင်ဗျ။ -
“အောက်လွှတ်တော်မှာ အမေရိကန်ကွန်ဂရက်အမတ် တွမ် လန်းတို့စ် တင်သွင်းထားတဲ့ The Block Burmese JADE ဆိုတဲ့ ဥပဒေမူကြမ်း ရှိပါတယ်။ ဒီ ဥပဒေမူကြမ်းက မြန်မာနိုင်ငံကနေ တိုက်ရိုက်သော်လည်းကောင်း၊ တတိယနိုင်ငံ တစ်ခုခုကသော်လည်းကောင်း အမေရိကန်နိုင်ငံထဲကို ဝင်ရောက်လာမှာကို ပိတ်ဆို့ဟန့်တားတဲ့ ဥပဒေပါ။ ဒီဥပဒေမှာ ဘာပါသေးလဲ ဆိုတော့ မြန်မာစစ်အစိုးရခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ - နောက် သူတို့ကို ငွေကြေးထောက်ပံ့နေတဲ့ စစ်အစိုးရအလိုကျ စီးပွားရေးသမားတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ ရင်းနှီးမြုပ်နှံမှုတွေ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ စီးပွားရေးအဖွဲ့တွေ ဘဏ်တွေ ငွေကြေးအဖွဲ့တွေကနေ ဆက်ဆံရေးမလုပ်ဖို့ ပိတ်ဆို့ ဟန့်တားတာ အဲဒီ အချက်လည်း ပါပါတယ်။ ဒီဥပဒေကြမ်း အတည်ဖြစ်သွားမယ်ဆိုရင် မြန်မာစစ်အစိုးရနဲ့ သူရဲ့ စီးပွားရေးအပေါင်းပါတွေအပေါ်မှာ အင်မတန် ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှု တိတိကျကျ လုပ်နိုင်မှာဖြစ်တယ်။ အလားတူပဲ မြန်မာနိုင်ငံကနေ ထွက်လာမယ့် နအဖအစိုးရရဲ့ အဓိကဝင်ငွေ တစ်ရပ်ဖြစ်တဲ့ ကျောက်မြတ်ရတနာ ရောင်းဝယ်မှုကိုလည်း ပိတ်ဆို့ ဟန့်တားနိုင်မှာဖြစ်ပါတယ်၊ အောက်လွှတ်တော်အမတ် တွမ် လန်းတို့စ် အနေနဲ့ ဒီ ဥပဒေကြမ်းကို ရှေ့အပတ်ထဲ အောက်လွှတ်တော်တစ်ရပ်လုံးက မဲပေးအတည်ပြုမယ်လို့ သူ မျှော်လင့်ထားပါတယ်။”
အမေရိကန်နိုင်ငံကို မြန်မာက ကျောက်မြတ်ရတနာတွေက ဘယ်လောက် အတိုင်းအတာအထိ ဝင်ရောက်နေတယ်လို့ ခန့်မှန်းရသလဲခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကြည့်ရသလောက် တရုတ်တို့ အာရှ အဲဒီဖက်က ပိုပြီး ဝယ်နေသလားလို့။ -
“ဒါပေမယ့် အမေရိကန်နိုင်ငံက ကမ္ဘာမှာ အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့အားလျော်စွာ ကျောက်မြတ်တွေကို ဝယ်တဲ့နေရာမှာ အကြီးမားဆုံးဝယ်ယူသူ ဖြစ်ပါတယ်။ နိုင်ငံတကာက ကျောက်မြတ်ရတနာလုပ်ငန်း ပိုင်ရှင်အားလုံးရဲ့ အဓိက ဈေးကွက်က အမေရိကန်ပြည်ထောင်စုပါပဲ၊ အခုန ပြောသလိုမျိုး မြန်မာ ကျောက်မြတ်တွေကို တရုတ်၊ ဟောင်ကောင်၊ ထိုင်း အစရှိတဲ့ အာရှနိုင်ငံတွေက ဝယ်ယူကြပေမယ့် သူတို့ကတဆင့် အမေရိကန်ဈေးကွက်ကို ပြန်တင်ပို့ ရောင်းတာပါ၊ ဒါကြောင့်မိုလို့ အခုလို မြန်မာက ကျောင်းစိမ်း၊ ပတ္တမြား စတဲ့ ကျောက်မြတ်တွေကို မြန်မာနိုင်ငံက တိုက်ရိုက်သော်လည်းကောင်း၊ တတိယနိုင်ငံတစ်ခုခုမှာ ပြုပြင်ပြီး အမေရိကန်မှာ ပြန်ရောင်းချရင် လည်းကောင်း ဒါတွေကို ပိတ်ဆို့ဟန့်တားနိုင်မယ်ဆိုရင် မြန်မာစစ်အစိုးရရဲ့ ကျောက်မြတ်ကရမယ့် ငွေတွေကို ပိတ်ဆို့နိုင်မှာဖြစ်ပါတယ်။”
အခုနောက်ပိုင်း အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို အရေးယူတဲ့နေရာမှာ သေသေချာချာ ထိရောက်မယ့် ပစ်မှတ်ထား ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ဒီတော့ အရင်တုန်းက အရေးယူခဲ့တဲ့ ပုံစံတွေကို လွှတ်တော်ထဲမှာ ပြန်ပြီး သုံးသပ်စဉ်းစားတာမျိုးတွေရော ရှိပါသလား။
“အခု ထပ်မံစဉ်းစားနေတာတွေက အရင်ရှိပြီးသား စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်သုံးသပ်ပြီးတော့မှ ဖြစ်ပေါ်လာတာပါ။ အဲဒီ စီးပွားရေးပိတ်ဆို့မှုတွေက လုံလောက်မှု မရှိသေးတာကြောင့် အခု စက်တင်ဘာ လူထုဆန္ဒပြပွဲပြီးတဲ့နောက် သမ္မတ ဘုရ်ှက မြန်မာစစ်ခေါင်းဆောင် ၁၄ ယောက် ဝန်ကြီး ၁၁ ယောက်နဲ့ ဦးတေဇ အပါအဝင် စီးပွားရေးသမား ၇ ယောက်ကို စီးပွားရေးအရ ပိတ်ဆို့ အရေးယူဖို့ အမိန့်ဥပဒေ ထုတ်ခဲ့တာရှိတယ်။ အဲဒီမှာ အမေရိကန်အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကလည်း သမ္မတရဲ့ အရေးယူမှုကို ဥပဒေနဲ့ ခိုင်ခိုင်မာမာ ဖြစ်အောင် အသက်သွင်းဖို့ ကြိုးစားနေကြတယ်။ ပြီးခဲ့တဲ့ ရှေ့က စီးပွားရေးပိတ်ဆို့မှုတွေရဲ့ ယိုကွက် ဟာကွက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အခုလို ကျောက်မြတ်ရတနာ ပိတ်ဆို့တဲ့ ဥပဒေ၊ နောက်တခါ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ သူတို့ ငွေကြေးဥစ္စာတွေကို ပိတ်ဆို့ဟန်တားဖို့ ဥပဒေတွေ အတည်ပြုဖို့ ကြိုးစားနေကြတာပါ။”
USCB က မူဝါဒရေးရာ ညွန်ကြားရေးမှူး ဦးအောင်ဒင် ရှင်းပြခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကိစ္စကို ကိုင်တွယ်ရာမှာ ကမ္ဘာ့နိုင်ငံအားလုံး ပါဝင်တဲ့ Multilateral နည်းကိုရော၊ အမေရိကန်တစ်နိုင်ငံချင်း ဆောင်ရွက်တဲ့ Unilateral နည်းကိုပါ သုံးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက တရားဝင် ပြောထားတာပါ။ နိုင်ငံအားလုံး ပါဝင်တဲ့နည်းကတော့ အခု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ လူ့အခွင့်အရေးကောင်စီ စတဲ့ နေရာတွေမှာ မြန်မာနိုင်ငံ အရေး အပြင်းအထန် အရေးယူကိုင်တွယ်ဖို့ အမေရိကန်က ဦးဆောင် လှုံ့ဆော်နေသလို၊ တချိန်တည်းမှာလည်း အခုလို အမေရိကန်တစ်နိုင်ငံချင်းအရ မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူမှုတွေ လုပ်နေပါတယ်။ အခု အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဌ မစ္စတာ တွမ် လန်းတို့စ် တင်သွင်းထားတဲ့ မြန်မာကျောက်မြတ် ဥပဒေကြမ်းဟာဆိုရင်လည်း အမေရိကန် နိုင်ငံရေးသမားတွေရော၊ စီးပွားရေးသမားတွေပါ ထောက်ခံမှုရတဲ့ သဘောမျိုး တွေ့နေရတာကြောင့် ဒီဥပဒေကြမ်း အတည်ဖြစ်ဖို့ များနေတယ်လို့ပြောရမှာပါ။