မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိတ်ရှည်သည်းခံနိုင်တဲ့ အတိုင်းအတာ ကုန်နေ
ပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီ
မွန်းက ပြောလိုက်ပါတယ်။ မြန်မာစစ်အစိုးရ
အနေနဲ့ လူ့အခွင့်အရေးကို အပြည့်အဝလေးစား
ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်နေတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အပြည်ပြည်
ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တိုက်တွန်းပြော
ဆိုလိုက်တာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ကနေ ဗွီအိုအေသတင်းထောက် Luis Ramirez သတင်းပေးပို့ထားနဲ့အတူ ကိုသိန်းထိုက်ဦးက ဆက်ပြီးတင်ပြပေးထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆူရာယုဒ် ချူလာနွန့် (Surayud Chulanont) နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ
အတွင်း ဒီမိုကရေစီရေး တိုးတက်မှုတွေ နှောင့်နှေးနေတာတွေနဲ့ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာပါ။
ဒီနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ချမှတ်နိုင်ခဲ့တဲ့
၅၉ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ မြန်မာစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် အလေးအနက်ထားပြီး ရိုးရိုးသားသား ဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အခုလိုပြောသွားပါတယ်။
“နိုင်ငံတကာအနေနဲ့ စိတ်ရှည်သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်ဆုံးနေပြီဆိုတာ
ကျနော်သိပါတယ်။ ကျနော်တို့ရဲ့သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်နေပါပြီ” လို့ မြန်မာ
နိုင်ငံရဲ့ ဒီမိုကရေစီရေး နှောင့်နှေးကြန့်ကြာမှုတွေနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်းက ပြောသွားတာပါ။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဒီလို မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စိတ်ရှည်သည်းခံနိုင်တဲ့
အတိုင်းအတာ ကုန်နေပြီလို့ ပြောဆိုတဲ့တချိန်တည်းမှာ မြန်မာအာဏာပိုင်တွေအနေ
နဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး ရိုးရိုးသားသားဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့ အကြောင်းကိုလည်း ထပ်ပြောသွားပါတယ်။
“မြန်မာပြည်သူတွေဟာ အထီးကျန်ရပ်တည်ခဲ့တဲ့အတွက် ဒီလိုရပ်တည်မှုရဲ့ ဒုက္ခမျိုးစုံ
ကို နှစ်ရှည်လများ ခံစားနေခဲ့ရပါတယ်။ ဒီအချိန်ဟာ မြန်မာအာဏာပိုင်တွေ၊ မြန်မာ ပြည်သူတွေအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေကို ပိုင်ဆိုင်ရမယ့်အချိန်
ဖြစ်ပါတယ်” လို့ ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမိသားစုနဲ့ ပူးပေါင်းဆောင်
ရွက်ရမယ့်အချိန် ရောက်နေပါပြီလို့လည်း ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုးတက်မှု
တွေမှာ နိုင်ငံရေးအရ အထူးအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ဖို့လည်း အတွင်းရေး
မှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းပြောဆိုသွားပါသေးတယ်။
“မြန်မာနိုင်ငံမှာ မြန်မာစစ်အစိုးရက ဆက်ဆံရေးအရာရှိခန့်အပ်ထားပြီး အလုပ်သမား
ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့
အကြား တွေ့ဆုံနေတဲ့အခြေအနေက ကောင်းမွန်တဲ့ အစပျိုးမှုတခုအဖြစ် မျှော်မြင်ပါ
တယ်။ ဒီအခြေအနေကနေ တိုးတက်အောင် ထပ်ပြီး မြှင့်တင်ဆောင်ရွက်နိုင်ကြလိမ့်
မယ်လို့ မျှော်လင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရ နက်ရှိုင်းတဲ့ဆွေးနွေးမှုမျိုးတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စတင်ဆွေး
နွေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း” သူက ထည့်သွင်းပြောဆိုသွားပါတယ်။
မစ္စတာဘန်ကီမွန်းက သူအလေးအနက်ထားပြောသလိုပဲ မြန်မာနိုင်ငံဟာ အာဆီယံ
အဖွဲ့ဝင်နိုင်ငံတခုပါ။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လာ လို့ရှိရင် နိုင်ငံရေး
အရ အထူးအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက် နိုင်ပါတယ်လို့ အာဆီယံ
အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလက ကုလသမဂ္ဂဌာနချုပ်ရှိတဲ့ နယူးယော့ခ်မြို့မှာ အာဆီယံ
နိုင်ငံခြားရေးဝန်ကြီးတွေကိုရော မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ပါ အဓိပ္ပာယ်ပြည့်ဝတဲ့
ဆွေးနွေးမှုတွေ သူ့အနေနဲ့ လုပ်နိုင်ခဲ့ပါတယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
က ပြောဆိုသွားပါတယ်။
ဒီနေ့ လူ့အခွင့်အရေးနေ့မှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေကို သူ့အနေနဲ့ အလေး အနက်တိုက်တွန်းချင်ပါတယ်ဆိုပြီး သူ့ရဲ့မိန့်ခွန်းအဆုံးမှာ အခုလို တိုက်တွန်းခဲ့ပါတယ်။
“ဒီနေ့ဟာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ပါ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ
စာတမ်းကို စတင်ကြေညာနိုင်ခဲ့တဲ့ ၅၉ နှစ်မြောက်နေ့ပါ။ ဒီနေ့ကစပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ ကျနော်နဲ့ လူ့အခွင့်အရေးကော်မရှင်မင်းကြီးတို့ကနေ
ကမ္ဘာတဝှမ်း လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ကျယ်ပြန့်တဲ့ စည်းရုံးလှုပ်ရှားမှု
တွေ စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာအာဏာပိုင်တွေကို ကျနော်ထပ်မံတိုက်တွန်းချင်တာက ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးပဋိဉာဉ်စာတမ်းရဲ့ ရည်မှန်းချက်နဲ့ အခြေခံမူတွေကို အပြည့်အဝလေးစားပြီး
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာအောင် ဆောင်ရွက်ဖို့ပါ” လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်လာဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး
တွေ ပေါ်ပေါက်လာဖို့ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင်
ဂမ်ဘာရီ မြန်မာနိုင်ငံကို နောက်တကြိမ်သွားရောက်နိုင်ရေး ကြိုးစားနေတဲ့အချိန်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ မစ္စတာအီဘရာဟင် ဂမ်ဘာရီကတော့ မြန်မာစစ်အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်နေတုန်း
ပဲလို့ သိရပါတယ်။