သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရကို ပုဒ်မ ၅(ည) ဖြင့် တရားစွဲဆို


စက်တင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့ စီတန်းလှည့်လည်
ပွဲတွေကို ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံနေရတဲ့ ဦးဂမ္ဘီရကို အာဏာ
ပိုင်တွေက အရေးပေါ်စီမံချက်ဥပဒေ ၅(ည) နဲ့ ရုံးထုတ်လိုက်ပါပြီ။ ဦးဇင်းရဲ့ကျန်းမာ
ရေးအခြေအနေ ကောင်းမွန်တဲ့အကြောင်း တွေ့ခဲ့ရတယ်လို့ ထောင်ဝင်စာတွေ့ခွင့်ရ
ခဲ့တဲ့ ဦးဇင်းမယ်တော်က ဆိုပါတယ်။ အသေးစိတ်ကို မအေးအေးမာက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုကြီးအတွင်းမှာ ခေါင်းဆောင်ပါဝင်တယ်ဆို
တဲ့ စွပ်စွဲချက်နဲ့ သံဃာ့တပ်ပေါင်းစုခေါင်းဆောင် ဦးဂမ္ဘီရခေါ် ဦးစန္ဒောဘာသကို ပုဒ်မ
၅(ည) အရေးပေါ်စီမံချက် အက်ဥပဒေနဲ့ တရားစွဲဆိုထားကြောင်း ထောင်ဝင်စာ
သွားရောက်တွေ့ဆုံခဲ့တဲ့ မိခင်ဖြစ်သူက ပြောပြပါတယ်။

“၅(ည) ဆိုတာကြားလိုက်တာနဲ့ အန်တီခံစားရတာကတော့ သြော် တော်သေးတာပေါ့၊ နိုင်ငံတော်ပုန်ကန်မှုထက်စာရင်ဆိုပြီး။ ဦးဇင်း မသေအောင် ဂရုစိုက်ပါ၊ ကျန်းမာရေး အထူးအရေးကြီးတယ်၊ မသေသေးရင် အားလုံး ကျန်တာတွေလုပ်လို့ရပါတယ်လို့ ပြော
ခဲ့ပါတယ်။ လူဝတ်နဲ့ပဲ၊ ဂတုံးတော့ တုံးထားတယ်။ သိက္ခာချမှရတာ၊ သိက္ခာမချပါဘူး
တဲ့၊ အဲလိုပြောတယ်။ ဦးဇင်း ဆံပင်တွေရိပ်ထားတယ်တဲ့။ သင်္ကန်းဝတ်ကို သိက္ခာချပေး
မှရတာပါတဲ့။ လူဝတ်နဲ့ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဘုန်းကြီးက ဘုန်းကြီးပါပဲတဲ့”

ဒီဇင်ဘာ ၁၀ ရက်နေ့က ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့တဲ့ အချိန်မှာ ပုဒ်မ ၅(ည)
နဲ့ အင်းစိန်အထူးတရားခုံရုံးမှာ တရားစွဲဆိုထားတယ်ဆိုပြီး မိခင်ဖြစ်သူက ပြောပါ
တယ်။

ဦးဂမ္ဘီရကို နိုဝင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးသွားပြီးတဲ့နောက် စစ်ဆေးမေးမြန်းခဲ့ပြီး
နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ မန္တလေးကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပို့ခဲ့တယ်
ဆိုပြီး ဦးဂမ္ဘီရကပြောကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။ သားဖြစ်သူကို ပထမဦး
ဆုံး တွေ့ဆုံရတဲ့အချိန်မှာ ဘယ်လိုများခံစားရပါသလဲလို့ မေးတဲ့အခါမှာတော့ …

“အန်တီက ဒီဟာ ပထမဆုံးအတွေ့အကြုံမှမဟုတ်တာ။ ဒါပေမယ့် သူ့အတွက် နည်းနည်းစိတ်မကောင်းတာပေါ့လေ၊ အမေကိုး။ ငါ့သားလေး စားချင်တာ မစားရ
ဘူး၊ သွားချင်တာမသွားရဘူး။ လွတ်လပ်မှုကို အလွန်ကြိုက်တဲ့သူတွေ။ ဒါ သူ့ကိုယ်
ရေး ကိုယ်တာအတွက်လည်း မဟုတ်ဘူး၊ မိဘအတွက်လည်း မဟုတ်ဘူး။ အများ
အတွက်ဆိုပြီး သူလုပ်တာ။ အများရဲ့ချစ်ခင်မှု၊ ကြောက်တဲ့ ရွံ့တဲ့ကြားထဲက အန်တီ
တွေ့ရပါတယ်။ အားပေးမှု၊ သူတို့ ယုံကြည်ကိုးစားမှုဆိုတာတွေ။ အဲလိုတွေ့ရတော့ တော်တော်လေးလည်း အားရှိသွားပါတယ်။ ငါ့သား လုပ်ရကျိုးနပ်ပါလားလို့”

ပုဒ်မ ၅(ည) ဟာ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင်လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တာကြောင့် အများဆုံး ထောင်ဒဏ်ချနိုင်မှုဟာ ၇ နှစ်ဖြစ်တယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
ဦးဂမ္ဘီရဟာ မိသားစုနဲ့တွေ့ဆုံတဲ့အချိန်မှာတော့ ကျန်းမာရေးကောင်းမွန်တာကို
တွေ့ခဲ့ရကြောင်း မိခင်ဖြစ်သူက ပြောပြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG