သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံဆန္ဒပြနေတာ ၁၂ ရက်ရှိသွားပြီဖြစ်တဲ့ ကိုထင်ကျော်ကို ရုံးထုတ်စစ်ဆေး


ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြရင်း
အဖမ်းခံခဲ့ရတဲ့ ကိုထင်ကျော် ပန်းဘဲတန်းရဲစခန်း
မှာ အစာငတ်ခံဆန္ဒပြနေတာ ဒီနေ့ဆိုရင်
၁၂ ရက်ရှိသွားပြီလို့ ကိုထင်ကျော်ရဲ့ မိသားစု
တွေက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသား
တွေ လွှတ်ပေးဖို့နဲ့ သူ့မှာအပြစ်ရှိတယ်ဆိုရင်
လည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေး
ဖို့ ကိုထင်ကျော်က တောင်းဆိုပါတယ်။ အသေး
စိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

အရင်တုန်းက အင်းစိန်ထောင်မှာ ဖမ်းထားခဲ့တဲ့
ကိုထင်ကျော်ကို အခု အာဏာပိုင်တွေက ပန်းဘဲတန်းရဲစခန်းကို ပို့လိုက်ပါတယ်။
ဒီနေ့ ပန်းဘဲတန်းရဲစခန်းမှာ ရုံးထုတ်ပြီးတော့ စစ်ဆေးတာတွေ စလုပ်နေပြီလို့
မိသားစုဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကုန်ဈေးနှုန်းကျဆင်းရေးအတွက် သိမ်ကြီးဈေးရှေ့မှာ
ဆန္ဒပြဖို့ ကြိုးစားနေတုန်း ကိုထင်ကျော် အဖမ်းခံခဲ့ရတာပါ။ ဒီနေ့ ကိုထင်ကျော်နဲ့သွား
တွေ့ခဲ့တဲ့ ဇနီးသည် မသန်းသန်းမော်က အခုလိုပြောပါတယ်။

“ဒီနေ့ ထောင်ဝင်စာသွားတွေ့တော့ ပန်းဘဲတန်းကို ရုံးထုတ်တယ်။ ပန်းဘဲတန်း ရဲစခန်းမှာပဲထားမယ်လို့ ပြောလိုက်တယ်။ ၅၀၅(ခ)၊ ဆူပူမှုဖြစ်အောင် လှုံ့ဆော်တဲ့
အမှုပေါ့။ သိမ်ကြီးဈေးရှေ့မှာ လောင်စာဆီဈေးတက်လို့ ကုန်ဈေးနှုန်းကျဆင်းရေး
ဆန္ဒပြဖို့လုပ်နေတုန်း လုပ်လည်းလုပ် ပါသွားတာပဲ။ ဆန္ဒတောင် မပြလိုက်ရဘူး။ အဲဒီ
ကတည်းက ပါသွားတာ။ အခုနောက်ပိုင်း နှစ်ပတ်ရှိပါပြီ၊ တွေ့ခွင့်ရတာ။ ကျန်းမာရေး
ကတော့ သူအရမ်းအားနည်းနေတယ်။ အစာငတ်ခံဆန္ဒပြတာ ၁၂ ရက်ရှိသွားပြီဆို
တော့ အရမ်းအားနည်းနေတယ်။ ဒီ့ပြင်တော့ ထွေထွေထူးထူးမဖြစ်ပါဘူး။ နိုင်ငံရေး
အကျဉ်းသားတွေ လွှတ်ပေးဖို့တောင်းတယ်၊ သူ့ကိုလည်း အပြစ်ရှိရင် တရားစွဲဖို့
တောင်းဆိုတယ်။ လာမယ့် ၁၈ ရက်နေ့ကို ရုံးထပ်ထုတ်မယ်”

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့ (MDC) က ကိုထင်ကျော်က နိုင်ငံ
ရေး အကျဉ်းသားတွေလွှတ်ပေးဖို့နဲ့ သူ့မှာအပြစ်ရှိတယ်ဆိုရင် ရုံးထုတ်စစ်ဆေးဖို့
တောင်းဆိုရင်းနဲ့ အစာငတ်ခံဆန္ဒပြနေတာလို့ပြောတာပါ။ ကိုထင်ကျော်နဲ့တွေ့ခဲ့တဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလိုလားသူများအဖွဲ့က ကိုသိန်းအောင်မြင့်ကလည်း ကိုထင်ကျော်ရဲ့အခြေအနေနဲ့ သူတို့အဖွဲ့ ဆက်လက်လှုပ်ရှားနေတဲ့ အနေအထား
တွေကို အခုလိုပြောပါတယ်။

“ကိုထင်ကျော်ကတော့ လက်ရှိ ၁၂ ရက်ရှိပါပြီ၊ အစာငတ်ခံဆန္ဒပြနေတာ။ ကျနော်နဲ့ တွေ့လိုက်ရပါတယ်။ သူက အခုအချိန်ထိလည်း အစာငတ်ခံဆန္ဒပြနေမယ်တဲ့၊ ၁၄ ရက်နေ့နောက်ပိုင်းဆိုရင်တော့ သူ ရေပဲသောက်တော့မယ်။ လက်ရှိကတော့ သူ ကော်ဖီမစ်သောက်နေသေးတယ်။ ကျန်းမာရေးကတော့ တော်တော်တော့လျော့
သွားတယ်။ တော်တော်ပိန်သွားတယ်။ ကျနော် သူ့အတွက် နည်းနည်းတော့ စိုးရိမ်ရ
တာပေါ့။

“သိမ်ကြီးဈေးမှာစလုပ်တုန်းက ကျနော်တို့ ၁၂ ယောက်နဲ့ စလုပ်ခဲ့တာပါ။ ကျနော်တို့
အဖွဲ့ဝင်တော့ မသတ်မှတ်ထားဘူးပေါ့။ အားလုံး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသူတွေမှန်သမျှ အားလုံး ကျနော်တို့အဖွဲ့ဝင်ပဲခင်ဗျ။ လောလောဆယ်ကတော့ တချို့တွေကလည်း ရှောင်တိမ်းနေရတယ်၊ ကိုထင်ကျော်တို့လည်း အဖမ်းခံနေရတယ်
ဆိုတော့၊ ကျနော်တို့ ဥပဒေဘောင်အတွင်းကတော့ ဆက်လက်လှုပ်ရှားနေပါတယ်”

မနေ့က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလိုလားသူများအဖွဲ့က ကိုထင်ကျော်နဲ့အတူ ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေ၊ စက်တင်ဘာလအတွင်းက ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရဟန်းရှင်လူ ပြည်သူအားလုံးကိုလွှတ်ပေးဖို့၊ မြန်မာစစ်
အစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး
အတွက် လုပ်ဆောင်ဖို့ဆိုပြီးတော့ ကြေညာချက်ထုတ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလိုလားသူများအဖွဲ့က ဦးမြင့်ရွှေကလည်း ဆန္ဒပြတဲ့လူ
တွေကို ဖမ်းဆီးချုပ်နှောင်ထားတာက တိုင်းပြည်အတွက် အဖြေရှာတာမဟုတ်ဘူး
ဆိုပြီး ပြောပါသေးတယ်။

“ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဘက်တယောက်ဖြစ်တဲ့ ကိုထင်ကျော်ဆိုရင် သုံးကြိမ်
မြောက် အဖမ်းခံရခြင်းဖြစ်တယ်။ အခုတခါ အများအတွက် ထပ်ပြီးတော့ အထဲမှာ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊ သူ့ကိုလည်း ဒီလိုထိန်းသိမ်းထားတာ
ဟာ တစုံတရာအပြစ်မရှိဘူးလို့ နားလည်တဲ့အတွက် လိုအပ်ရင် အပြစ်ပေးပါ၊ တရား
စွဲပါဆိုပြီးတော့ တောင်းဆိုတဲ့အခါမှာ အခုလို ၅၀၅(ခ) နဲ့ ပထမအဆင့် ရုံးထုတ်လာ
တာတွေ့ရတယ်။

“ကျနော်တို့ နိုင်ငံရေး အများစုလုပ်ကိုင်နေတဲ့ဟာတွေတော့ ပြေလည်စေချင်ပြီ။
တိုင်းပြည်က နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများကိုလည်း ကျနော်တို့ဟာ ဗုဒ္ဓ
ဘာသာဝင်တွေပီပီ မေတ္တာစိတ်နဲ့ အမြန်ဆုံးပေါင်းစည်းစေချင်ပြီ၊ ညီညွတ်စေချင်လှ
ပါပြီ။ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးတွေဆိုလည်း ထိပ်ဆုံးက ကုလသမဂ္ဂ အတွင်းရေး
မှူးချုပ်ကိုယ်တိုင် မြန်မာ့နိုင်ငံရေးကို စိတ်မရှည်တော့တဲ့ အခြေအနေမျိုးတွေ ပြော
လာတာဟာဖြင့် တိုင်းပြည်အတွက် အင်မတန်မှ ရင်လေးစရာ ကောင်းပါတယ်။ ဒီ့အတွက်ကြောင့်လည်း ကျနော်တို့ စိုးရိမ်ပူပန်တယ်၊ ဒ့ါကြောင့်လည်း မိမိထွက်
ပေါက်ကို မိမိအချင်းချင်းပြန်လည်ဖြေရှင်းရင်ရနိုင်တဲ့ အခြေအနေကနေ ဒီ့ထက်
ဆိုးဝါးတဲ့အခြေအနေမျိုးကို ကျနော်တို့ မရောက်စေချင်တော့ပါဘူး”

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့က ဦးမြင့်ရွှေပြောပြသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG