အခြေခံလူ့အခွင့်အရေးတွေထဲမှာ ဘာသာရေးလွတ်လပ်ခွင့်ဆိုတာလည်း တခုအပါ
အဝင်ဖြစ်တာကြောင့် မနေ့ကကျရောက်ခဲ့တဲ့ ၅၉ ကြိမ်မြောက် နိုင်ငံတကာလူ့အခွင့်
အရေးနေ့မှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး နှိပ်ကွပ်နေတာတွေကို အဆုံး
သတ်ဖို့ အမေရိကန်သမ္မတဘွတ်ရှ်က မိန့်ခွန်းပြောခဲ့ပါတယ်။ အကြောင်းစုံကို
ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။
၅၉ ကြိမ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးနေ့ကျင်းပတဲ့ ဒီကနေ့မှာ သမ္မတဘွတ်ရှ်
က ဘာသာရေးလွတ်လပ်ခွင့်ကိစ္စကို ဒီနှစ်မှာ အဓိကထား ပြောဆိုခဲ့တာ တွေ့ရပါ
တယ်။
“ဒီလိုနေ့မျိုးမှာ အမေရိကန်ပြည်ထောင်စုတွင်းမှာရှိတဲ့လူတွေနဲ့ရော တကမ္ဘာလုံးက
လူတွေဆီကနေ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွင်း လွတ်လွတ်လပ်လပ် ဘာသာရေး ယုံကြည်ကိုးကွယ်ခွင့်တွေရဖို့ သူတို့ဘက်က ရိုးရိုးသားသား ကြိုးစားခဲ့ကြပုံတွေ
အကြောင်း ဖိတ်ခေါ်ပြောဆိုပြီးတော့ လူ့အခွင့်အရေးနေ့အခမ်းအနား ကျင်းပရတာ ကောင်းမွန်သင့်မြတ်ပါတယ်” လို့ သမ္မတဘွတ်ရှ်က ပြောသွားခဲ့တာပါ။
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်နေကြတဲ့ မြန်မာနိုင်ငံမှာဆိုရင်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကိုယ်တိုင် ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဖြစ်နေတဲ့အကြောင်း အမေရိကန်နိုင်ငံအတွင်း ဟောပြောနေတဲ့သူကတော့ အခု နယူးယော့ခ်မြို့ ကိုလံ
ဘီယာတက္ကသိုလ်၊ သမိုင်းဌာနမှာ ဧည့်ပါမောက္ခအဖြစ် ပို့ချနေတဲ့ ဒေါက်တာအရှင်
နာယက ဖြစ်ပါတယ်။
“အခြေခံလူ့အခွင့်အရေးကအစ ဦးဇင်းတို့ ဆုံးရှုံးနေတယ်ဆိုတော့ ဘာသာရေးလွတ် လပ်ခွင့်ဆိုတာလည်း ဝေလာဝေးပေါ့လေ။ အထူးသဖြင့် ဘာသာရေးလွတ်လပ်ခွင့်မှာ ဗုဒ္ဓဘာသာအကြောင်းပြောရမယ်ဆိုရင် ပရိယတ္တိ၊ ပဋိပတ္တိကိုတောင်မှ လွတ်လပ်စွာ သင်ခွင့်မရှိဘူးဆိုတော့ ဦးဇင်းတို့အနေနဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေက အများ
ကြီးလို့ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဆိုရင် ရဟန်းသံဃာတော်တွေ
တောင်မှ ကိုယ့်ကျောင်းမှာကိုယ် လွတ်လွတ်လပ်လပ်နေလို့မရဘူး၊ နောက် သံဃာ
တော်တွေကို စာသင်တိုက်ကြီးတွေက နှင်လိုက်ပြီးတော့ သူတို့ အဲဒီနေရာကို ပြန်လို့
မရဘူး၊ လွတ်လပ်စွာ ခရီးသွားလို့မရဘူး၊ ဦးဇင်းတို့မှာ အခြေခံအခွင့်အရေးတွေက
အင်မတန်မှဆုံးရှုံးနေတယ်။ ဘာသာရေးလွတ်လပ်ခွင့်ဆို ပြောစရာတောင်မလိုဘူး”
အခုလိုအဖြစ်အပျက်တွေက စက်တင်ဘာလ မတိုင်ခင်ကတည်းက ဖြစ်နေတာလား
ဘုရား။
“ဒါတွေက စက်တင်ဘာလ မတိုင်ခင်ကတည်းက၊ စစ်အစိုးရတက်လာကတည်းက
ဒါတွေကို သူတို့ ချုပ်ချယ်ထားတာပဲ။ စက်တင်ဘာ အရေးအခင်းပြီးတဲ့အခါကျတော့
ပိုပြီးတော့ အချုပ်အချယ်များလာတာပေါ့။ မစိုးရိမ်တိုက်က ဆရာတော် ဝေရသူဆိုရင် အခုထက်ထိထောင်မှာပဲ။ သူဆိုရင် ဘာမှမဟုတ်ဘဲ တရားဟောလိုက်လို့ ထောင်ကျ
တာပဲ”
သာသနာ့ဥသျှောင်အဖွဲ့မှာ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ အရှင်
နာယက ပြောသွားခဲ့တာပါ။ ဒေါက်တာ အရှင်နာယကဟာ မကြာသေးခင် ရက်ပိုင်း
အတွင်းကပဲ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံနေရတဲ့ မြန်မာပြည်က သံဃာ
တော်တွေအကြောင်း၊ မြန်မာပြည်သူတွေအကြောင်းကို အမေရိကန်အောက်လွှတ်
တော်မှာ ရှင်းပြမိန့်ကြားခဲ့တာလည်း ရှိပါသေးတယ်။
ဦးဇင်းနဲ့အတူ မြန်မာပြည်တွင်းက ခရစ်ယာန်တွေလည်း ဘာသာရေးလွတ်လပ်မှု
ဆုံးရှုံးနေတဲ့အကြောင်း ရှင်းပြပေးခဲ့သူတဦးကတော့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းဘွေလျန်းမောင်ပဲ ဖြစ်ပါတယ်။
“ကျနော်တို့ချင်းပြည်မှာ ကျမ်းစာ (Bible) တောင်မှ ပုံနှိပ်ထုတ်ဝေလို့ မရပါဘူး၊ ပုံနှိပ်
ခွင့်မရပါဘူး။ ပြီးတော့ ဘုရားကျောင်း (Church) တွေဆိုရင် ၁၉၉၀ နောက်ပိုင်းက
စပြီး ဆောက်လုပ်ခွင့် လုံးဝမပေးတော့ပါဘူး။ ဒါတွင်မက ဘာသာရေးခေါင်းဆောင်
တွေကို သတ်ဖြတ်တာတွေရှိတယ်၊ တနင်္ဂနွေနေ့အစည်းအဝေးတွေကို တချို့နေရာ
တွေမှာ တရားဟောမယ့်ဟာတွေကို အရင်ဆင်ဆာတည်းပြီးတော့ သူတို့ထောက်ခံမှ
ပဲ တရားဟောလို့ရတယ်။ ဘာအဆိုးဆုံးဖြစ်သလဲဆိုတော့ ကျနော်တို့ချင်းပြည်မှာ
ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့အတွက် သင်္ကေတအဖြစ်နဲ့ လက်ဝါးကပ်တိုင်ကို
ရွာထိပ်တွေ၊ တောင်ကုန်းတွေမှာ ထောင်ထားပါတယ်။ အဲဒါတွေတခုပြီးတခု ၁၉၉၀
နောက်ပိုင်း ဖျက်ဆီးတယ်၊ ဖျက်ဆီးတာတင်မက ဗုဒ္ဓဘာသာစေတီတွေ၊ ဘုန်းတော်
ကြီးရုပ်တုတွေနဲ့ အစားထိုးတာ တွေ့ရပါတယ်။ အဲဒါကို ကျနော်တို့ချင်းခရစ်ယာန်တွေ
အနေနဲ့ အင်မတန် ရင်နာကြေကွဲပြီးတော့ အခု သီချင်းတွေစပ်၊ ဗွီစီဒီတွေထုတ်၊ နိုင်ငံတကာမှာဖြန့်ပြီးတော့ ချင်းပြည်သူတွေအနေနဲ့ အင်မတန်မှ ယူကြုံးမရဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်”
ချင်းပြည်သူတွေရင်နာတယ်ဆိုတာက ဗုဒ္ဓဘာသာကို ရင်နာတာလား၊ လုပ်တဲ့
စစ်အစိုးရဘက်ကို ရင်နာတာလား။
“နအဖစစ်အစိုးရက ဗုဒ္ဓဘာသာကို အသုံးချပြီးတော့ နိုင်ငံရေးကိရိယာအဖြစ် အသုံး
ချတာကို သူတို့ရင်နာတာဖြစ်ပါတယ်။ သူတို့သဘောပေါက်ပါတယ်။ ဗုဒ္ဓဘာသာ ဗမာ
လူမျိုးတွေနဲ့ ချင်းခရစ်ယာန်တွေအကြားမှာ ပြဿနာဖြစ်တာမဟုတ်ဘဲနဲ့ သူတို့ရင်နာ
တာက နအဖစစ်အစိုးရအနေနဲ့ မတရား ဘာသာတရား လွတ်လပ်ခွင့်ကို ချိုးဖောက်
ပြီးတော့ နိုင်ငံရေးကိရိယာအဖြစ် အသုံးချပြီးတော့ ခရစ်ယာန်တွေကို နှိပ်ကွပ်တာကို သူတို့ရင်နာတာာဖြစ်ပါတယ်”
ချင်းအမျိုးသား ဆလိုင်းဘွေလျန်းမောင် ပြောပြခဲ့တာပါ။
ပြင်သစ်နိုင်ငံမှာရောက်ရှိနေတဲ့ အစ္စလာမ်ဘာသာဝင် ဦးလှအောင်ကလည်း မြန်မာ
ပြည်က မွတ်ဆလင်တွေ ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့အကြောင်း ဗွီအိုအေကို
ရှင်းပြထားပါတယ်။
“မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်အနေနဲ့ ပြောရမယ်ဆိုရင် ဘယ်ဘာသာမှ လွတ်လပ်ခွင့်ရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီထဲမှာ အစ္စလာမ်ဘာသာကတော့
အဆိုးဆုံးပဲလို့ ပြောရမှာဖြစ်ပါတယ်။ ကျနော်တို့ ဘာသာရေးဆိုင်ရာ လွတ်လပ်စွာ
စုဝေးခွင့်၊ ဟောပြောခွင့်၊ ဘာသာရေး တရားသဘင်ကျင်းပခွင့်၊ ဘာသာရေးဆိုင်ရာ
စာအုပ်စာတမ်း လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေဖြန့်ချိခွင့်၊ ဗလီ၊ ဘာသာရေးစာသင်
ကျောင်းများ ဆောက်လုပ်ခွင့်၊ ပြင်ဆင်မွမ်းမံခွင့် မရှိတဲ့အပြင် အခါအားလျော်စွာ
ဘာသာရေးဆရာများကို ဖမ်းဆီးထောင်ချခြင်းများ အမြဲပြုလုပ်လျက်ရှိပါတယ်။
အဆိုးဆုံးကတော့ ဘာသာအချင်းချင်းကြားမှာ နားလည်မှုလွဲမှားအောင် လုပ်ကြံ
သတင်းတွေလွှင့်၊ ပြီးတော့ ဘာသာရေးအဓိကရုဏ်းတွေ ဖန်တီးပြီး ဘာသာကြားထဲ
မှာ ပြဿနာတွေ ဖန်တီးတာပဲဖြစ်ပါတယ်။ အဲဒါဟာ ကျနော်တို့ဘာသာဝင်တွေ
အတွက်ရော၊ ကျနော်တို့ အနာဂတ် ငြိမ်းချမ်းတဲ့မြန်မာနိုင်ငံအတွက်ပါ အင်မတန်မှ
ကြီးမားတဲ့ အန္တရာယ်တခုသဖွယ်ဖြစ်နေပြီလို့ ကျနော့်အနေနဲ့ သုံးသပ်မိပါတယ်”
အဲလိုဖန်တီးတယ်ဆိုတာက ဘယ်သူတွေက ဖန်တီးတာပါလဲ။
“များသောအားဖြင့် လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရရဲ့ ကိုယ်စားလှယ်တွေ၊ နောက် စစ်အစိုးရကိုယ်တိုင်သည်ပင်လျှင် အဲဒီလို မဟုတ်တဲ့သတင်းတွေလွှင့်ပြီး ဘာသာ
အချင်းချင်းကြားမှာ နားလည်မှုလွဲအောင် ဖန်တီးနေတာပဲဖြစ်ပါတယ်”
ပြင်သစ်နိုင်ငံက မြန်မာမွတ်ဆလင်တဦးဖြစ်တဲ့ ဦးလှအောင် ပြောသွားခဲ့တာပါ။
မြန်မာပြည်မှာ အများစု လူတွေကိုးကွယ်ကြတာက ဗုဒ္ဓဘာသာပါ။ ဒုတိယအများစု
ကိုးကွယ်ကြတာက ခရစ်ယာန်ဘာသာဖြစ်ပြီးတော့ တတိယအနေနဲ့ မွတ်ဆလင်
ဘာသာကိုးကွယ်တဲ့လူတွေလည်း အများကြီးရှိပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ဘာသာရေးလွတ်လပ်မှုတွေ ချိုးဖောက်ခံနေရတယ် ဆိုပေမယ့်လည်း မြန်မာစစ်
အစိုးရ ခေါင်းဆောင်တွေကတော့ အမြဲတမ်းလိုလိုပဲ ဘုရားကျောင်းကန်၊ စေတီပုထိုး
တွေမှာ ဘာသာရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ပုံတွေ၊ ရဟန်းသံဃာတွေကို လှူဒါန်းဆက်ကပ်နေကြတဲ့ ပုံတွေကတော့ မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာ
အမြဲတမ်းလိုလို ဖော်ပြနေကြပါတယ်။