သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ ပဋိညာဉ်ကိုလေးစားရန် မြန်မာစစ်အစိုးရကို အတွင်းရေးမှူးချုပ် တိုက်တွန်း


ဒီဇင်ဘာလ ၁၀ ရက်နေ့မှာကျရောက်ခဲ့တဲ့
လူ့အခွင့်အရေးနေ့မှာ နောက်နှစ် ၂၀၀၈ ခု
ဒီဇင်ဘာမှာ နှစ် ၆၀ ပြည့်မယ့် နိုင်ငံတကာ
လူ့အခွင့်အရေး ပဋိဉာဉ်စာတမ်းကြီး လက်မှတ်
ရေးထိုးမယ့် နှစ်ပတ်လည်ကို တာဆူပြီး တနှစ်
ကြာလှုပ်ရှားမှုကို စတင်မှာဖြစ်ပါတယ်။ လူ့
အခွင့်အရေး ပဋိညာဉ်စာတမ်းကြီးရဲ့ စံထား
ချက်တွေ၊ လူတိုင်းအတွက် တရားမျှတမှုနဲ့
တန်းတူအခွင့်အရေး ရရှိမှုတွေကို နိုးကြားမှု
ရရှိစေဖို့ ဆောင်ရွက်သွားမယ့် လှုပ်ရှားမှုကြီး
လည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ဗွီအိုအေ
သတင်းထောက် Lisa Schlein ဂျီနီဗာကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အခြေစိုက်ရာ ဂျီနီဗာမှာကျင်းပခဲ့တဲ့ ဒီဇင်ဘာ
လ ၁၀ ရက်နေ့မှာကျရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးနေ့မှာ ထိုင်းနိုင်ငံကို
ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-Moon)
က နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ပဋိဉာဉ်စာတမ်းကြီးဟာ လွန်ခဲ့တဲ့ ၅၈ နှစ်က အတည်ပြုခဲ့ချိန်ကအတိုင်း ယနေ့အထိလည်း အကျုံးဝင်နေဆဲ၊ အရေးပါနေဆဲ
ဖြစ်တာ တွေ့ရတယ်လို့ အခုလိုပြောကြားသွားပါတယ်။

“ပဋိဉာဉ်စာတမ်းကြီးမှာထည့်သွင်းထားတဲ့ အခြေခံလူ့အခွင့်အရေးတွေဟာ ယနေ့
တိုင် လူတိုင်းအတွက် လက်တွေ့ကျနေဆဲပဲ ရှိပါသေးတယ်။ အများအားဖြင့် မြင်တွေ့
နေရတာကတော့ အစိုးရတွေအနေနဲ့ သူတို့လိုလိုလားလား လက်ခံလက်မှတ်ရေးထိုး
ခဲ့ကြတဲ့ နိုင်ငံတကာစံထားချက်တွေကို အကောင်အထည်ဖော်ဖို့ နိုင်ငံရေးခံယူချက်၊ စိတ်ဆန္ဒမရှိကြတာ တွေ့ရတယ်” လို့ မစ္စတာဘန်က ပြောသွားတာဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ အခုလို ထိုင်းနိုင်ငံကနေ ဗွီဒီယိုကတဆင့် ဂျီနီဗာကိုပြောကြားခဲ့သလိုပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းဝန်ကြီးချုပ်
ဆူရာယုဒ် ချူလာနွန့် (Surayud Chulanont) နဲ့ မနေ့က ကျင်းပခဲ့တဲ့ ပူးတွဲသတင်း
စာ ရှင်းလင်းပွဲမှာလည်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်က
အခုလို ပြောကြားသွားပါသေးတယ်။

“ဒီကနေ့ဟာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေး ပဋိဉာဉ်
စာတမ်းကြီးကို လက်မှတ်ရေးထိုးခဲ့တဲ့ ၅၉ ကြိမ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်ပါ
တယ်။ ဒီကနေ့ကစလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေး မဟာမင်း
ကြီးတို့အပါအဝင် ကမ္ဘာတဝန်း လူ့အခွင့်အရေးလှုပ်ရှားမှုကို ကုလသမဂ္ဂစနစ်တရပ်
လုံးမှာ စတင်ဆောင်ရွက်သွားမှာပါ” လို့ အတွင်းရေးမှူးချုပ်က ပြောကြားပြီး လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်မှုကြောင့် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှု တနေ့တခြား
တိုးပြီးခံနေရတဲ့ မြန်မာစစ်အစိုးရကိုလည်း အခုလို မစ္စတာဘန်က တိုက်တွန်း
ပြောကြားသွားပါတယ်။

“ဒါ့ကြောင့် မြန်မာအာဏာပိုင်တွေကို ကျနော့်အနေနဲ့ ထပ်ပြီးတိုက်တွန်းချင်တာက
တော့ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းကြီးရဲ့မူတွေ၊ စည်းမျဉ်းဥပဒေတွေကို အပြည့်အ၀ ရိုသေလေးစားလိုက်နာပါ ဆိုတာပါပဲ။ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေနဲ့လည်း
အပြည့်အဝဆက်ဆံပါ၊ ဒီမိုကရေစီကိုလည်း အပြည့်အ၀ အကောင်အထည်ဖော်ပါ၊ လူ့အခွင့်အရေးကိုလည်း အပြည့်အ၀ ထောက်ခံအားပေးပါ” လို့ မစ္စတာဘန်ကီမွန်း
က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပြောကြားသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စက်တင်ဘာလက လောင်စာဆီဈေးနှုန်းအခြေခံပြီး ဖြစ်ပွား
ခဲ့တဲ့ ရဟန်းရှင်လူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို မြန်မာအာဏာပိုင်တွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့ခြင်းအပြီး ဆက်လက်လည်း ဖမ်းဆီးမှုတွေ၊ နှိပ်ကွပ်မှုတွေ
ရှိနေတဲ့အပြင် အမျုးိသားပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရာမှာလည်း လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ အခြေအနေကြောင့် ကုလသမဂ္ဂအပြင် နိုင်ငံတကာက စိတ်မရှည်နိုင်တော့တဲ့အနေအထားမျိုးမှာ ရှိနေတယ်လို့လည်း မစ္စတာဘန်က သတင်းထောက်တွေကို ပြောကြားသွားပါသေးတယ်။

“နိုင်ငံတကာလူ့အဖွဲ့အစည်းအနေနဲ့ ကြာကြာစိတ်မရှည်နိုင်တော့ဘူးလို့ ကျနော် ပြောခဲ့တဲ့အတိုင်းပါပဲ။ မြန်မာအာဏာပိုင်တွေအနေနဲ့ ဒါကို လေးလေးနက်နက် ခံယူ သဘောပေါက်ကြလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေ
နဲ့ အထီးကျန်အဖြစ် ဝိုင်းပယ်ခံနေရတာ ကြာလှပါပြီ။ ဒါကြောင့် မြန်မာအာဏာပိုင်
တွေအနေနဲ့ ကိုယ့်နိုင်ငံသားတွေ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ခံစားနိုင်ခွင့်
ရကြပြီး နိုင်ငံတကာလူ့အဖွဲ့အစည်းမှာရော၊ ဒေသန္တရအတွင်းမှာရော၊ နိုင်ငံတကာ အတိုင်းအတာနဲ့ရော တကယ်ပဲ ပူးပေါင်းဆက်ဆံသွားနိုင်ကြဖို့ အချိန်တန်ပါပြီ။
ဒီလိုဖြစ်လာဖို့ နိုင်ငံတကာက မျှော်လင့်စောင့်စားနေကြတာပါ” လို့ အတွင်းရေးမှူး
ချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

ဒီအတောအတွင်း ဂျီနီဗာမှာတော့ လူ့အခွင့်အရေးမဟာမင်းကြီး လူးဝစ်စ်အာဘာ
(Louise Arbour) က နိုင်ငံလူ့အခွင့်အရေး ပဋိဉာဉ်စာတမ်းကြီးမှာ ပါရှိတဲ့အတိုင်း
စံထားချက်တွေနဲ့ အခြေခံမူတွေကို လေးစားလိုက်နာကြဖို့ မစ္စတာဘန်ရဲ့ တိုက်တွန်း
ချက်ကို ပဲ့တင်ထပ်ပြောဆိုသွားပါတယ်။ ပဋိဉာဉ်စာတမ်းပါအချက်တွေဟာ အနောက်တိုင်းယဉ်ကျေးမှုရဲ့ ရလဒ်တွေမဟုတ်ကြောင်း၊ ယဉ်ကျေးမှုပေါင်းစုံနဲ့ အသုံး
တည့်တဲ့ နိုင်ငံတကာအခြေခံမူတွေ ဖြစ်တဲ့အကြောင်းလည်း မစ္စအာဘာက
သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“အခြေခံမူတွေကိုဖော်ထုတ်ရာမှာ လူ့အဖွဲ့အစည်းအမျိုးမျိုးက ရိုးရာဓလေ့၊ ယဉ်ကျေး
မှု၊ ကိုးကွယ်တဲ့ဘာသာတွေရဲ့ စံထားချက်တွေအပေါ်မှာ မူတည်မှာဖြစ်ပါတယ်။ ဒါပေ
မယ့် အခုလိုမူတည်တိုင်းလည်း အခြေခံမူတွေကို ပစ်ပယ်တဲ့အဆင့်အထိတော့
မရောက်သင့်ပါဘူး။ ဥပမာ လူတိုင်းဟာ မွေးရာပါအခွင့်အရေးတွေ ရှိကြပါတယ်။
သာတူညီမျှ၊ လွတ်လပ်တဲ့အခွင့်အရေးတွေ ခံစားခွင့်တွေရှိသလို လူ့ဂုဏ်သိက္ခာနဲ့
အညီလည်း နေထိုင်နိုင်ခွင့်ရှိကြရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို ယဉ်ကျေးမှု၊
ဘာသာ၊ အစဉ်အလာအရ မလိုက်နာနိုင်ဘူး ဆိုတာကိုတော့ သူ့အနေနဲ့ လုံးဝ
လက်မခံနိုင်ပါဘူး” လို့ မစ္စအာဘာက ပြောသွားတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ပဋိဉာဉ်စာတမ်းပါ လူ့အခွင့်အရေးရဲ့မူတွေနဲ့ စံထားချက်တွေနဲ့
ပတ်သက်လို့ လူတိုင်းသိရှိ နိုးကြားကြရလေအောင် နောင်နှစ် သက္ကရာဇ် ၂၀၀၈ ခု
ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ပဋိဉာဉ်စာတမ်းကြီးရဲ့ နှစ် ၆၀ အထိမ်း
အမှတ်နေ့အထိ ကုလသမဂ္ဂကကြီးမှူးပြီး လှုပ်ရှားဆောင်ရွက်သွားမှာဖြစ်တယ်
လို့လည်း အတွင်းရေးမှူးချုပ် မစ္စတာဘန်က ပြောခဲ့ပါတယ်။

XS
SM
MD
LG