သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဒေသတွင်း သောက်သုံးရေပြဿနာမကြုံစေရန် ရေအရင်းအမြစ်ကို စနစ်တကျစီမံခန့်ခွဲရန်လိုဟုပြော


အာရှဒေသမှာ သောက်သုံးရေလိုအပ်မှု ပြဿနာ မကြုံတွေ့ရအောင် ဒေသတွင်း
အစိုးရတွေအနေနဲ့ ရေအရင်းအမြစ် စီမံခန့်ခွဲတဲ့နည်းကို တိုးတက်အောင်လုပ်ဖို့လို
တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က သတိပေးပြောဆိုလိုက်ပါတယ်။ ဗွီအိုအေသတင်း
ထောက် ဂလိုရီယာ ဘလိုးမင်း ဟောင်ကောင်ကနေပေးပို့တဲ့သတင်းကို မအေးသန္တာ
ကျော်က တင်ပြထားပါတယ်။

အာရှဒေသတွင်း လျှင်လျှင်မြန်မြန် လူဦးရေများပြားလာမှုတွေ၊ မြို့ပြတည်ဆောက်မှု
တွေနဲ့ စက်မှုဇုန်တည်ဆောက်မှုတွေအပြင် ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဒေသ
တွင်းမှာ ရေအရင်းအမြစ် စီမံခန့်ခွဲပုံကို အထူးသတိထားရတော့မယ်လို့ အာရှဖွံံ့ဖြိုး
ရေးဘဏ် (ADB) ကပြောသွားပါတယ်။ အဓိကစိုးရိမ်ရတဲ့အချက်ကတော့ ရေရှားပါးမှု
မဟုတ်ပါဘူး။ ရေအရင်းအမြစ်ကို ဘယ်လိုမျိုး စီမံခန့်ခွဲလဲဆိုတာပါလို့ ADB ရဲ့
ရေပေးဝေမှုဆိုင်ရာ ဝါရင့်ကျွမ်းကျင်သူ ကေအီး ဆီသရမ်က ပြောပါတယ်။

မြို့ပြတွေကအသုံးပြုပြီး စွန့်ထုတ်လိုက်တဲ့ ရေညစ်တွေဟာ ပြန်မသန့်စင်ဘဲနဲ့ မြစ်
ချောင်း အင်းအိုင်တွေကို စီးဆင်းဝင်ရောက်သွားလေ့ရှိတာပါ။ ရေပေးဝေမှုစနစ်က
လည်း သိပ်စိတ်ချလို့မရဘဲနဲ့ လိုအပ်တဲ့ရေက တတိုင်းပြည်လုံးစီကို မရောက်ပါဘူး။ ကြားမှာယိုဖိတ်မှုတွေနဲ့ ရေပမာဏ အများကြီးဆုံးရှုံးရပါတယ်။ ဒီပြဿနာအများစု
ကတော့ သောက်သုံးရေစီမံခန့်ခွဲမှုအပိုင်းမှာ ညံ့ဖျင်းလို့ဖြစ်ရတာ၊ နေရာတော်တော်
များများမှာက ရေပေးဝေမှုနဲ့ အညစ်အကြေးစွန့်ထုတ်မှုစနစ်ကို စနစ်တကျနဲ့ မကိုင်
တွယ်ဘဲ စည်ပင်သာယာက အလကားလုပ်ပေးတဲ့ ဝန်ဆောင်မှုတခုဖြစ်နေတာလို့
မစ္စတာ ဆီသရမ်က ပြောပါတယ်။

“အကြမ်းဖျဉ်းပြောရရင်တော့ လုပ်ပုံကိုင်ပုံက သပ်သပ်ရပ်ရပ်မရှိပါဘူး။ ဒီတော့
နောက်ပိုင်းက ပြုပြင်ထိန်းသိမ်းရေးအပိုင်းမှာလည်း လစ်ဟင်းမှုတွေရှိတယ်၊ ဒီတော့
ဝင်ငွေလည်းသိပ်မရှိဘူး။ ဝန်ထမ်းတွေအနေနဲ့လည်း စိတ်ဓာတ်တက်ကြွစရာမရှိဘူး
ဖြစ်နေတာပါ။ ဘတ်ဂျက်ကလည်းနည်းတော့ လုပ်ငန်းကို အကောင်းဆုံး ထိန်းသိမ်း
လုပ်ကိုင်ဖို့ ငွေအင်အား၊ လူအင်အား မရှိပါဘူး။ တဖက်ကလည်း လူတွေ service ကောင်းကောင်းမရကြဘူးဆိုတော့ ဒီအတွက် ငွေကုန်မခံချင်ဘူးပေါ့။ ဒီမှာတင်
သံသရာတပတ် လည်ပြန်ပါရော”

အစိုးရတွေအနေနဲ့ တခြားလုပ်ငန်းတွေနည်းတူ ဒီကိစ္စကို ကိုင်တွယ်သင့်တယ်လို့
လည်း သူက ဆက်ပြောပါတယ်။ သောက်သုံးရေဖြန့်ဖြူးမှုနဲ့ ရေညစ်ကို ပြန်သန့်စင်မှု
တွေကို တခြားအမြတ်ရတဲ့လုပ်ငန်းတွေအတိုင်း လုပ်သင့်ပါတယ်။ စားသုံးသူကို အဓိ
ကဦးစားပေးရတဲ့ စီးပွားရေးလုပ်ငန်းတခုအတိုင်း လုပ်ကိုင်သင့်ပါတယ်လို့ သူက ယုံကြည်ထားပါတယ်။

အာရှက တချို့မြို့တွေမှာဆိုရင်တော့ အများကြီးတိုးတက်မှုတွေရှိပါပြီလို့လည်း သူက
ပြောပါတယ်။ သူက ဖိလစ်ပိုင်မြို့တော် မနီလာကို ဥပမာပေးထားပါတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကဆိုရင် ရေပေးဝေတဲ့စနစ် သေချာမရှိသေးပါဘူး။
တနေ့ကို ၂ နာရီလောက်ပဲ ရေပေးနိုင်တယ်။ ကြားထဲမှာ အယိုအဖိတ်လည်း ၇၀
ရာခိုင်နှုန်းလောက် ရှိပါတယ်။ အခုတော့ မြို့တဝက်လောက်က ရေကို အချိန်ပြည့်ရ
တယ်။ ရေအယိုအဖိတ်ကလည်း ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်။ သူတို့ ဒီလို
သေချာအောင်လုပ်နိုင်တာဟာ သိပ်တော်ပါတယ်”

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်ကလည်း မနီလာမြို့တော်လိုပဲလို့ မစ္စတာ ဆီသ
ရမ်က ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာကို မြို့အာဏာပိုင်တွေက
ရေကြားက ယိုဖိတ်မှုကို အများကြီးလျှော့ချနိုင်ခဲ့တာ ၉၀ ရာခိုင်နှုန်း အယိုအဖိတ်
ကနေ အခု ၁၀ ရာခိုင်နှုန်းတောင် မယိုဖိတ်တော့ပါဘူးလို့လည်း ပြောပါတယ်။ ဒါပေ
မယ့်လည်း ဒေသတွင်း ရေပြတ်လပ်သွားမယ့်ကိစ္စကိုတော့ ပညာရှင်တွေက မစိုးရိမ်
နေပါဘူး။

“အခုဆို ကျနော်တို့ရဲ့ နည်းပညာတွေကလည်း သိပ်တိုးတက်နေပါပြီ။ သုံးပြီးသား
ရေထဲကနေ ရေကို ပြန်သန့်စင်ယူလို့ ရပါပြီ။ ပင်လယ်ရေကိုလည်း သောက်သုံးရေ
ဖြစ်အောင် လုပ်ယူလို့ရပါပြီ။ ရေညစ်ကို ရေသန့်ဖြစ်အောင်လုပ်ဆောင်ဖို့ ခေတ်မီ
နည်းမျိုးစုံ ပေါ်ထွက်နေပါပြီ” လို့ မစ္စတာ ဆီသရမ်က ပြောသွားပါတယ်။

အာရှမှာ ရေသန့်ရရှိမှုမှာ တိုးတက်မှုတွေရှိဖို့အတွက်က ရေဆိုတာ အလကားရတယ်
လို့ မှတ်ယူထားကြတဲ့လူတွေရဲ့ ခံယူချက်ကို ပြောင်းပစ်ဖို့ အဓိကပါပဲလို့ မစ္စတာ
ဆီသရမ်ကပဲ ပြောသွားပါတယ်။

XS
SM
MD
LG