သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက Cape Town တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်


နေအိမ်မှာအကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံနေ
ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်ကို ဒီဇင်ဘာ ၁၀ ရက်၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ တောင်အာဖရိကနိုင်ငံ
Cape Town တက္ကသိုလ်ကြီးက ဥပဒေဂုဏ်ထူး
ဆောင်ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

တောင်အာဖရိကအစိုးရရဲ့ မြန်မာပြည်အပေါ်မှာ အရင်ကထားခဲ့တဲ့ သဘောထားတွေဟာ မှန်ကန်
မှုမရှိဘဲ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသင့်တယ်
ဆိုတာ ထောက်ပြချင်တဲ့သဘောနဲ့ အခုလို
ဒီဘွဲ့ကိုပေးလိုက်တာလို့ တောင်အာဖရိကနိုင်ငံမှာ
မြန်မာ့အရေးဆောင်ရွက်နေတဲ့ Free Burma Campaign အဖွဲ့က ပြောလိုက်ပါတယ်။ အဲဒီဂုဏ်ထူးဆောင်ဘွဲ့နှင်းသဘင်ကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဒေါက်တာသိန်းဝင်း
ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။

“တောင်အာဖရိက Cape Town တက္ကသိုလ်က ဥပဒေဆိုင်ရာ ပါရဂူဂုဏ်ထူးဆောင်
ဘွဲ့ကို ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ညနေ
၆ နာရီ အခမ်းအနားမှာ ပေးတာဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်အတွက်ပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို တောင်အာဖရိက ဘုန်း
တော်ကြီး ဒက်စ်မွန်တူးတူးက လက်ခံယူတယ်လို့သိပါတယ်။ အဲဒီမှာ သူ ဆုလက်ခံ
ယူရင်းနဲ့ ဘာတွေပြောသွားပါသေးလဲ။
“ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မှ ထူးခြား တဲ့ပုဂ္ဂိုလ်တယောက် ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ပြီးတော့ သူ့ရဲ့ အကြမ်းမဖက်တဲ့နည်း
နဲ့ ငြိမ်းချမ်းစွာတိုက်ပွဲဝင်တာဟာ ကျနော်တို့တတွေ လူသားဖြစ်ရတာကို ဂုဏ်ယူစရာ
ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ပေးတယ်ဆိုတဲ့အကြောင်း၊ တောင်အာဖရိ
ကနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား
တွေ လွတ်မြောက်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ လွတ်မြောက်ရေးတိုက်ပွဲကို ပူးပေါင်း
ပြီးတော့ပါဝင်ကြဖို့၊ တကယ့်အစစ်အမှန် ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အပါ
အဝင် ပါသင့်ပါထိုက်တဲ့လူတွေနဲ့ ဆွေးနွေးဖို့၊ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံးရဲ့သဘောတူညီချက်အတိုင်း ဆွဲပြီးတဲ့နောက်ပိုင်းကျမှ ရွေးကောက်ပွဲကို ပြန်လုပ်မယ်ဆိုရင်လည်း အပြည်ပြည်ဆိုင်ရာရဲ့ အုပ်ချုပ်မှုအောက်မှာ ပြုလုပ်ဖို့ဆိုပြီး ပြောသွားပါတယ်။

“နောက်အရေးကြီးတာတခုကတော့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေဟာ
မြန်မာနိုင်ငံ ဒီမိုကရေစီကိစ္စကို ဒီ့ထက်တိုးပြီးတော့ အသေအချာ အကူအညီပေးဖို့
လိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့၊ ဒါကို အဓိကပြောသွားပါတယ်။ နောက်ထပ်တခု
သူဖြည့်ပြောသွားတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မာဒီးဘားအော့ဖ်ဘားမား
ဆိုပြီး ပြောသွားပါတယ်။ မာဒီးဘားဆိုတာကတော့ ဒီမှာခေါ်တဲ့အသုံးအနှုန်းပါ။
အေးရှားမင်ဒဲလားဆိုတဲ့အဓိပ္ပာယ်ပါ။ မင်ဒဲလားကို ဒီမှာ ချစ်စနိုးနဲ့ ဘိုးဘိုးလို့ပြောသ
လိုပဲပေါ့နော်”

တောင်အာဖရိက Cape Town တက္ကသိုလ်နဲ့ပတ်သက်ပြီး နည်းနည်းပြောပြပေးပါ။
“Cape Town တက္ကသိုလ်က တောင်အာဖရိကမှာ ပထမဆုံး အထင်ကရဖြစ်ခဲ့တဲ့
တက္ကသိုလ်ကြီး၊ အသားအရောင်ခွဲခြားမှု တိုက်ပွဲကာလက စွမ်းစွမ်းတမံ ပြည်သူလူထု
နဲ့အတူ တိုက်ပွဲဝင်အစဉ်အလာရှိတဲ့ တက္ကသိုလ်တခုဖြစ်ပါတယ်။ Cape Town တက္က
သိုလ်ကနေပြီး Free Burma Campaign ကို မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ကိုယ်စား
ကျနော်တို့ကို ဖိတ်ကြားတာဖြစ်ပါတယ်။ ကျနော်တို့ကနေပြီးတော့ Cape Town
တက္ကသိုလ်ကိုရော၊ တောင်အာဖရိက ပြည်သူလူထုကိုရော၊ ကျနော်တို့ရဲ့ Father
Archbishop ဒက်စ်မွန်တူးတူးကိုရော ကျေးဇူးတင်တဲ့အကြောင်း၊ ဒက်စ်မွန်တူးတူးဟာ ကျနော်တို့မြန်မာနိုင်ငံ လွတ်မြောက်ရေးတိုက်ပွဲရဲ့ သူရဲကောင်းဖြစ်ပါတယ်။

“ကျနော်တို့နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်တင်မကဘဲ သန်း ၅၀ သောပြည်သူလူထု
ဟာ ကိုယ့်နိုင်ငံအတွင်းမှာ ပြန်ပြီး အကျဉ်းကျနေတဲ့အတွက် အားလုံးကနေပြီး ကူညီ
ပေးပါဆိုပြီး ပြောလိုက်တော့ ၁၅၀၀ လောက်ပရိသတ်တွေရဲ့ လက်ခုပ်သံဟာ ဘွဲ့နှင်း သဘင်ခန်းမကြီးတခုလုံးမှာ ညံသွားပါတယ်။ အဲဒါပြီးတဲ့အခါမှာ ကျနော်တို့ဆီကနေ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို လာတက်ရောက်တဲ့ လူကြီးတွေကိုယ်တိုင်က သူတို့ ကိုပေးခဲ့ဖို့တောင်းလို့ ကျနော်တို့ ပေးခဲ့ရပါတယ်။ နောက် ကျောင်းသူကျောင်းသား
တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စတစ်ကာတို့ ရင်ထိုးတို့ကို အမှတ်တရလိုချင်
တယ်ဆိုလို့ ကျနော်တို့ ပေးခဲ့ရပါတယ်”

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို Sanction ချ အရေးယူမယ်ဆိုတုန်းက တောင်အာဖရိ
ကနိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာ့အမြင် ဘယ်လိုရှိပါသလဲ။

“နှစ်အစပိုင်းမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်
ခဲ့တဲ့အထဲမှာ တောင်အာဖရိကနိုင်ငံက ပါခဲ့ပါတယ်။ သူတို့ အဲဒီအချိန်ကပြောတာ
တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကို သူတို့ထောက်ခံတယ်။ သို့သော်လည်း
လုပ်ငန်းသဘောဆိုင်ရာအရ မဆီလျော်တဲ့အတွက်ကြောင့် သူတို့ကန့်ကွက်ပါတယ်
ဆိုပြီး ပြောပါတယ်။ သို့သော် ကျနော်တို့အမြင်တင်မကပါဘူး၊ တောင်အာဖရိက
နိုင်ငံသားတွေရဲ့ အမြင်အရ ဒါကို လက်မခံကြပါဘူး။

“ကျနော်မှတ်မိသလောက်ပြောရရင် အဲဒီဆုံးဖြတ်ချက်လည်း ထွက်လာပြီးရော တလ
အတွင်းမှာ တောင်အာဖရိကမှာရှိတဲ့ သတင်းစာတွေထဲမှာ ၉၇ ခု သတင်းနဲ့ ဆောင်းပါးတွေထွက်လာတယ်။ ထွက်လာတဲ့အထဲမှာ ၉၄၊ ၉၅ ခုလောက်က တောင် အာဖရိကအစိုးရရဲ့လုပ်ဆောင်ချက်က မဟုတ်ဘူးဆိုပြီး ဝေဖန်ကြတာတွေကို တွေ့ရ
ပါတယ်။

“ပြီးခဲ့တဲ့နှစ်လတုန်းက နအဖရဲ့ သံဃာတော်တွေနဲ့တကွ ပြည်သူလူထုကို ချေမှုန်းတဲ့
အချိန်မှာ တောင်အာဖရိကနိုင်ငံက ဒုတိယနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ
သံအမတ်ကို ဆင့်ခေါ်ပြီးတော့ ဒီလိုလုပ်တာတွေကို ရပ်တန်းကရပ်ဖို့ ကိုယ်တိုင်ခေါ်
ပြောတာမျိုး သိရပါတယ်။ နောက် အဲဒါနဲ့တဆက်တည်းမှာပဲ တောင်အာဖရိနိုင်ငံ
အစိုးရရဲ့ အာဖရိကန် နေရှင်နယ်ကွန်ဂရက်ကလည်း ဒီအပေါ်မှာ ရပ်တန်းကရပ်ဖို့၊
ဒီလိုလုပ်တာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်ဆိုတဲ့အကြောင်း ကြေညာချက်
ထုတ်တာကို တွေ့ရပါတယ်”

အခုလိုမျိုး အစိုးရကိုယ်တိုင်ပါလာပြီး မြန်မာနိုင်ငံအရေးကို စပြီးလုပ်ဆောင်လာတဲ့
အခါမျိုးမှာ Cape Town တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးတယ်ဆိုတော့ ဒါနဲ့ဆက်နွယ်မှုရှိနိုင်ပါသလား။

“အပြန်အလှန် နှစ်မျိုးဆက်နွယ်နိုင်ပါတယ်။ Cape Town တက္ကသိုလ်က နိုင်ငံသူ
နိုင်ငံသားတွေကို ကိုယ်စားပြုတဲ့ ပညာရှင်တွေအနေနဲ့ ဒီလိုလုပ်ခဲ့တာတွေဟာ မမှန်
ဘူး၊ ဒါဟာ ဂုဏ်ပြုသင့်တယ်ဆိုတာမျိုး ပြန်ပြောတဲ့သဘောမျိုးလည်း ယူဆလို့ရပါ
တယ်။

“နောက်တခုကလည်း ဒီလို အစဉ်အလာရှိတဲ့တက္ကသိုလ်တွေကနေပြီး ပေးတာကို
အစိုးရအနေနဲ့ သိတဲ့အခါမှာလည်း သူတို့လုပ်ရပ်က မဟုတ်ဘူး၊ ပြည်သူလူထုနဲ့ ပညာ
ရှင်များက ထောက်ပံ့နေတယ်ဆိုတာကို သိတဲ့အတွက် သူတို့ရဲ့လုပ်ရပ်မှာလည်း
အခုလို ပြောင်းလဲလာတာလေးတွေရှိလာတာကို တွေ့ရတော့ အပြန်အလှန်အားဖြင့် ထိရောက်မှုရှိတယ်လို့ ပြောရမှာပါ။ ဒါဟာ အင်မတန် ဂုဏ်ထူးဆောင်တက္ကသိုလ်တခု
ဖြစ်တဲ့အပြင် ပညာရှင်တွေအများကြီး စုဝေးတဲ့နေရာကနေပြီး ဂုဏ်ပြုလိုက်တာဖြစ်
တဲ့အတွက် တောင်အာဖရိကနိုင်ငံ အစိုးရအနေနဲ့လည်း ပိုပြီးတော့ ပြောင်းလဲပြီး
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးအပေါ် မှာ ပါဝင်လာမယ့်လို့ ကျနော်တို့ ယူဆပါတယ်”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG