သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာပင်ညဲရိုးရဲ့ အစီရင်ခံစာအပေါ် အတိုက်အခံ အင်အားစုတွေရဲ့ တုန့်ပြန် ပြောဆိုချက်များ


ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေအပေါ် သဘောတူတာတွေ၊ ကန့်ကွက်တာတွေ ထွက်ပေါ်နေချိန်မှာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ သဘောထားအမြင်တွေက ဘယ်လိုရှိပါသလဲ။ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကို ဆက်သွယ်မေးမြန်းပြီး ကိုအောင်လွင်ဦး က တင်ပြ ထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး က မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက နှိမ်နင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သေကြေထိခိုက်မှု အစီရင်ခံစာ တင်သွင်းရင်း လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့တာပါ။ ပါမေက္ခ ဆာဂျီယို ပင်ညဲရိုး တင်ပြခဲ့သလို လူ့အခွင့်အရေးအခြေအနေတွေဟာ ဆုတ်ယုတ်မှုတွေရှိနေတယ်လို့ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေကလည်း ပြောနေကြတာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကတော့ -

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတော့ ကျနော်တို့မမြင်ဘူးဗျ။ လူ့အခွင့်အရေးချိုးဖောက် ခံနေရ တာကိုပဲ နေ့တဓူဝကြားနေရတယ်။ အဲဒီတော့ တိုးတက်တယ်ဆိုတာ ပြောယုံနဲ့မပြီးဘူးပေါ့ဗျာ၊ အလုပ်နဲ့ သက်သေပြဖို့လိုတယ်လို့ အဲဒီလိုပဲ မှတ်ချက်ပေးချင်ပါတယ်။”

ပါမောက္ခ ပီညဲရိုး ရဲ့ အစီရင်ခံစာကတော့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၃၁ ယောက် သေဆုံးပြီး ၇၄ ယောက် ပျောက်ဆုံးနေတယ်၊ ၆၅၀ ဟာလည်း ထိမ်းသိမ်းခံနေရတယ်လို့ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း သူ့ရဲ့ စုံစမ်းစစ်ဆေးမှု ကို ကျယ်ကျယ်ပျံ့ပျံ့ လုပ်ခွင့်မရတာကြောင့်လည်း ဒီကိန်းဂဏန်းတွေအပေါ် သံသယတွေက ရှိနေကြဆဲပါ။ ဦးဉာဏ်ဝင်း က ဆိုရင် -

“ကိန်းဂဏန်းတွေက ကွာဟနိုင်တယ်။ ကျနော်တို့ကိုယ်တိုင်လည်း မသိဘူးဗျ။ အခု မစ္စတာ ပင်ညဲရိုးပြောတဲ့ ၃၁ ယောက်၊ သူကခန့်မှန်းတာပေါ့လေ။ အဲဒီတော့ ဒီထက်ပိုချင်လည်း ပိုမှာပဲဗျ၊ ဒါက ပွင့်လင်းမှုမရှိတဲ့နေရာမှာ ဒီလိုပဲ အချက်အလက် ကွာဟမှုတွေကတော့ ဖြစ်နေမှာပဲ။ ပွင့်ပွင့်လင်းလင်းရှိလို့ရှိရင် ဒါတွေက ဒွိဟဖြစ်စရာမလို ဘူးဗျ၊ Inquiry (စုံးစမ်း စစ်ဆေးရေး) ဖွဲ့လိုက်ရင် အကုန်လုံးပေါ်လာမှာပဲ။ အရေးကြီးတာက ပွင့်လင်းမှုမရှိလို့ ပေါ့။”

အလားတူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင် ကလည်း အဖြစ်မှန်တွေကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။

“အခု မစ္စတာ ပင်ညဲရိုး ဒီ လူ့အခွင့်အရေးအစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ အဲဒီအထဲမှာဖော်ပြခဲ့တဲ့ သေဆုံးသူ အရေအတွက်ဟာ အဲဒီထက် အများကြီးပိုလိမ့်မယ်လို့ ကျနော်တို့ အဲဒီလို ယုံကြည်ထားတယ်။ အဲဒီတော့ ပြောချင်တာက သေဆုံးတဲ့လူအရေအတွက်ဟာ ဘယ်လောက်လဲဆိုတာကို ကျနော်တို့ အညင်းအခုန် ဖြစ်မနေ ကြပဲနဲ့ နအဖအစိုးရအနေနဲ့ အမှန်တရားကို ရင်ဆိုင်ရဲတယ်၊ အမှန်တရားကို ဖော်ထုတ်ချင်ပါတယ်ဆိုလို့ရှိရင် တိုင်းပြည်မှာ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပဲဗျာ စုံစမ်းရေးကော်မရှင်ဖွဲ့ခွင့်ပေးလိုက်၊ အဲဒါဆိုလို့ရှိရင် အမှန် တရားက မျက်ဝါးထင်ထင်ပေါ်လာမှာပဲ၊ ဒါရှင်းပါတယ်။ နောက်ပြီးတော့ အာဆီယံ ဒေသတွင်း နိုင်ငံတွေအနေနဲ့ လည်း မျက်စိစုန်မိတ်ပြီးတော့ တဖက်သတ် ပြည်သူကိုဖိနှိပ်ချင်တိုင်း ဖိနှိပ်နေတဲ့အစိုးရဖက်ကနေပြီးတော့ ရပ်တည်နေတာဟာ အဲဒီနိုင်ငံတွေရဲ့ ဂုဏ်သိက္ခာကို မထိန်းသိမ်းနိုင်တဲ့အပြင် သူတို့ပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေအပေါ်မှာလည်း လူသားချင်း မစာနာရာ ရောက်ပါတယ်။ အဲဒီတော့ အာဆီယံနိုင်ငံတွေကို ကျနော်ပြောချင်တာက ကျနော်တို့တိုင်းပြည်အတွင်းမှာ ဖြစ်နေတဲ့အခြေအနေ မှန်တွေကို စစ်စစ်မှန်မှန်သိချင်တယ်ဆိုလို့ရှိရင် ကုလသမဂ္ဂကြီးကြပ်ပြီးတော့ စုံးစမ်းရေးကော်မရှင်တခုကို ဖွဲ့ခွင့်ပေးပါ။ အဲဒါဆိုလို့ရှိရင် အမှန်တရားဟာ ပေါ်လာပါလိမ့်မယ်။ ဒါကို ကျနော် ပြောချင်တယ်။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအကြောင်း ဆွေးနွေးရာမှာ ကမ္ဘောဒီးယား နိုင်ငံကတော့ မြန်မာနိုင်ငံဟာ တိုးတက်မှုတွေ လုပ်ဆောင်နေပါတယ်ဆိုပြီးတော့ ကာကွယ်ပြောဆိုသွားပါသေးတယ်။ ဒီအပေါ် ဦးဉာဏ်ဝင်း နဲ့ ကိုထွန်းမြင့်အောင် တို့က ပြောဆိုရာမှာတော့ -

“ကမ္ဘောဒီးယားအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စ၊ သူ့နိုင်ငံကကိစ္စကို သူပြန်ပြီးတော့ပြောမယ်ဆိုရင် ဒါ သူ့ကိစ္စပေါ့။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးပြောတာကတော့ ကျနော်တို့အမြင်မှာတော့ မြန်မာနိုင်ငံပြည်တွင်းရေးမှာ အတင်း စွက်ဖက်တယ်လို့ပဲ မြင်တယ်ဗျ။”

“ကမ္ဘောဒီးယားအစိုးရပြောသလို သူဟာ အပြောင်းအလဲကိုလုပ်မယ်၊ မလုပ်ဖူးဆိုတာ အခုကတည်းကကို တော်တော် ထင်ထင်ရှားရှားဖြစ်နေပြီဗျာ။ ပြီးတော့ ဖမ်းဆီးမှုတွေကလည်း ကနေ့ထက်ထိကို ရပ်မသွားသေးဘူး။ အဲဒီတော့ ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့က မသေချာတဲ့၊ မရေရာတဲ့အနာဂတ်ကို မြန်မာပြည်သူ ပြည်သား တွေက လည်စင်းခံနေရသလို ဖြစ်နေတယ်။ ဒါကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးက သဘောပေါက်သင့်ပါတယ်။ မစ္စတာ ဂမ်ဘာရီ လာတယ်၊ မစ္စတာ ပင်ညဲရိုး လာတယ်၊ ဘာတိုးတက်မှုမှမရှိတဲ့အပြင်၊ ဟုတ်လား၊ သတင်းစာ ရှင်းလင်းပွဲမှာလည်း သူတို့အခိုင်အမာကို ပြောသွားပြီးသွားပြီ၊ Road Map (လမ်းပြမြေပုံ) ၇ ချက်အတိုင်း ဆက်သွားမယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ ပင်ညဲရိုးရဲ့ တင်ပြချက်တွေအပေါ် အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း နဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင် တို့က သူတို့ရဲ့ သဘောထားအမြင်တွေကို ပြောပြ သွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG