ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပင်ညဲရိုး အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကြောင့် မြန်မာ့နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ တကမ္ဘာလုံးမှာ ထပ်ပြီး ပြောကြဆိုကြရတဲ့အခြေ ထပ်ရောက်လာပါတယ်။ ဒါပေမယ့် တကယ်တမ်း အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်လိုက်၊ စုံစမ်းလိုက်၊ အစီရင်ခံစာတင်လိုက် ဆိုတာနဲ့တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒီအတွက် မြန်မာနိုင်ငံမှာ အရှည်သဖြင့် လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့် စစ်ဆေးနိုင်မယ့် ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ ထားဖို့လိုမယ်လို့ မြန်မာ့ လူ့အခွင့် အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ မစ္စတာ ပင်ညဲရိုးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံကိစ္စ နိုင်ငံတကာမှာ ဘယ်လောက်အထိ အရေးတယူ ဖြစ်လာနိုင်သလဲ ဆိုတာကို အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည် ကို ဦးသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုဘိုကြည်ရေ အရင်ဆုံးအနေနဲ့ အခု မစ္စတာ ပင်ညဲရိုးရဲ့ မြန်မာ့လူအခွင့်အရေး အစီရင်ခံစာနဲ့ အေအေပီပီက ရရှိခဲ့တဲ့ အကျဉ်းထောင်ကိစ္စ အကျဉ်းသားကိစ္စ သတင်းတွေ ဘယ်လောက်အထိ နီးစပ်မှုရှိသလဲဆိုတာ ပြောပြပေးပါ -
“မစ္စတာ ပင်ညဲရိုး က ဒီ အဖွဲ့အစည်းပေါင်းစုံနဲ့ သူကိုယ်တိုင် သွားခဲ့တဲ့ ခရီးစဉ်ကနေပြီးတော့ အချက် အလက်တွေကို သေချာ စနစ်တကျပြုစုတယ်။ ပြုစုပြီးတဲ့ အခါကျတော့ ဘယ်အဖွဲ့စည်း တဖွဲ့တည်း ကနေပြီးတော့ ပေးတဲ့ဟာမျိုးကို အဓိကအခြေခံပြီး သုံးတာမဟုတ်ဘဲနဲ့ သူ့ဟာသူ လွတ်လွတ်လပ်လပ် သုံးသပ်ပြီး ရေးထားတာမျိုးကို ကျနော်တို့တွေ့ရတယ်။ ဆိုတဲ့ခါကျတော့ ဒီနိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး၊ အဖမ်းအဆီးနဲ့ ပတ်သက်ပြီး ပြောတဲ့အခါမှာလည်း ဒီ အကျဉ်းသား ၄,၀၀၀ ကျော် ဖမ်းတယ်လို့ ဆိုတာမျိုးတွေ၊ ဒါတွေကလည်း တကယ့်အဖြစ်ပျက်နဲ့ တော်တော်ကိုနီးစပ်တဲ့ ကိန်း ဂဏန်းမျိုး ဖြစ်တယ်။ လက်ရှိ ဒီထောင်ထဲမှာ နှိပ်စက် ညှင်းပမ်းမှုတွေ ရှိနေတဲ့ဟာလည်း တကယ် အဖြစ်ပျက်မှန်တွေ ဖြစ်ပါတယ်။ ဆိုတဲ့အခါကျတော့ ဒီတခုလုံးကို ခြုံပြောမယ်ဆိုလို့ရှိရင် မစ္စတာ ပင်ညဲရိုးရဲ့ ရီပို့ (Report) က အဖြစ်ပျက်မှန်နဲ့ အနီးစပ်ဆုံး ရီပို့ဖြစ်တယ်လို့ ကျနော်တို့ ပြောရမှာပေါ့၊”
ဟုတ်ကဲ့ ကိုဘိုကြည်၊ အဲဒီတော့ ဒီမစ္စတာ ပင်ညဲရိုးရဲ့ အခုအစီရင်ခံစာ ထွက်လာတဲ့အပေါ် မြန်မာ စစ်အစိုးရဘက်က ကိုယ်စားလှယ်က တုန့်ပြန်တဲ့အခါမှာလည်း တော်တော်လေး ပြင်းပြင်းထန်ထန် တုန့်ပြန်တာတွေ့ရပါတယ်။ အဲဒီတော့ ဒီအစီရင်ခံစာအရ ဆိုရင် ဒီအခြေနေတွေက ကုလသမဂ္ဂထဲမှာ ဘယ်လောက်ထိ ရိုက်ခတ်လာနိုင်မယ့်လို့ ခန်းမှန်းလဲခင်ဗျ -
“အခုဆိုရင်ပဲ အမေရိကန်သမ္မတနဲ့ State Department (နိုင်ငံခြားရေးဝန်ကြီးဌာန) ကနေပြီးတော့ ဒီ မစ္စတာ ပင်ညဲရိုးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ တုန့်ပြန်တဲ့ Statement တွေ ထုတ်တာမျိုးတွေ ကျနော်တို့တွေ့ရတယ်။ ဒီထက်ပိုပြီးတော့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ခေါင်းဆောင်တွေကြားထဲမှာ မစ္စတာ ပင်ညဲရိုးရဲ့ အစီရင်ခံစာကို သေသေချာချာ လေးလေးနက်နက် ဖတ်ကြလိမ့်မယ်။ ဒီအပေါ်မှာ အခြေခံ ပြီးတော့ မြန်မာနိုင်ငံကို ပိုပြီးတော့ ထိရောက်တဲ့ လှုပ်ရှားမှုတွေ၊ ဖိအားတွေ၊ နောက် ပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့တော့ စဉ်းစားကြလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။”
နောက်ပိုင်း မစ္စတာပင်ညဲရိုး က အခုလို သူ့ရဲ့ အစီရင်ခံစာမှာ တော်တော်လေးကို ပြင်းပြင်း ထန်ထန် ရေးထားတဲ့ အခါကျတော့ နောက်ပိုင်း မြန်မာနိုင်ငံကို သူသွားရောက် စစ်ဆေးခွင့်နဲ့ ပတ်သက်လို့ကော လွယ်ကူနိုင်မယ့် အခြေနေမျိုးတွေရှိလား၊ ကိုဘိုကြည် ဘယ်လိုယူဆလဲ -
“မြန်မာနိုင်ငံထဲကို မစ္စတာပင်ညဲရိုး သွားရောက်နိုင်ခြင်း၊ မရောက်နိုင်ခြင်းက နိုင်ငံတကာရဲ့ ဖိအား တွေနဲ့ ဆိုင်တယ်။ ဆိုတော့ အခု မစ္စတာပင်ညဲရိုးက မြန်မာနိုင်ငံကို ၂၀၀၃ ခုနှစ် ကတည်းက သွားရောက်ခွင့် မရဘူး။ မြန်မာနိုင်ငံမှာ ပြည်တွင်းထဲမှာ လှုပ်ရှားမှု ဖြစ်တဲ့အခါကျတော့ နိုင်ငံတကာ ဖိအားတွေ အရမ်း ပြင်းထန်တဲ့အခါမျိုးမှာ မစ္စတာ ပင်ညဲရိုးပြန်ပြီးတော့ သွားခွင့်ရတာမျိုးတွေ ရှိတယ်။ ဆိုတဲ့ခါကျတော့ သူသွားရောက်ခွင့် ရခြင်း၊ မရခြင်းက နိုင်ငံတကာ ဖိအားတွေရယ်၊ နိုင်ငံတကာ တုန့်ပြန်မှုတွေအပေါ် အများကြီးမူတည်ပါတယ်။”
အခု မစ္စတာ ပင်ညဲရိုးရဲ အစီရင်ခံစာမှာ မြန်မာအစိုးရကို အကြံပြု တိုက်တွန်းထားတာတွေလည်း ပါပါတယ်။ ဒါပေမယ့် မြန်မာအစိုးရဖက်က ဒီအစီရင်ခံစာကို တူးတူးခါးခါး ဖြစ်နေတဲ့ အခါကျတော့ မစ္စတာ ပင်ညဲရိုး အကြံပြုတာတွေကို မြန်မာအစိုးရဖက်က လေးလေးနက်နက် ထားပါ့မလားခင်ဗျ၊ နိုင်ငံတကာကရော ဒီ အကြံပြုချက်တွေလုပ်ဖို့ စစ်အစိုးရကို တွန်းအားပေးနိုင့်ပါ့မလား -
“ဒီရီပို့အပေါ်မှာတော့ အခြေအမြစ် မရှိဘူးဆိုတာမျိုးတွေနဲ့ သူ့ထုံးစံအတိုင်း ပြန်ပြီး တုန့်ပြန်မှာ ဒါက တခုရှိပါတယ်၊ နိုင်ငံတကာ ခေါင်းဆောင်တွေ အနေနဲ့ကျတော့ မစ္စတာ ပင်ညဲရိုး က ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီက အဖွဲ့ဝင်တွေ အကုန်လုံးကနေပြီးတော့ သဘောတူပြီး လွှတ်ထားတာဖြစ်တယ်၊ ဆိုတော့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီရဲ့ နိုင်ငံတွေကတော့ အဓိက လေးလေးနက်နက်ထားပြီး သုံးသပ်ကြလိမ့်မယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးအခြေအနေ တိုးတက်မှုမရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်မျိုး၊ သုံးသပ်ချက်မျိုး၊ ဒါမျိုးတွေ ဖြစ်လာလိမ့်မယ်။ အဲလို ဖြစ်လာတဲ့အခါမှာ ဒါက ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံတို့၊ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီ၊ ဒီဟာတွေကို အဆင့်ဆင့် ဆက်သွားမယ့် ဟာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် သုံးသပ်ချက်တွေ ထုတ်ရုံနဲ့တော့ ကျနော်တို့က ဒီလူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ရပ်တန့်သွားမှာ မဟုတ်ဘူး။ အခုချိန်ထိလည်း ဖမ်းဆီးမှုတွေက ဆက်ပြီးတော့ ရှိနေတုန်းပဲ၊ နှိပ်စက်မှုတွေက ဆက်ပြီးတော့ ရှိနေတုံးပဲဖြစ်တယ်။ ဆိုတော့ လူ့အခွင့်အရေး ကောင်စီအနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဒီထက်ပိုပြီး ကာကွယ်နိုင်ဖို့၊ ထိမ်းသိမ်းနိုင်ဖို့ အတွက် မြန်မာနိုင်ငံထဲမှာ ဒီထက်ပိုပြီး စနစ်ကျတဲ့ ကုလသမဂ္ဂက စေလွှတ်ထားတဲ့ အဖွဲ့အစည်းမျိုးတွေကို သတ်မှတ်ထားပြီးတော့ တကယ် အလုပ်လုပ်ကိုင်နိုင်မယ် ဆိုလို့ရှိရင်တော့ ပိုပြီးတော့ သင့်တော်မယ်ထင်တယ်၊”
ဟုတ်ကဲ့၊ ဘယ်လို ကုလသမဂ္ဂ အဖွဲ့စည်းတွေလည်းခင်ဗျ၊ ကုလသမဂ္ဂက လက်ရှိ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သီးခြားရုံးထားဖို့လား -
“ဟုတ်ကဲ့၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့အတွက် လူ့အခွင့် အရေး ကောင်စီကနေပြီးတော့ အဖွဲ့တဖွဲ့ကို လွှတ်ပြီးတော့ ရေရှည် လုပ်ကိုင်နိုင်မယ် ဆိုရင်တော့ ပိုပြီးတော့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို ပိုစုံစမ်းနိုင်မယ်၊ နောက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖေါက် ခံနေရတဲ့ သူတွေအတွက်လည်း ပိုပြီးတော့ အကာအကွယ်တွေ ရလာနိုင်မယ့် အနေအထားမျိုးတွေ ရှိတယ်။ ဒီပုံစံတိုင်းပဲ ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကာကွယ်နိုင်မှာမဟုတ်ဘူး၊ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဖြစ်ပြီးတော့မှဘဲ လိုက်ပြီးတော့ တဖြည်းဖြည်းနဲ့ ဖေါ်ထုတ်လို့ရမယ့် အနေအထားမျိုးမှာပဲ၊ အစီရင်ခံစာရေးလို့ရတဲ့ အနေထားမျိုးမှာပဲ ကျနော်တို့ရှိနေပါလိမ့်မယ်။”
အေအေပီပီ တွဲဖက် အတွင်းရေးမှုး ကိုဘိုကြည် ပြောသွားတာပါ။