သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်ညဲရိုး အစီရင်ခံစာတင်သွင်းတာကို ကိုယ်တိုင် တက်ရောက် နားထောင်ခဲ့သူ ဦးမင်းလွင်ဦးနဲ့ ဆက်သွယ် မေးမြန်းချက်


ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မနေ့ကတော့ မြန်မာပြည်က လူ့အခွင့်အရေး ပြဿနာတွေကို အဓိကထားပြီးတော့ ပြောဆို ဆွေးနွေးခဲ့ပါတယ်။ လာမယ့် သောကြာနေ့မှာတော့ မြန်မာပြည်က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက် တွေ ထွက်လာဖို့ ရှိနေပါတယ်။ မနေ့က အစည်းအဝေးမှာ အစီရင်ခံစာတစောင် တင်သွင်းခဲ့တဲ့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကို ဦးကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီနေ့ ဒီ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အဖြစ်အပျက်တွေ ကျနော့်ကို အကျဉ်းချုပ် ရှင်းပြပေးပါခင်ဗျ -

“ကျနော်တို့ ဒီကနေ့မနက် ၁၀ နာရီခွဲမှာ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံအရေးတွေကို ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာတွေကို သူတို့ပြောပါတယ်။ မြန်မာ့အရေးက တော်တော်များများကို နေရာယူခဲ့ပါတယ်။ နိုင်ငံတော်တော် များများကလည်း စိတ်ဝင်စားကြတယ်။ အားလုံးကနေပြီးတော့ အားတက်သရော ပါဝင် ဆွေးနွေး ကြတာကို ကျနော်တို့ တွေ့ရှိရတယ်။ ဒေါက်တာ ပင်ညဲရိုးရဲ့ လေ့လာ တွေ့ရှိချက်တွေ အပေါ်မှာ ဆက်လက်ပြီးတော့ အရေးယူ ဆောင်ရွက်သွားဖို့ကို တွန်းအားပေးဖို့အတွက် ဒီ ကုသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကို တောင်းဆိုတာကို ကျနော်တို့ ကြားသိရပါတယ်။ ကျနော်တို့ အာရှ ကိုယ်ထည်အရင်းအမြစ် ပင်မဌာနအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ရေရှည်ဖြစ်လာတာ ကြာပြီ။ ဒီဥစ္စာတွေက တော်ရုံတန်ရုံနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်ဘူး။ အဲဒီလိုမျိုးကိစ္စတွေကို စုံစမ်းဖို့အတွက် ကျနော်တို့ လေ့လာမှု အထူးအဖွဲ့ တဖွဲ့လိုတယ်။ ရရှိတဲ့ အချက်အလက်တွေကို ဘယ်လို သုံးသပ်ပြီးတော့ မဟာဗျူဟာအရ၊ နည်းဗျူဟာအရ ဘယ်လို ရေးဆွဲရမလဲဆိုတဲ့ အဖွဲ့တခု ဖွဲ့စည်းပေးဖို့လိုတယ် ဆိုတာကို ကျနော်တို့ တင်ပြ ပြောဆိုခဲ့ပါတယ်။”

ဟုတ်ကဲ့ ဒီမြန်မာသံအမတ် ဝဏ္ဏမောင်လွင် ကရော ဒီနေ့အစည်းအဝေးမှာ ဘာတွေပြောသေးလဲ ခင်ဗျာ -

“ဒီနေ့ အစည်းအဝေးမှာတော့ သူ့အနေနဲ့ ဘာမှပြောဆိုခွင့် မရတော့ပါဘူး။”

ဟုတ်ကဲ့၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာဘက်က တင်ပြတာတွေလည်း ရှိတယ်လို့ ကြားပါတယ်ခင်ဗျား။ အဲဒါတွေလည်း နည်းနည်းရှင်းပြပေးပါ -

“ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဒေါက်တာ ဆလိုင်းရွှေခါး က မြန်မာနိုင်ငံ အတွင်းမှာ နယ်စပ်ဒေသတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံရတဲ့ ကိစ္စတွေ၊ အဓမ္မပြုကျင့်မှု ခံရတဲ့ ကိစ္စတွေ၊ နယ်မြေ သိမ်းဆည်းခံရတဲ့ ကိစ္စတွေ၊ တိုင်းရင်းသား လူမျိုး ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိစ္စရပ်တွေ အပေါ်မှာ မူတည်ပြီးတော့ ENSC ကနေပြီးတော့ တင်ပြ ပြောဆိုသွားတာကို ကျနော်တို့ တွေ့ရှိရပါတယ်။”

ဟုတ်ကဲ့၊ ဒီနေ့ပဲ ကျနော်တို့တွေ့တာက ALRC ကရော၊ AHRC ကရော အခု ကျင်းပနေတဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည် လူ့အခွင့်အရေး ကိစ္စတွေ၊ မြန်မာသံအမတ် ပြောဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပါတယ်ခင်ဗျ။ အဲဒီအကြောင်းလည်း ကျနော့်ကို ရှင်းပြပါ -

“ဟုတ်ကဲ့ခင်ဗျ။ မြန်မာသံအမတ်ကြီးက ဒီကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ အထူူး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ စုံစမ်းလေ့လာဖို့ မလိုတော့ ပါဘူး။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ၃၁ ရက်နေ့ အောက်တိုဘာလကနေ စပြီးတော့ မြန်မာနိုင်ငံ အထဲမှာ ဒီလိုမျိုး သတင်း စုံစမ်းလေ့လာဖို့အတွက် Investigation Body ကို သူတို့ ဖွဲ့စည်းထားပြီ ဆိုပြီးတော့ သူက ပြောဆိုတာကို ကျနော်တို့ ကြားသိရပါတယ်။ ကျနော်တို့ AHRC ရယ် ALRC အနေနဲ့ ဒီရရှိတဲ့ သတင်း အချက်အလက်တွေပေါ်မှာ အများကြီး သံသယ ဖြစ်တဲ့အတွက် ဒီကနေ့ ကျနော်တို့ ကြေညာချက် ထုတ်ပြန်ကြေညာရခြင်းဖြစ်တယ်။ သူတို့အနေနဲ့ Investigation Body ပေါ့ဗျာ၊ စုံစမ်း လေ့လာရေး ကိုယ်ထည်အဖွဲ့ကို ဖွဲ့စည်းထားတယ် ဆိုလို့ရှိရင် အဲဒီ အဖွဲ့က ဘာတွေကို လုပ်ဆောင်နေသလဲ၊ ဘယ်သူက တာဝန်ခံမလဲ၊ အခု စုံစမ်းလေ့လာတွေ့ရှိတဲ့ အချက် အလက်တွေက ဘာတွေလဲ ကျနော်တို့ အဲဒါတွေ သိရှိဖို့အတွက် ကျနော်ကနေပြီးတော့ တောင်းဆိုရတာ ဖြစ်ပါတယ်။ AHRC ရဲ့ ကြေညာချက်မှာက ဘာတွေ ပါလဲဆိုလို့ရှိရင် ကျနော်တို့ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံ အတွင်းမှာ အဲဒီလိုမျိုး အဓမ္မ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကိစ္စရပ်တွေ၊ နောက်ပြီးတော့မှပဲ အဲလိုမျိုး ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အချိန်တွင်းမှာပဲ ပျောက်ဆုံးသွားတဲ့ လူတွေရဲ့ ကိစ္စရပ်တွေကို အရေးတယူ ဆောင်ရွက်ပေးဖို့ လိုနေပြီ ဆိုတာကို ကျနော်တို့ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြပြောဆိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ထုတ်ပြန် ကြေညာထား တာဖြစ်ပါတယ်။”

ဟုတ်ကဲ့၊ ဆိုတော့ မြန်မာပြည်လူ့ အခွင့်အရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အထူးကိုယ်စားလှယ် ဒေါက်တာ ပင်ညဲရိုးကလည်း အစီရင်ခံစာ တင်ခဲ့တယ်။ အခုလိုမျိုး ဦးမင်းလွင်ဦးတို့လို NGO အဖွဲ့အစည်းတွေကလည်း တင်ထားဆိုတော့ ဒီလို အစီရင်ခံစာတွေ တင်တာတွေရဲ့ ရလာဘ်ဟာ ဘာလဲခင်ဗျ။ လူ့အခွင့်အရေး ကောင်စီဘက်က ဘာတွေ တုန့်ပြန်လဲ ခင်ဗျ -

“အားလုံး ကျနော်တို့အဖွဲ့ ၈ ဖွဲ့ပါတယ်။ နောက်ပြီးတော့ နိုင်ငံ ၃၂ နိုင်ငံ ကနေပြီးတော့ တင်ပြ ပြောဆိုတဲ့ အချက်အလက်တွေအပေါ်မှာ မူတည်ပြီးတော့ လာမယ့် သောကြာနေ့မှာ မြန်မာ နိုင်ငံအစိုးရအပေါ်မှာ ဘယ်လို အရေးယူသင့်တယ်၊ မယူသင့်ဘူး၊ ဘယ်လို ထိန်းချုပ်မှုတွေ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိမ့်မယ်လို့ ကျနော်တို့ သိရပါတယ်။” ဟုတ်ကဲ့၊ ဒေါက်တာ ပင်ညဲရိုးရဲ့ အစီရင်ခံစာတွေ၊ ဦးမင်းလွင်တို့ NGO တွေရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင့်ကန့်ကွက်တာတွေ၊ ပြင်းပြင်းထန်ထန် ပြောဆိုတာတွေ ဘယ်နိုင်ငံတွေ ဘယ်အဖွဲ့အစည်းတွေ လုပ်တာ တွေ့ရပါသလဲခင်ဗျ -

“ဟုတ်ကဲ့ခင်ဗျ၊ ရှရှားရယ်၊ အိန္ဒိယရယ်၊ လာအို ရယ် ဒီနိုင်ငံတွေကတော့ ပြင်းပြင်းထန်ထန် ပြောပါတယ်။ အာစီယံနိုင်ငံက တချို့နိုင်ငံက မြန်မာနိုင်ငံရဲ့ ဒေသလုံခြုံရေးကို သူတို့ အထူး အလေးထားတယ်။ မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းတည်ငြိမ်စွာ နေထိုင်တာကို သူတို့ မြင်ချင်တယ်။ ပူးပေါင်းပြီးတော့ ကုန်သွယ်မှုတွေ လုပ်ချင်တယ်။ ဒီလောက်ပဲ ပြောပါတယ်။”

EU ဥရောပ သမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် ပီရို ပါစင်ယို ကကော ဒီညီလာခံ အတွင်းမှာ ဘာတွေ ပြောဆိုတာ ရှိသေးလဲခင်ဗျား -

“ပီရို ပါစင်ယို အနေနဲ့ကတော့ ဒီအစည်းအဝေးမှာ ဘာမှ ထွေထွေထူးထူး တင်ပြပြောဆို ထားတာကို ကျနော် မတွေ့ရဘူး။ ဒါပေမယ့် ဒေါက်တာ ပင်ညဲရိုးရဲ့ အစီရင်ခံစာ အပေါ်မှာ မူတည်ပြီးတော့ လေ့လာသုံးသပ်ပြတဲ့အခါမှာ EU အဖွဲ့ဝင် နိုင်ငံတွေ အားလုံးကနေပြီးတော့ အားလုံး တပြေးညီ လက်ခံကြတာကို ကျနော်တို့ သိရှိရတယ်။ အမေရိကန်၊ ဘရာဇီးလ် နိုင်ငံ အပါအဝင် လက်တင် အမေရိကနိုင်ငံတွေ တော်တော် များများကနေပြီးတော့လည်း ဒီကိစ္စကို အထူးအရေးတယူ ဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုတာကို ကျနော်တို့ သိရှိရတယ်။ အာရှနိုင်ငံများနဲ့ ပတ်သက်လို့ ပြောရလို့ ရှိရင်တော့ အဓိကအားဖြင့် ဖိလစ်ပိုင်၊ သူ့ရဲ့ သီးခြား ပြောဆိုချက်က ကျနော်တို့ မြန်မာနိုင်ငံအပေါ်မှာ အများကြီးစာနာမှုရှိတယ်၊ နားလည်မှုရှိတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကလည်း ဒေသတွင်း မတည်မငြိမ်ဖြစ်တဲ့ ကိစ္စတွေကို နအဖ အစိုးရအနေနဲ့ အရေးတယူ ဆောင်ရွက်ဖို့ လိုအပ်နေပြီ ဆိုတာကို အထူး တင်ပြပြောဆိုတာကို ကျနော်တို့ ဒီနေ့ ကြားသိရတယ်။“

အဲဒါကတော့ မနေ့တုန်းက ဂျနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံစာ တင်သွင်း ခဲ့တဲ့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးဖြစ်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လိုစာဂျီရို ပင်ညဲရိုး တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို လက်မခံခဲ့ပဲ မြန်မာသံအမတ်ကြီး ဝဏ္ဏမောင်လွင် က ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပါမောက္ခ ပီညဲရိုးက အင်မတန် စိတ်ပျက်တယ်လို့ ဆိုပါတယ်။ မြန်မာသံအမတ်ပြောဆိုခဲ့တဲ့ အထဲမှာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ တည်မြဲရေးအတွက် အကြမ်းဖက်မှု အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ကိစ္စကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ မယူဆသင့်ဘူးလို့ ဆိုပါတယ်။ မစ္စတာ ပင်ညဲရိုးကတော့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ မရှိပဲနဲ့ ထောင်နဲ့ချီတဲ့ လူတွေကို ဖမ်းဆီးထားတဲ့ ကိစ္စတွေ၊ အတင်းအကြပ် စစ်ဆေး မေးမြန်းနေတဲ့ ကိစ္စတွေဟာ သူဖန်တီးထားတဲ့ အရာတွေ မဟုတ်ပါဘူးလို့ တုန့်ပြန် ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG