သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရရဲ့ ကျောက်မျက်ရတနာတင်သွင်းမှု ပိတ်ဆို့ရေးဥပဒေအပေါ် အမြင်ကွဲပြားမှုတွေ ရှိနေ


အမေရိကန်ပြည်ထောင်စုက ဒီမြန်မာစစ်အစိုးရဲ့ ဒီမိုကရေစီရေးဆန့် ကျင်တဲ့ကြိုး ပမ်းမှုတွေကို ဟန့်တားတဲ့ Jade ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥပဒေဟာ မြန်မာစစ်အစိုးရအတွက် အကြီးအကျယ်ကို ထိခိုက်တာမျိုး ဖြစ်မှာမဟုတ်ဘူးလို့ အမေရိကန် ကျောက်ကုန်သည် တချို့က မြင်နေသလို မြန်မာကုန်သည် တချို့ကလည်း မြင်ကြပါတယ်။ ဒါပေမယ့်လည်း NCGUB အမျိုးသား ညွန်ပေါင်းအစိုးရအဖွဲ့နဲ့ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ တို့ကတော့ ဒီဥပဒေ ထုတ်ပြန်မှုကို ထောက်ခံတဲ့အပြင် FTUB မြန်မာနိုင်ငံ အလုပ်သမာသမဂ္ဂက ဒီဥပဒေဟာ မြန်မာစစ်စိုးရ အတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့ ဥပဒေတရပ်လို့ ဆိုသွားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုက ချမှတ်တဲ့ မြန်မာနိုင်ငံအတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုပြီး တင်းကျပ်စေမယ့် Jade ဥပဒေမူကြမ်းကို အောက်လွှတ်တော်က အတည်ပြုပေးခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် ရတနာကုန်သည် တချို့က ထောက်ခံကြပါတယ်။ ဒါပေမယ့် ထိုင်းမြန်မာ ကျောက်မျက် ရတနာ လောကမှာ နှစ်ပေါင်းများစွာ ကျင်လည် ကျက်စားနေတဲ့ အမေရိကန် ကုန်သည်တချို့ကတော့ ဒီဥပဒေဟာ မြန်မာစစ်အစိုးရ အပေါ်မှာ တကယ် သက်ရောက်မှုမရှိပဲ အောက်ခြေ ကျောက်တူး သမားတွေ၊ ပုဂ္ဂလိက မြန်မာ ကုန်သည်လေးတွေ အတွက် ထိခိုက်မှုရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံကို ကိုယ်တိုင် သွားလာတဲ့အပြင် ထိုင်းနိုင်ငံမှာ ၁၅ နှစ်ကြာ ကျောက်လောကမှာ ကျင်လည် ကျက်စားခဲ့တဲ့ အမေရိကန် ကျောက်ကုန်သည် တဦးဖြစ်တဲ့ ရစ်ချတ် ဟူး က -

“ဒီဥပဒေဟာ မြန်မာစစ်အစိုးရအတွက် အကြီးအကျယ် ထိခိုက်တာမျိုး ဖြစ်မှာမဟုတ်ဘူးလို့ ကျနော် မြင်ပါတယ်။ မြန်မာစစ်အစိုးရနဲ့ အဓိက ကူးသန်း အရောင်းဝယ်နေသူတွေက တရုတ်၊ ထိုင်း၊ စင်ကာပူ ကုန်သည်တွေဖြစ်ပြီး အနည်းအကျဉ်း ကုန်သွယ်နေတဲ့ အိန္ဒိယ နိုင်ငံတွေလည်း ရှိပါတယ်။ အဲဒီ နိုင်ငံတွေက အခုလိုမျိုး Sanction နဲ့ အရေးယူတာမျိုးကို မထောက်ခံပါဘူး။ မြန်မာနိုင်ငံက ထွက်တဲ့ ရတနာတွေထဲမှာ နိုင်ငံခြားငွေ အများဆုံးပေးနေတာက ကျောက်စိမ်းပါ။ ဒါက အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံထွက် ကျောက်စိမ်းကို အဓိက ဝယ်တာမျိုးမရှိတာမို့လို့ မြန်မာနိုင်ငံထွက် ရတနာတွေကိုတားမြစ်တာဟာ ထိရောက်မှု သိပ်မရှိပါဘူး။”

အခုလို အမေရိကန် ကျောက်ကုန်သည်တွေကြားမှာ အမေရိကန်အစိုးရရဲ့ ဥပဒေဟာ မြန်မာ စစ်အစိုးရအတွက် ထိရောက်မှု မရှိဘူးလို့ မြင်နေကြသူတွေ ရှိနေပေမယ့် NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန်ပေါင်းအစိုးရအဖွဲ့နဲ့ NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ တို့ကတော့ ဒီဥပဒေ မူကြမ်းချမှတ်မှုကို ကြိုဆိုခဲ့ပါတယ်။ NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ FTUB မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် လည်းဖြစ်တဲ့ ဦးမောင်မောင် ကို အခုလိုမြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံခြားဝင်ငွေတွေကို ရစေတဲ့ ရတနာဟာ ကျောက်စိမ်းဖြစ်တယ်လို့ ယူဆကြတာမို့ တကယ် ထိရောက်မှု ရှိမရှိမေးကြည့်ပါတယ် -

“မှန်ပါတယ်၊ ကျောင်စိမ်းကလည်း သုံးတာက များသောအားဖြင့် အာရှတိုက်သားတွေ သုံးတာဖြစ် တယ်။ တရုတ်ပြည်၊ ဟောင်ကောင်၊ မလေးရှားနိုင်ငံတို့က သုံးကြတာပေါ့နော်။ ဒါပေမယ့် အဲဒီ ပစ္စည်းကို ဝယ်တဲ့အခါမှာ ဒေါ်လာ သုံးတယ်ဆိုတာကိုတော့ မေ့လို့မရဘူးလေ။ အဲဒီတော့ သက်ရောက်မှုရှိမှာက ငွေကြေး အပြောင်းအလဲ လုပ်တဲ့နေရာမှာ ဒေါ်လာသုံးပိုင်ခွင့်မရှိဘူးဆိုတာရယ်၊ နောက်ပြီးတော့ နအဖကို ပိုက်ဆံပေးမယ့် အနေအထားဖြစ်သွားတဲ့ အပေါ်မှာ အရေးယူမှုရှိမယ်၊ ပိတ်ဆို့မှု ရှိမယ်လို့ ပါဝင်ပါတယ်။ ဒါကို အသေအချာဖတ်ဖို့တော့လိုပါတယ်။ ဒါကြောင့်မို့လို့ ကျောက်စိမ်းကို ဝယ်တဲ့အခါမှာ ဒေါ်လာသုံးရတယ်၊ သုံးတဲ့ဒေါ်လာအပေါ်မှာ ပတ်သက်မှုရှိမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်က မကြာခင် ခုနက ပုဂ္ဂိုလ်လည်း အဖြေတမျိုး ဖြစ်လာနိုင်တယ်လို့ ကျနော်ပြောချင်ပါတယ်။”

ဟုတ်ကဲ့၊ ကျောက်စိမ်းတင် မဟုတ်ဘူပေါ့လေ၊ ပတ္တမြား၊ နီလာနဲ့ တခြား ကျောက်မျက်ရတနာတွေ ထွက်တဲ့အခါမှာ အစိုးရကိုယ်တိုင် လုပ်ကိုင်ပြီးတော့ အစိုးရနဲ့ ပတ်သက်တဲ့သူတွေ အမြတ်အစွန်း ရမယ့်လမ်းကလည်း နည်းတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဆိုတော့ ဒါနဲ့ ပတ်သက်လို့ရော ဥပေဒေအရ ထိရောက်မှုရှိမယ်လို့ ထင်ပါသလား -

“ခုနကလိုပဲ ကျနော် ထပ်ပြောချင်ပါတယ်၊ ကျောက်မျက်နဲ့ ပတ်သက်လို့ကတော့ ပတ္တမြား၊ နီလာကတော့ တကယ့် Collective Item ပေါ့နော်၊ တပွင့်တည်းမှာ ဒေါ်လာ လေးငါးခြောက်သိန်း တန်တဲ့ဟာကို စုတဲ့သူတွေ၊ ဝယ်နိုင်တဲ့သူတွေက ဥရောပနဲ့ အမေရိကန်မှာပဲ ရှိတယ်ဆိုတာကို ကျနော်ပြောချင်တယ်။ ယိုးဒယားနိုင်ငံမှာ ပုဂ္ဂိုလ်တွေက ကုန်သည်တွေပါ။ နောက်ဆုံး တကယ် ပစ္စည်းကို ဝယ်တဲ့သူမဟုတ်ဘူး။ ယိုးဒယားတို့၊ ဟောင်ကောင်တို့ဆိုတာ ကုန်သည်တွေပါ၊ ဒါကြောင့်မို့လို့ ဒီကနေ တဆင့်သွားတဲ့ ဈေးကွက်မှာလည်း သက်ရောက်မှုရှိမယ်၊ ကျနော်တို့ မိရိုးဖလာလုပ်ခဲ့တဲ့ ကုန်သည်တွေ၊ မိုးကုတ်သားတွေဆို မရှိသလောက်ဖြစ်နေပြီ၊ အရောင်းအဝယ် မလုပ်နိုင်သလောက် ဖြစ်နေပြီ။ ဦးပိုင်လီမီတက်က လက်ဝါးကြီး အုပ်ထားတဲ့ ကိစ္စတို့၊ နောက်တခါ အပစ်ခတ်ရပ်အဖွဲ့တွေက လက်ဝါးကြီးအုပ်ထားတဲ့ ကိစ္စတို့ရှိနေတော့ လိုင်စင်ကအစ စကားပြောတဲ့ အတွက်ကြောင့် ဒါတွေနဲ့ပတ်သက်ပြီး ကျနော်တို့ သက်ရောက်မှု ရှိမယ်လို့ပြောနိုင်ပါတယ်ခင်ဗျ။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီအနေနဲ့ပေါ့နော်၊ အခုလိုမျိုး အမေရိကန်အစိုးရက ပြဌါန်းတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး စစ်အစိုးရအပေါ်မှာ ထိရောက်မှု ရှိမရှိသုံးသပ်ပြပေးပါလားရှင် -

“ဒီဆုံးဖြတ်ချက် မချခင်ကတည်းက ဘယ်စီးပွားရေးလုပ်ငန်းတွေကို ပိတ်ခြင်းအားဖြင့် နအဖအပေါ်မှာ သက်ရောက်မှုရှိမယ်ဆိုတာ ကျနော်တို့ကိုယ်တိုင် ပါဝင်ပြီးတော့ ဆန်းစစ်ခဲ့တာပါ။ ဥပမာ- တေဇတို့ ထူးကုမ္ပဏီကိစ္စကို ကျနော်တို့ လုပ်တဲ့အခါ ဘယ်လောက်အထိ သက်ရောက်သလဲဆိုတော့ ဥပမာ- မြန်မာပြည်မှာ ကကထူးလို့ လူတွေက နောက်ပြောင်ပြီး ခေါ်တဲ့ကိစ္စကု ိကြည့်မယ်ဆိုရင် စစ်တပ်က လူတွေတောင်မှ ဒီထူးကုမ္ပဏီကို မကျော်နိုင်တဲ့ကိစ္စတွေ ရှိတာကို သိတဲ့အတွက် ကျနော်တို့ ကြိုးစားခြင်းဖြစ်တယ်။ နောက်တခါ Myanmar Airways ကတော့ ရပ်သွားပြီးတော့ ဒီ Bagan Airways ပဲ ရှိနေတယ်ဆိုတဲ့ ကိစ္စက ပြည်သူတွေ အတွက်လည်း အကျိုးမရှိဘူး။ ဒီ တဦးတယောက်ထဲ အကျိုးအမြတ်ရှိတယ် ဆိုတဲ့ကိစ္စကိုကြည်ပြီး ကျနော်တို့ လုပ်ရခြင်းဖြစ်တယ်။ နောက် ဒီ ကျောက်မျက် ဆိုလို့ရှိရင် ပြည်သူလူထုအတွက် အကျိုးမြတ်မရှိဘူး၊ ဥပမာ - မိုးကုတ်သားတောင်မှ မိုးကုတ်မှာ ကျောက် မတူးနိုင်လောက်အောင် ဖြစ်နေတဲ့ကိစ္စတွေကို သိတဲ့အတွက်ကြောင့် ကျနော်တို့ သေသေ ချာချာလုပ်တာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အားလုံးက ပြည်သူနဲ့ တိုက်ရိုက် မသက်ဆိုင်ဘဲနဲ့ နအဖကို ကိုယ်စားပြုနေတဲ့ လူတွေသာလျှင် သက်ရောက်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က အခုမှ လုပ်တဲ့ကိစ္စ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ကျနော်တို့ သုတေသနလုပ်ပြီး စာရွက် စာတမ်းတွေ တင်ပြထားတဲ့ ကိစ္စဖြစ်တယ်။ သက်ရောက်မှုလည်း တကယ်ရှိနေတယ်။ ဥပမာဆိုရင် ပုဂံလေကြောင်းလိုင်း ရပ်သွားတဲ့ကိစ္စ၊ ဈေးကွက်ထဲမှာ ပုစွန်တွေ၊ ငါးတွေပြန်ပြီးတွေ့လာရတဲ့ကိစ္စ၊ ဒါတွေဟာ ဒေါ်လာကို သုံးမရတဲ့အတွက်ကြောင့် နအဖဖြစ်နေတာတွေကို အချိန်တိုတို အတွင်းမှာ မြင်ရတဲ့ သက်သေတွေကို ကျနော်တင်ပြချင်ပါတယ်။”

၂၀၀၃ ခုနှစ်မှာ အမေရိကန် အစိုးရကနေပြီးတော့ မြန်မာနိုင်ငံအပေါ် တားဆီး အရေးယူမှုတခုကို လုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အောက်ခြေလူတန်းစားတွေ၊ အထည်ချုပ် လုပ်ငန်းအပေါ် မှီခိုနေရတဲ့သူတွေ အပေါ်မှာ အလုပ်လက်မဲ့ ဖြစ်သွားသူတွေ အများကြီးရှိပါတယ်။ အခုလိုမျိုး ကျောက်မျက်ကဏ္ဍမှာ ပိတ်လိုက်တဲ့အတွက် ကျောက်တွင်းတူးသမားတွေ ဘယ်လောက်ထိ အကျိုး ဆုတ်ယုတ်သွားမယ်လို့ မြင်ပါသလဲ၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂရဲ့ တာဝန်ရှိသူ တယောက် အနေနဲ့ပေါ့နော် -

“ဟုတ်ကဲ့ ကျနော့်အနေနဲ့ပေါ့နော် မြန်မာနိုင်ငံ အလုပ်သမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်တယ်၊ အလုပ်သမားတွေ အလုပ်ပြုတ်သွားမယ့်ကိစ္စ ကျနော့်မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ကျနော် ပြန်တင်ပြချင်တာကတော့ နိုင်ငံတခုလုံးရဲ့ ပြောင်းလဲမှုအတွက်ကတော့ အတိုင်းအတာ တခုထိကတော့ ကျနော်တို့ ပေးဆပ်မှုရှိရမယ်၊ ဒီအထဲမှာ သွေးထွက်သံယိုမှု မဟုတ်တဲ့ ထမင်းငတ်တဲ့ ကိစ္စတွေ ရင်ဆိုင်ဖို့ဆိုတဲ့ အားလုံး သဘောတူကြမယ်လို့ ကျနော်ထင်ပါတယ်။ နောက်တချက်က ဘာလည်းဆိုတော့ ကျနော်ပြန်ပြီးတော့ တင်ပြချင်တာက စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်တဲ့ ပြသနာလား၊ နအဖရဲ့ ငွေရေးကြေးရေး စနစ်ကို သုံးစွဲမှု မမှန်တဲ့အတွက် ဖြစ်တာလား၊ ပြည်သူကို ကျနော် ပြန်ပြီးတော့ တင်ပြ မေးခွန်း မေးချင်ပါတယ်။ ဒီနေရာမှာ အားလုံးကို ကျနော်ပြန်ပြီး သတိ ပေးချင်တယ်၊ ပုဂ္ဂလိကဘဏ်တွေ ပိတ်သွားတဲ့ ကိစ္စပါ၊ ဥပမာ - အာရှဓနဘဏ်ကို ကြည့်မယ်ဆိုရင် အာရှဓနဘဏ်က အရမ်း ကြီးပွားလာတယ်၊ ရုတ်တရက် နေ့ချင်းညချင်း ပျက်သွားတယ် ဆိုတဲ့ကိစ္စ။ အာရှဓနဘဏ် ပျက်ပြီးနောက်မှာ တခြားဘဏ်လေးတွေပါ ပျက်တယ်ဆိုတဲ့ကိစ္စက ကြည့်မယ်ဆိုရင် ဒီငွေရေးကြေးရေး စီးဆင်းမှုစနစ်၊ ငွေရေးကြေးရေး ထိမ်းချုပ်မှုစနစ်မှာ နအဖက စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့တယ်။ နားမလည်တဲ့ ပုဂ္ဂိုလ်တွေကို ပုဂ္ဂလိကဘဏ်တွေ ပေးလုပ်တဲ့အတွက်ကြောင့် ပြည်သူတွေ ပိုက်ဆံ ဘယ်လောက်ဆုံးရှုံးသွားသလဲ၊ ဆိုတော့ အဲဒီလို ပုဂ္ဂလိကဘဏ်တွေ ပျက်သွားတဲ့အတွက် ကြောင့် ဒီလုပ်ငန်းငယ်တွေပေါ့နော်၊ ဥပမာ အာရှဓနဘဏ်ထဲမှာ ပိုက်ဆံသွင်းထားတဲ့လူတွေ သူတို့ရဲ့ ပိုက်ဆံကို ဘယ်ကနေထုတ်ရမှန်း မသိ ဖြစ်နေတဲ့ကိစ္စတွေကို အားလုံး ပြန်သတိရကြမှာပါ။ ဥပမာ ပျက်ဆီးသွားတဲ့ ခြင်ဆေးစက်ရုံးကလေး ရှိတယ်၊ ပျက်ဆီးသွားတဲ့ အထည်ချုပ် စက်ရုံတွေ ရှိတယ်၊ ဘာဖြစ်လို့ ပျက်ဆီးသွားလသဲဆိုတော့၊ ပုဂ္ဂလိကဘဏ်တွေ ပျက်တဲ့အချိန်မှာ ကိုယ်ပိုင်ပိုက်ဆံမှ သိန်း ၂၀ ပဲ ရှိသည့်တိုင်အောင် ချက်ချင်း ထုတ်လို့မရပဲနဲ့ တပတ်မှာမှ ၂ သိန်းထုတ်လို့ရတယ်၊ ၃ သိန်း ထုတ်လို့ရတယ်ဆိုပြီး လုပ်ထားတဲ့အတွက်ကြောင့် အချိန်တန်ရင် လခပေးစရာမရှိတော့ဘူး၊ လခ ပေးစရာမရှိတဲ့အပြင် ထွက်တဲ့ကုန်ကို ကမ်းနားကိုပို့တဲ့အခါမှာ ကွန်တိန်နာဖိုးတွေ ပေးစရာမရှိတော့ဘူး ဆိုပြီးဖြစ်တဲ့ကိစ္စ၊ ဆိုတော့ ဆင့်ကဲ ဆင့်ကဲသက်ရောက်မှု ဖြစ်လို့၊ ကျနော်တို့ စီးပွားရေးပျက်လို့၊ ကျနော် တို့အလုပ်ပြုတ်တယ်ဆိုတာ အားလုံးပြန်သတိရနိုင်မယ်၊ ဒါကို အားလုံးမေ့ထားလို့မရဘူး၊ ဒါကြောင့်မို့လို့ စီးပွားရေးပိတ်ဆို့မှုကြောင့်ဖြစ်တာထက် နအဖနဲ့ သူ့ရဲ့အပေါင်းဖော်တွေရဲ့ ငွေရေး ကြေးရေးကို အုပ်ချုပ်မှုစနစ် မတတ်တဲ့ပြဿနာလို့ ကျနော်က ပြန်ထောက်ပြချင်ပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG