ဥရောပသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးသံ
ကိုယ်စားလှယ် (Piero Fassino) ပီယားရိုး ဖက်ဆီနိုက
ရှေ့သီတင်းပတ်မှာ တရုတ်ပြည်သွားပြီး မြန်မာနိုင်ငံ
ဒီမိုကရေစီရရှိရေးအတွက် ပါဝင်ကူညီရေး တိုက်တွန်း
ပြောကြားဖို့ စီစဉ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဥရောပ
ရေးရာရုံး၊ မြန်မာနိုင်ငံဌာနက ဦးဟန်ညောင်ဝေကို ဦးကျော်ဇော်ညွန့်က ဆက်သွယ် မေးမြန်းထားပါတယ်။
အီးယူသံအမတ်ကြီး Piero Fassino ပီယားရိုး ဖက်ဆီနိုရဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး လုပ်ငန်းအနေအထားဟာ ဘယ်လိုရှိပါသလဲလို့ မေးမြန်းတဲ့အခါမှာ ဦးဟန်ညောင်ဝေက --
“သူ့လုပ်ငန်းကတော့ ဂမ်ဘာရီလုပ်ငန်းကိုကူညီဖို့၊ အထောက်အကူဖြစ်ဖို့ ဖြစ်ပါ
တယ်။”
အီးယူနဲ့ တရုတ်ပြည်အကြား ဆက်ဆံရေးမှာ မြန်မာနိုင်ငံအပေါ်တရုတ်ပြည်က နိုင်ငံရေးအရ ကြီးမားတဲ့ဖိအားပေးနိုင်တယ်လို့ မစ္စတာဖက်ဆီနိုရဲ့ ဗုဒ္ဓဟူးနေ့ကပြောကြားချက်နဲ့ပတ်သက်ပြီး ဦးဟန်ညောင်ဝေရဲ့အမြင်ကတော့ --
“အီးယူနဲ့ တရုတ်ပြည်ကလည်း EU- China dialogue တွေ ဘာတွေရှိပါတယ်။ ဒါဟာ နိုင်ငံရေး ဆွေးနွေးတဲ့ ကိစ္စတွေ၊ ဒီတချိန်မှာတော့ သူကသွားမယ်ဆိုရင်လည်း မြန်မာပြည်အကြောင်း တရုတ်ပြည်က ဘယ်လိုကူပေးနိုင်မလဲ၊ ဒီဂမ်ဘာရီ Process ကို ရှေ့တိုးအောင်ဘယ်လိုလုပ်မလဲလို့ သွားဆွေးနွေးမယ်လို့ ကျနော်ယူဆပါတယ်။”
တရုတ်ပြည်နဲ့ အီးယူတို့ဟာ မကြာခင်ကပဲ ထိပ်သီးညီလာခံတရပ်ကိုကျင်းပခဲ့ပြီး အဲဒီမှာ မြန်မာ့အရေးမှာ ပီပြင်တဲ့ရလဒ်တွေကိုမြင်တွေ့လိုပါတယ်။ ဒါဟာ အရေးကြီးပါတယ်လို့ ပြောကြားခြင်းနဲ့ပတ်သက်ပြီး အီးယူအနေနဲ့ကတော့ အဲဒီသိသာထင်ရှားတဲ့ရလဒ်တွေဆိုတာ ဘာကို ဆိုလိုပါသလဲလို့မေးမြန်းတဲ့အခါမှာ ---
“Countable result ဆိုတာကတော့ ဥပမာပေါ့၊ အခုလိုမျိုးပေါ့၊ ဒေါ်စုက ဗိုလ်ချုပ်အောင်ကြည်နဲ့ပဲ တွေ့နေတယ်။ သူတို့တွေ့ဆုံကြတယ်။ ဆွေးနွေးကြတယ်။ ဒါပေမယ့် အဲလိုဆွေးနွေးတဲ့နေရာက ဘာအကောင်ထည်ပေါ်လာသလဲ။ ဘာတိုးတက်သလဲဆိုတဲ့ဟာ လောလောဆယ်မှာ ဘာမှ မမြင်သေးဘူးဆိုတော့ Countable result ဆိုတာကလည်း ဘာဆက်ပြီးတော့လုပ်ကြမယ်။ ဒီလိုမျိုးဘဲ ဆက်ပြီးတွေ့ပြီးတော့မှ မထူခြားလာဘူးဆိုရင် ဒါ result မရှိဘူး။ ဥပမာ- အောင်ကြည်နဲ့ ပြောပြီးနောက် ဒေါ်စုက နောက်ထပ် ဗိုလ်ချုပ်ကြီးသန်းရွှေ နဲ့တွေ့ရမယ်ဆိုတာတွေ့တယ်။ အဲဒီလောက် တမျိုးမျိုးထွက်ရမယ်ဆိုတာ ပြောတာ။ အခုလိုမျိုးတွေ့ဆုံပြီးတော့မှ ဘာမှ မထူးခြား လာဘူးဆိုတော့ ဒါက result မရှိဘူးလို့ပြောလို့ရပါတယ်၊”
အခုလို အီးယူသံကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးနဲ့နွယ်ပြီး တရုတ်ပြည် သွားတဲ့အပေါ်မှာ အခြေခံပြီး အီးယူရဲ့ မြန်မာပြည်အပေါ်မှာထားရှိတဲ့ဝါဒရဲ့ ပါဝင် ပတ်သက်မှုအဆင့် အနေအထားဘယ်လိုရှိပါသလဲလို့မေးမြန်းတဲ့အခါမှာ ဦးဟန်ညောင်ဝေက ---
“ အီးယူအနေနဲ့ဟုတ်ပါတယ်။ အခုလိုမျိုး ဂမ်ဘာရီနဲ့ နအဖနဲ့တွေ့ဆုံဆွေး နွေးပွဲတွေဖြစ်လာတယ်။ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာတယ်။ ဒီဟာက သူတို့အမြင်ကဘာလဲဆိုရင် အခုအချိန်မှာ ရှေ့တိုးဖို့ လိုပါတယ်နော်။ အရင်လိုမျိုး ဘာမှမဖြစ်ပဲနဲ့ ဒီလိုမျိုး နေသွားဖို့မသင့်တော်ဘူး။ နအဖအနေနဲ့ မလုပ်ရင်လည်း သူတို့ကတော့ ပိုပြီးတော့ တိုးတက်ဖို့လမ်း ရှာမယ်။ ဆိုတော့ ဒီဟာက ဖိအားနဲ့သွားမလား။ သို့မဟုတ် တခြားအချောလမ်းနဲ့သွားမလား ဆိုတာကို သူတို့က အများကြီး စဉ်းစားနေတယ်လို့ ကျနော် နားလည်ပါတယ်။ ပြောရရင်တော့ ကျနော်မြင်ပါတယ်။ ဒီအီးယူက အရင်ကထက် ပိုပြီးတော့မှ ကြိုးစားလာတယ်။ တကယ်ဘဲ အကောင်အထည် ပေါ်အောင် လုပ်နေတယ်လို့ ကျနော်ယူဆပါတယ်။”