သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ဈေးနှုန်းကျဆင်းရေးတောင်းဆိုမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ကိုထင်ကျော်ကို ဥပဒေနဲ့အညီ အရေးယူမည်ဟု မျှော်လင့်ရ


ရန်ကုန်မြို့မှာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုခဲ့သူ ကိုထင်ကျော်ကို တရား ဥပဒေနဲ့အညီ အရေးယူမယ့် အလားအလာ ရှိနေတယ်လို့ ရှေ့နေ အသိုင်းအဝိုင်းက မျှော်လင့်နေပါတယ်။

ရှားရှားပါးပါး ရှေ့နေရှေ့ရပ်နဲ့ ချေပခွင့်ပေးမယ် ဆိုတာကို ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် ဗဟိုတရားရုံး ရှေ့နေကြီး ဦးအောင်သိန်းက ဗီအိုအေက ပြောကြားခဲ့တာပါ။ အသေးစိတ်ကိုတော့ ထိုင်းမြန်မာနယ်စပ်ကနေ ဗီအိုအေသတင်းထောက် ဒေါ်အေးအေးမာကနေ အစီရင်ခံထားပါတယ်။

ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုခဲ့တဲ့ ကိုထင်ကျော်ကို ပုဒ်မ (၅၀၅/ခ) နဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ပန်းပဲတန်းတရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လာမယ့်် ၁၈ ရက်နေ့မှာတော့ တရားစီရင်ဖို့ ရှေ့နေငှားရမ်းခွင့်ပေးလိုက်ပြီလို့ ဆိုပါတယ်၊ ကိုထင်ကျော်ရဲ့ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေကြီး ဦးအောင်သိန်းကတော့ -

“၁၁ ရက်နေ့ သူ့ကို ရုံးထုတ်တယ်။ အခု ၁၈ ရက်နေ့ ပြန်ချိန်းလိုက်တယ်ပေါ့လေ။ တစ်ပတ်ပေါ့၊ တရားရုံးကတော့ ဘာ လုပ်ကိုင်ခဲ့သလဲပေါ့နော်၊ ဘယ်လို ဖြစ်သလဲပေါ့၊ အဲဒီလောက်ပဲ သူ့ကို မေးပါတယ်။ ပြီးတော့ နောက် ရှေ့နေရှေ့ရပ် ငှားနိုင်တယ်ပေါ့လေ။ အဲဒါဆိုပြီး ၁၈ ရက်နေ့ ရုံးချိန်းပေးလိုက်တာပါပဲ။”

အများသောအားဖြင့် အမှုတော်တော်များများဟာ တရားရုံးမတင်ဘဲ ပြစ်ဒဏ်တွေပဲ ချမှတ်ခဲ့တာကြောင့် အခုအခါမှာတော့ ကိုထင်ကျော်နဲ့ ပတ်သက်ပြီး တရားဥပဒေအရ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရတယ်လို့ ယူဆပါသလားလို့ မေးတဲ့အခါမှာတော့ -

“ဘာပဲ ပြောပြောလေ။ အများပြည်သူဆိုင်ရာ တရားရုံးဖြစ်တဲ့ ဒီ ပန်းပဲတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးတယ်ဆိုတော့ ဒါဟာ အများရှေ့မှောက်မှာ တရားစီရင်ခွင့် ရတယ်ပေါ့နော်၊ ဒါတွေက ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေနဲ့လည်း ကိုက်ညီတယ်ပေါ့ဗျာ။ နောက် ရှေ့နေငှားရမ်းဖို့ အချိန်လည်း ပေးတယ်ပေါ့ဗျာ။ ဆိုတော့ ဒီဟာက ဘာပဲပြောပြော ဦးစွာ အများအားဖြင့်တော့ ဒါက Fair Trial ဖြစ်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တာပေါ့၊ ဒါကို။”

ပုဒ်မ (၅၀၅/ခ) ဆိုတာဟာ အစိုးရကို အကြည်ညိုပျက်အောင် လုံခြုံရေးကို ထိခိုက်ပျက်ပြားအောင်၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင် လူတွေကို လှုံ့ဆော်တယ်။ သွေးဆောင်တယ် ဆိုတဲ့အမှုပဲဖြစ်ပါတယ်။ ဒီအမှုကို ရှေ့နေအဖြစ် ငှားရမ်းလာတဲ့အခါ ဘာကြောင့်လက်ခံဖို့ ဆုံးဖြတ်လိုက်ရပါသလဲလို့ မေးတော့ -

“ကျနော့် ယူဆချက်ကတော့ (၅၀၅/ခ) နဲ့ ကိုထင်ကျော်တို့ကို တရားစွဲတဲ့အပေါ်မှာ အဲဒီ ဥပဒေပုဒ်မနဲ့ ညှိစွန်းမှု ရှိမရှိပေါ့လေ၊ အဲ - ကိုထင်ကျော်ရဲ့ အကြမ်းဖျဉ်း ပြောပြချက်အရတော့ သူ့မှာ တခြား ရည်ရွယ်ချက်လည်းမရှိဘူး။ လှုံ့ဆော်တယ်ဆိုတဲ့သဘောလည်း မရှိဘဲနဲ့ ဒီ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးပေါ့လေ။ သူ့ပတ်ဝန်းကျင်မှာ လူတွေ ဒုက္ခသုက္ခ ရောက်နေတာကို သူ မြင်တယ်ပေါ့နော်။ ဒါကို အဓိက ကုန်ဈေးနှုန်း ကျဆင်းသွားဖို့နဲ့ အထွေထွေ အကျပ်အတည်းက လွတ်မြောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သူ ဆန္ဒပြတယ်လို့ ပြောသွားဖူးတဲ့ အတွက်ကြောင့် သူ့ရဲ့ ပြုမူဆောင်ရွက်မှုဟာ ဥပဒေနဲ့ ညှိစွန်းမှုမရှိဘူးလို့ ဒါကို အန်ကယ်လ်တို့က အဲဒီသဘော ထားတယ်ပေါ့နော်၊ ဒါကြောင့်မို့လည်း သူ့ အဖြစ်အပျက်က ဘယ်လောက်ထိ ဥပဒေနဲ့ ညှိစွန်းမှု ရှိနိုင်တယ် မရှိနိုင်တယ် ဆိုတဲ့ အတိုင်းအတာပေါ် သိရအောင်လို့ ဒီအမှုကို လက်ခံဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။”

ကိုထင်ကျော်ဟာ ၂၀၀၇ ခုနှစ်ထဲမှာ လေးကြိမ် ဖမ်းဆီးခံခဲ့ရပြီး ပထမဦးဆုံးတစ်ကြိမ်ကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ သိမ်ကြီးဈေးရှေ့မှာ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြမှုကြောင့် တစ်ကြိမ်၊ မတ်လ ၂၂ ရက်နေ့မှာတော့ သူ့ကို ဘုန်းကြီးဝတ်ခွင့် ပိတ်ပင်တဲ့အတွက် လှည်းတန်းဈေးရှေ့မှာ တစ်ကြိမ်၊ ဧပြီလ ၂၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပုံကို ထောင်ပြီးတော့ စံပြဈေးရှေ့မှာတစ်ကြိမ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာတော့ သိမ်ကြီးဈေးရှေ့မှာတစ်ကြိမ် နောက်ဆုံး ဆန္ဒပြရင်း အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ ဖမ်းဆီးခံနေရစဉ်အတွင်း အစာငတ်ခံ ဆန္ဒပြမှုတွေ လုပ်ခဲ့တယ်လို့လည်း မိသားစုက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG