သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး အင်ဒိုနီးရှားကူညီမည်ဟုဆို၊ မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များ အကောင်းဖက်မှ ရှုမြင်ရန်ခက်


မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ကုလသမဂ္ဂနဲ့ အင်ဒိုနီးရှားနိုင်ငံက အကူအညီပေးဖို့ မနေ့ကပဲ သဘောတူညီမှု ရလိုက်တဲ့အကြောင်း အင်ဒိုနီးရှား သမတ ဆူစီလို ဘန်ဘန်း ယူဒိုယိုနို ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အဲဒီလို ပြောခဲ့တဲ့အပေါ် မြန်မာ့အရေး အာဆီယံလွတ်တော်အမတ်များအဖွဲ့က
တာဝန်ရှိပုဂ္ဂိုလ် သုံးဦးရဲ့ တုံ့ပြန်ချက်တွေကို ဦးကျော်ဇော်ညွှန့်က စုစည်း တင်ပြထားပါတယ်။

ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နဲ့ အင်ဒိုနီးရှားသမတ တိုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးမှာ ဝင်ပြီးဆောင်ရွက်ပေးဖို့ သဘောတူတယ် ဆိုတဲ့ အင်ဒိုနီးရှားသမတ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ပြောကြားချက်အပေါ်မှာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က အဖွဲဝင် အမတ်တစ်ဦးဖြစ်တဲ့ မလေးရှားနိုင်ငံက အမတ် မစ္စ ထရီဆာ ကော့တ် ကတော့ အခုလို ပြောပါတယ်။

“အင်ဒိုနီးရှားသမတ က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးမှာ ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့သတင်းကြားရတော့ ဝမ်းသာမိတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် သမတ ဆူစီလို ဟာ နိုဝင်ဘာလတုန်းက စင်ကာပူမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ ဒါထက်ပိုပြီး ထိထိမိမိ ပြင်းထန်တဲ့ကြေညာချက်မျိုးကို ထုတ်ပြန်နိုင်မယ်ဆိုရင်တော့ ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။”

ဒါ့အပြင် အခုလောလောဆယ် အခြေအနေမှာ မြန်မာ့အရေးကို အာဆီယံအဖွဲ့က အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဘယ်လို သဘောထားဆောင်ရွက်နေပါသလဲ။ ဒါကို ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းတဲ့အခါမှာ သူမက -

“မြန်မာ့အရေးနဲ့ပတ်သက်လာရင် အာဆီယံဟာ တညီတညွတ်တည်း တသံတည်း ထွက်တာကိုတော့ မျှောင်လင့်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ တွေ့မြင်ရတာကတော့ အခမ်းအနားအမျိုးမျိုးမှာ ခေါင်းဆောင်တွေဟာ သဘောထားအမျိုးမျိုး ပြောကြားနေခြင်းပဲဖြစ်ပါတယ်။”

အာဆီယံခေါင်းဆောင်တွေ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်တွေကို ပြန်ပြီးကြည့်မယ်ဆိုရင် ဘယ်သူကမှ ပြင်းထန်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ အာဆီယံခေါင်းဆောင်တွေကို မြန်မာ့အရေးနဲ့ပတ်သက်ပြီး မစ္စတာ ဂမ်ဘာရီက ရှင်းပြဖို့ကိစ္စမှာတောင် မြန်မာစစ်အစိုးရက မစ္စတာ ဂမ်ဘာရီနဲ့ မလိုက်လျောဖို့ ဖိအားပေးတာကို အာဆီယံခေါင်းဆောင်တွေဟာ ခေါင်းငုံ့လက်ခံခဲ့တာကို တွေ့ရပါတယ်လို့လည်း ပြောကြားသွားပါတယ်။

အာဆီယံလွှတ်တော်အမတ်များအဖွဲ့က အဖွဲ့ဝင် ထိုင်းနိုင်ငံက အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဂျွန် အူပက်ကွန်းက အခုလို မှတ်ချက်ပေးပါတယ်။

“အမှန်အတိုင်းပြောရရင်တော့ ဒီပူးပေါင်းမှုက ဘယ်အခြေထိ ဆိုက်ရောက်ပြီ ဆိုတာ ကျနော် တပ်အပ်မပြောနိုင်ပါဘူး။ ဒါပေမယ့် အခုလို ဆောင်ရွက်ပေးခြင်းဟာ နောင် အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ မြန်မာစစ်အစိုးရအပေါ်မှာ ဒါ့ထက်ပိုပြီး ပြင်းထန်တဲ့ ရပ်တည်ချက်မျိုးဆီကို ဦးတည်သွားလိမ့်မယ်လို့တော့ ကျနော်က မျှော်လင့်ထားပါတယ်။”

မစ္စတာ ဂျွန် အူပက်ကွန် ကပဲ လောလောဆယ် အာဆီယံအခြေအနေကို သုံးသပ်တာကတော့ -

“အာဆီယံဟာ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ ထိရောက်မှု ရှိတဲ့အထိ လုံလုံလောက်လောက် ဆောင်ရွက်ခြင်းမရှိဘူးလို့ ကျနော် မြင်ပါတယ်။ ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်ကို အမှန်အတိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်က ခေတ္တ ထုတ်ပယ်ထားတာကို မြင်တွေ့ချင်ပါတယ်။”

အာဆီယံ လွှွတ်တော်အမတ်များအဖွဲ့က ညွှန်ကြားရေးမှူး ရိုဆန် ဂျေဆင် ကတော့ အခုလို သုံးသပ်ပါတယ်။

“ဒေသတွင်းက နိုင်ငံအများအပြားဟာ ကုလသမဂ္ဂရဲ့ အရေးယူဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးပါတယ်လို့ အတိတ်ကလည်း ပြောခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ပြောတာနဲ့လုပ်တာက ကိုက်ညီမှုမရှိတာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားနဲ့ ကုလသမဂ္ဂ တို့ ပူးပေါင်းပြီး မြန်မာ့အရေးမှာ ပါဝင်ကူညီမယ်ဆိုတဲ့ စကားရပ်တစ်ခုတည်းကို ကြည့်ပြီး အကောင်းဖက်ကနေ ရှုမြင်လို့တော့ မရပါဘူး။”

အာဆီယံဟာ အုပ်စုတစ်ခုအနေနဲ့ မြန်မာ့အရေးမှာ ရှေ့ ဘယ်လို ရပ်တည်မယ်ဆိုတဲ့ အလားအလာကို မေးမြန်းရာမှာ -

“အာဆီယံဟာ သူ့ရဲ့ အုပ်စုတစ်ခုအတွင်းအနေနဲ့တောင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်ဖို့ကိစ္စ တိုက်တွန်းတဲ့ကိစ္စ၊ ဖိအားပေးတဲ့ကိစ္စတွေမှာ သဘောထားချင်း မတိုက်ဆိုင်တာကို တွေ့ရတဲ့အတွက် ကုလသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကို ထောက်ခံလိုက်နာဖို့ဆိုတာဟာ တကယ်တော့ မလွယ်ကူလှပါဘူး၊ အဓိပ္ပါယ်လည်း မရှိပါဘူး။ ကြားရတာကောင်းပေမယ့်လည်း လက်တွေ့ပေါ်လာမှပဲ တကယ် ဟုတ်ပါ့မလားလို့ ပြောနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ဒီသတင်းတွေအပေါ်မှာ ကျနော်ကတော့ သိပ်ပြီးတော့ မျှော်လင့်ချက် မထားပါဘူး၊” - လို့ မစ္စတာ ဂျေဆင်က ပြောကြားသွားပါတယ်။

XS
SM
MD
LG