မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူတွေကို အကြမ်းဖက် နှိပ်ကွပ်ခဲ့တာနဲ့ဆက်နွယ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေးစိတ် စုံစမ်းစစ်ဆေးဖို့အတွက် လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာပင်ညဲရိုးကို မြန်မာနိုင်ငံကို ထပ်မံသွားရောက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။
မနေ့ကလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ (၆) ကြိမ်မြောက် အစည်းအဝေး အတွင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့ပြီး ဒီအထဲမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အသေးစိတ် ထပ်မံစုံစမ်းဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့တာ ပါဝင်ပါတယ်။ ဂျနီဖာ လူ့အခွင့်အရေးကောင်စီမှာ မနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အကြောင်းစုံ ဦးသားညွန်ဦး က တင်ပြထားပါတယ်။
ဒီ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းတာကတော့ ဥရောပသမဂ္ဂ ကို ကိုယ်စားပြုပြီး လက်ရှိ ဥရောပ သမဂ္ဂ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ပေါ်တူကီနိုင်ငံကနေ တင်သွင်းထားတာပါ။ ဒီ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းတာနဲ့ပတ်သက်လို့တော့ တူရကီ ကိုယ်စားလှယ် မစ္စတာ ဖရစ်စ်ကို ဇာဗီးယား အက်စ်တီးဗ်း (Fransisco Xavier Esteves) က မနေ့ အစည်းအဝေး အတွင်း အခုလို ရှင်းပြသွားပါတယ်။
“ကျနော်တို့အနေနဲ့ အခုလို ဆုံးဖြတ်ချက်မူကြမ်းတင်သွင်းရတဲ့ ရည်ရွယ်ထား တာကတော့ - မြန်မာ အစိုးရအနေနဲ့ အခြေခံ လူ့အခွင့်အရေး တန်ဖိုးတွေ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားလိုက်နာပြီး လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ဖြစ်ပါတယ်။ နောက်ပြီး မြန်မာစစ်အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုတွေကို ကန့်သတ်ထားတဲ့အပေါ် ပြန်လည်ရုတ်သိမ်းဖို့ပါ။ ဒုတိယ အချက်ကတော့ ကုလသမဂ္ဂ နောက်လာမယ့် လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးကိုင်တွယ်ဖို့ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာပင်ညဲရိုးအနေနဲ့ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်နိုင်ဖို့ ဆိုတာကို ကျနော်တို့ ထောက်ခံထားတာပါ။ နောက်ဆုံးအချက်ကတော့ မစ္စတာပင်ညဲရိုးရဲ့ အစီရင်ခံစာပါ တိုက်တွန်း အကြံပြုချက်တွေကို အစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ပါ။”
ဒီဆုံးဖြတ်ချက်မူကြမ်းကို မဲမခွဲဘဲ အားလုံး တစ်သဘောတည်း ဆုံးဖြတ်နိုင်ဖို့အတွက် နိုင်ငံတွေအကြား စာသားတွေ ပြင်ဆင် ဖြတ်တောက်တာတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ ကျနော်တို့ တူညီတဲ့ ကြိုးစားအားထုတ်မှုတွေကို ပြတဲ့အနေနဲ့ အခု ဒီအဆင့် ဒီမူကြမ်းကို မဲမခွဲဘဲ အားလုံးတစ်သဘောတည်း ဆုံးဖြတ်ပေးမယ်ဆိုတာ ကျနော်တို့ ယုံကြည်ထားပါတယ်။ နောက်ဆုံးအနေနဲ့ အခု ဒီ ဆုံးဖြတ်ချက်ကိုရော လူ့အခွင့်အရေးကောင်စီကိုပါ ဆက်ပြီး အလေးထား ပူးပေါင်းဆောင်ရွက်ပါလို့ မြန်မာအစိုးရကို ထပ်ပြီး တောင်းဆို ချင်ပါတယ်။” - လို့ တူရကီ ကိုယ်စားလှယ် မစ္စတာ ဇာဗီးယား အက်စ်တီးဗ်းက ပြောသွားပါတယ်။
အိန္ဒိယနိုင်ငံ ကိုယ်စားလှယ် မစ္စတာ မန်နြူ မဟာဝါ (Mr. Munu Mahawar) ကတော့ မြန်မာနိုင်ငံ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်တာ မလုပ်ပေမယ့် မြန်မာအစိုးရဖက်က ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုတော့ အသိအမှတ်ပြုကြဖို့ ပြောသွားပါတယ်။
“လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူး အစည်းအဝေး ခေါ်ယူကျင်းပပြီးကတည်းက မြန်မာအစိုးရအနေနဲ့က အပြုသဘော ဆောင်ရွက်ချက်တွေ အတော်များများ လုပ်လာတာ တွေ့ရပါတယ်။ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စတင် ကြိုးပမ်းလာတာ၊ အကျဉ်းသား အတော်များများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အပြုသဘောဆောင်ပြီး ဆက်ဆံလာတာ၊ အထူးသဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာပင်ညဲရိုးတို့ကို မြန်မာနိုင်ငံကို လာရောက်ခွင့် စီစဉ်ပေးတာတွေ ဖြစ်ပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာအစိုးရနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရပါမယ်။” - လို့ အိန္ဒိယကိုယ်စားလှယ်က ပြောပါတယ်။
မြန်မာကိုယ်စားလှယ် ဦးညွန့်မောင်ရှိန်ကတော့ မကြာခင်က ပြီးခဲ့တဲ့ နှစ်လလောက်ကပဲ အခု လူ့အခွင့်အရေးကောင်စီကနေ မြန်မာနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ထွက်ထားပြီးတဲ့ အချိန်မှာပဲ။ နောက်တစ်ကြိမ် အခု ဆုံးဖြတ်ချက် ထပ်လုပ်မယ်ဆိုတာဟာ သူတို့ကို ဖိအားပေးနေတာပဲလို့ အခုလို ကန်ကွက်ခဲ့ပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ထားလျက်နဲ့ အခုလို နောက်တစ်ကြိမ် လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ထပ်ချတာကို ကြည့်မယ်ဆိုရင် အင်အားကြီးတဲ့နိုင်ငံတွေကနေ နိုင်ငံရေးရည်မှန်းချက်နဲ့ မြန်မာနိုင်ငံကို ဖိအားတွေ ပေးနေတယ်ဆိုတာ ပြနေပါတယ်။ အခုလို နိုင်ငံရေး ရည်မှန်းချက်မျိုးနဲ့ ဆောင်ရွက် ချဉ်းကပ်တာမျိုးကို ကျနော်တို့ လက်မခံပါဘူး။
ဒါပေမယ့်လို့ ကျနော်တို့ကို အားပေးထောက်ခံတဲ့ မိတ်ဆွေတွေကိုတော့ အထူး ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက် အကဲစမ်းချက်တွေကို နားလည်မှုရှိရှိနဲ့ ရပ်တည် ပေးသလို၊ ကျနော်တို့ ကတိပေးထားတဲ့ နိုင်ငံရေး လမ်းညွန်မြေပုံအတိုင်း လုပ်ဖို့ သူတို့ကို အားပေးထောက်ခံပါတယ်။” - လို့ မြန်မာကိုယ်စားလှယ် ဦးညွန့်မောင်ရှိန်က ပြောသွားပါတယ်။
မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့ကတော့ တစ်လေသံတည်းပါ။ အိန္ဒိယ ကိုယ်စားလှယ် ပြောတဲ့အတိုင်းပဲ တရုတ်ကိုယ်စားလှယ် မစ္စတာ ဘို ဂျန် (Mr. Bo Gian) ကတော့ မြန်မာအစိုးရဖက်က ပူပေါင်းဆောင်ရွက်မှုကို ကုလသမဂ္ဂဖက်ကလည်း အသိအမှတ်ပြုရမယ်၊” - လို့ တောင်းဆိုပါတယ်။
“အခုနောက်ပိုင်း လူ့အခွင့်အရေးကောင်စီရဲ့ အထူး အစည်းအဝေးပြီးကတည်းက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ မြန်မာအစိုးရရဲ့ အပြုသဘော ခြေလှမ်းတွေကြောင့် တိုးတက်လာပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် လာရောက်ခွင့်ပေးတာ ကြည့်မယ်ဆိုရင်လည်း ဒါဟာ မြန်မာစစ်အစိုးရဖက်က နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သဘောထား ရှိတယ်ဆိုတာ ပြနေတာပါ။ ဒါကို လူ့အခွင့်အရေးကောင်စီအနေနဲ့ အားပေး အသိအမှတ်ပြုသင့်ပါတယ်။” - လို့ တရုတ်ကိုယ်စားလှယ်က ပြောတာပါ။
ဒါပေမယ့် တရုတ်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ချရေးမှာ သူကိုယ်တိုင် မူကြမ်း ပြင်ဆင်ညှိုနှိုင်းရာမှာ ပါဝင်ခဲ့တယ်လို့ ဆိုတော့ အခု ထွက်လာတဲ့ ဆုံးဖြတ်ချက်ကို တရုတ်ကလည်း ထောက်ခံထားတယ်လို့ ပြောရမှာပါ။
“အခု ဆုံးဖြတ်ချက်မူကြမ်းအပေါ်မှာ တရုတ်အနေနဲ့က အပြုသဘော ဆောင်ပြီး ပါဝင် ညှိုနှိုင်းဆွေးနွေးခဲ့ပါတယ်။ အားလုံး တစ်သဘောတည်းဖြစ်အောင် အပြုသဘောဆောင်
ပါဝင်ဆွေးနွေးသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ဒီဆုံးဖြတ်ချက်မူကြမ်းဟာ လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာအစိုးရအကြား အပြုသဘောဆောင် ဆက်ဆံ ဆွေးနွေးမှုတွေ ဖြစ်လာစေမယ်လို့ တရုတ်နိုင်ငံအနေနဲ့ မျှော်လင့်ပါတယ်။” - လို့ ပြောတာပါ။
ရုရှားနိုင်ငံကတော့ ဆုံးဖြတ်ချက်ထဲမှာ စာသားအားလုံးကို လက်ခံတာ မဟုတ်ပေမယ့်လို့ ဒီဆုံးဖြတ်ချက်က မြန်မာနိုင်ငံတွင်းက နိုင်ငံရေး လုပ်ငန်းစဉ်တွေကို မထိခိုက်တာကြောင့် သူတို့ ထောက်ခံလိုက်တယ်လို့ ဆိုပါတယ်။ ရုရှားကိုယ်စားလှယ် မစ္စတာ အိုလက် မော်ဂူနောဗ့် (Mr. Oleg Malguinov) က အခုလို ပြောသွားပါတယ်။
“အခု ဆုံးဖြတ်ချက်ပါ စာသားအားလုံးကိုတော့ ကျေနပ်လက်ခံတာ မဟုတ်ပါဘူး။ ဒီအထဲမှာ ပိုပြီး သမာသမတ်ကျမယ့် အသုံးအနှုန်းမျိုးတွေ သုံးသင့်ပါတယ်။ ဒါပေမယ့်လို့ အခု ဆုံးဖြတ်ချက်မူကြမ်းကို လက်ခံ အတည်ပြုလိုက်ခြင်းအားဖြင့် အခြေအနေတွေကို ပုံမှန်အတိုင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်းက နိုင်ငံရေးလုပ်ငန်းစဉ်တွေကို မထိခိုက်စေဘူးလို့ ကျနော်တို့ စဉ်းစားမိပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်မူကြမ်းကို ကျနော်တို့ ထောက်ခံပါတယ်။” - လို့ ရုရှားကိုယ်စားလှယ်က ပြောသွားတာပါ။
အခု ဆုံးဖြတ်ချက်ထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာပင်ညဲရိုး အနေနဲ့ မြန်မာနိုင်ငံကို ထပ်မံသွားရောက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့၊ မြန်မာအစိုးရဖက်ကလည်း ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်တို့ အကြံပြုထားတဲ့ အချက်အလက်တွေကို လေးစားလိုက်နာဖို့၊ ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ
တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။ အခုလို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံရေးနဲ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေအပေါ် ဘယ်လောက် အထိ အရေးပါလာနိုင်ပါသလဲ၊ NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂ ရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပြပေးပါဦး။
“ဒါကို ကြည့်ခြင်းအားဖြင့် လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ အာရုံစူးစိုက်မှုဟာ ဦးစားပေး အစီအစဉ်မှာ ရှိနေတယ်။ အချိန်တိုအတွင်း ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရေးပေါ် အစည်းအဝေး ခေါ်တယ်၊ အခု ဒီဇင်ဘာမှာ ဒီကိစ္စကို ထပ်မံ ဆွေးနွေးတယ်။ တခါ ထပ်ပြီး ဆုံးဖြတ်ချက်တွေ ချပြီး လာမယ့် မတ်လမှာ ထပ်ဆွေးနွေးဖို့ အစီအစဉ် လုပ်တယ်ဆိုတာ - ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာ့အရေးကိစ္စဟာ လူ့အခွင့်အရေးကောင်စီရဲ့ ဦးစားပေး အစီအစဉ်မှာ ပါနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။”
မစ္စတာ ပင်ညဲရိုးအနေနဲ့ မြန်မာနိုင်ငံကို ထပ်သွားပြီး အသေးစိတ် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးကောင်စီက ပြောထားတဲ့အခါကျတော့ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ အသေးစိတ် ဖော်ထုတ်နိုင်မယ့် အလားအလာ အခု ပေါ်လာပြီလို့ ပြောလို့ရမလားခင်ဗျ။ -
“အဲဒါကတော့ နိုင်ငံတကာကနေ တွန်းအားပေးဖို့ လိုပါတယ်။ မစ္စတာ ပင်ညဲရိုးအနေနဲ့ တွေ့ဆုံချင်သူတွေ တွေ့နိုင်ဖို့၊ ဆုံးဖြတ်ချက်ထဲမှာဆိုရင် သူသွားတာတင် မဟုတ်ဘဲ သူ့ကို အထောက်အကူ ပေးနိုင်မယ့် ကျွမ်းကျင်သူတွေပါမယ့် အဖွဲ့အနေနဲ့ သွားနိုင်ဖို့ပေါ့၊ ဒါဆိုရင် စုံစမ်း လေ့လာမှုတွေက ပိုပြီး အသေးစိတ် လုပ်နိုင်မယ်၊ အချိန်ပိုပေးနိုင်မယ်။ ပူးပေါင်း ဆောင်ရွက်မှုပိုင်းကတော့ နအဖ ဖက်ကို နိုင်ငံတွေအားလုံးက တွန်းအားပေးဖို့ လိုပါလိမ့်မယ်။”
ဒါကတော့ NCGUB ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်း ပြောတာပါ။ အခု လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရတော့ ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂအနေနဲ့ အသေးစိတ် စုံစမ်းသွားမယ့် သဘောလို့ ဆိုရမှာပါ။ ဒါ့အပြင် ဆုံးဖြတ်ချက်ပါ အကြံပြုချက်တွေကို စစ်အစိုးရဖက်က ဘယ်လောက်အထိ လေးစားလိုက်နာမလဲဆိုတာ စောင့်ကြည့်သွားမယ်လို့လည်း ဆိုထားပါတယ်။
မြန်မာအစိုးရဖက်က ဒီဆုံးဖြတ်ချက်ဟာ သူတို့ကို ဖိအားပေးနေတယ်လို့ ဆိုလင့်ကစား - ဒီဆုံးဖြတ်ချက်မှာက အမေရိကန်ပြည်ထောင်စုကလည်း ပါတာ မဟုတ်ပါဘူး။ သူတို့ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ တရုတ်တို့ အာဆီယံတို့ကလည်း ထောက်ခံထားတယ် ဆိုတော့ မြန်မာအစိုးရအတွက်တော့ အကြပ်ရိုက်စရာ ဖြစ်နိုင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။