ဗုဒ္ဓဘာသာသာသနာ မပျက်သုဉ်းရေးဆိုတဲ့ လှုပ်ရှားဖို့ ရည်ရွယ်ချက် အပါအဝင် ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေ ဆက်လုပ်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရွှေဝါရောင် သောတုဇနဘိက္ခူ ထိုင်း-မြန်မာနယ်စပ် ဆိုတဲ့အဖွဲ့တဖွဲ့ ပေါ်ထွက် လာပါတယ်။
စက်တင်ဘာလ ငြိမ်းချမ်းစွာ ဆန္ဒပြကြွချီပွဲတွေမှာ ပါဝင်ခဲ့ပြီးတော့ စစ်အာဏာပိုင်တွေက လိုက်လံဖမ်းဆီးတာကို ရှောင်တိမ်းရင်းနဲ့ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်လာတဲ့ သံဃာတော်တွေ စုပေါင်းပြီး ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ တာဝန်ခံ သံဃာတော်က မိန့်ကြားပါတယ်။
ပြန်ကြားရေး တာဝန်ခံ ဦးရေဝတကို ဦးကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ပထမဦးဆုံး အဖွဲ့ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက် လေးချက်ကို အနှစ်ချုပ် မိန့်ကြားပေးဖို့ လျှောက်ထားတဲ့ခါမှာတော့ ဦးပဉ္ဇဉ်းက အခုလို မိန့်ကြားပါတယ်။
“ဦးပဉ္ဇဉ်းတို့အနေနဲ့ ဒီပြည်ပမှာရောက်ရှိနေတဲ့ ဒီရဟန်းရှင်လူတွေရော၊ ပြည်တွင်းမှာရှိနေတဲ့ ရဟန်းရှင်လူတွေရော ဒီ စက်တင်ဘာလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ ရဟန်းသံဃာတွေ၊ ရဟန်းရှင်လူတွေ အကုန်လုံး အပါအဝင် အခုလက်ရှိ နအဖအစိုးရက လိုက်လံဖမ်းဆီးနေလို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သံဃာတော်တွေ၊ အစိတ်စိတ်အမွှာမွှာ ဖြစ်နေတာပေါ့နော်၊ ဒါကို ဦးပဉ္ဇဉ်းတို့ကနေပြီးတော့ တစုတစည်းတည်း ဖြစ်အောင်၊ ဦးပဉ္ဇဉ်းတို့က ပြည်ပနိုင်ငံမှာရှိနေတဲ့ သံဃာတော်၊ ဆရာတော် အရှင်သူမြတ်တွေနဲ့ အဆက်အသွယ်ရအောင် ဦးပဉ္ဇဉ်းတို့အနေနဲ့ အခြေစိုက်ပြီး လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။”
တင်ပါ့ဘုရား၊ အရှင်ဘုရားတို့က ပြီးခဲ့တဲ့စက်တင်ဘာလ မေတ္တာပို့ ကြွချီပွဲတွေမှာ ပါဝင်တဲ့ သံဃာတော်တွေနဲ့ ဖွဲ့စည်းတာလားဘုရား။ -
“ဟုတ်ကဲ့ ဒကာကြီး၊ ဒီအထဲမှာ အဖွဲ့ဝင်အနေနဲ့ရော၊ ကော်မရှင်အနေနဲ့ရော၊ ပြန်ကြားရေးအနေနဲ့ရော ပါဝင်တဲ့ ရဟန်းသံဃာ အကုန်လုံးကတော့ စက်တင်ဘာ လှုပ်ရှားမှုထဲမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။”
တင်ပါ့ဘုရား၊ တပည့်တော်တို့ သိထားသလောက်က ဒီဘက်မှာ မစိုးရိမ်တိုက်ဟောင်း ဆရာတော်ဘုရားကြီးနဲ့ သာသနာ့မော်လီ၊ သာသနာ့ ဥသျှောင်အဖွဲ့ ဆိုပြီးတော့ ဖွဲ့စည်းထားတယ်လို့ တပည့်တော်တို့ သိထားပါတယ်ဘုရား။ ဒီ သာသနာ့ ဥသျှောင်အဖွဲ့နဲ့ အရှင်ဘုရားတို့ ရွှေဝါရောင် သောတုဇနဘိက္ခူအဖွဲ့ ဘယ်လိုများ ကွာခြားမှုရှိပါလဲဘုရား။ ဘယ်လို ပူးပေါင်းဆောင်ရွက်မှု ရှိပါသလဲဘုရား။ -
“ဒါ ဦးပဉ္ဇဉ်းတို့အနေနဲ့ အကျဉ်းချုံးပြီး ပြောရမယ်ဆိုရင်တော့ ဦးပဉ္ဇဉ်းတို့ သာသနာ့ဥသျှောင်အဖွဲ့ရဲ့ သြဝါဒကိုလည်း ဦးပဉ္ဇဉ်းတို့က ခံယူထားတယ်၊ နောက်တစ်ချက်အနေနဲ့ မြန်မာနိုင်ငံက သံဃာ့တပ်ပေါင်းစုအဖွဲ့ ကြေညာထားတာ ရှိပါတယ်။ ပြည်တွင်း ဘယ်နေရာမှာမဆို၊ ပြည်ပ ဘယ်နေရာမှာမဆို၊ နယ်စပ်ဒေသ ဘယ်နေရာမှာမဆို သံဃာ ၅ ပါး အထက်ဆိုလို့ရှိရင် ဦးပဉ္ဇဉ်းတို့ အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရှိတယ်လို့ ပထမဦးဆုံး မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုက ကြေညာထားတဲ့အတွက် ဦးပဉ္ဇဉ်းတို့ အနေနဲ့ ဒီမှာ ၅ ပါးလည်းမက၊ ၁၀ ပါးလည်းမက ဖြစ်လာတဲ့အခြေအနေ၊ နောင်တချိန်မှာလည်း ဒီ နအဖ အစိုးရ လိုက်လံဖမ်းဆီးခြင်းပြုနေတဲ့ ဒီ ရဟန်းသံဃာတွေ၊ ဦးဆောင်သံဃာတွေလည်း ရှိနေဆဲဆိုတာကို ဦးပဉ္ဇဉ်းတို့က သိတဲ့အတွက် ဦးပဉ္ဇဉ်းတို့က ဒီမှာ အခြေစိုက်ပြီးတော့ ရဟန်းသံဃာ စုစည်းရေးကို ဦးတည်ပြီးတော့ အဓိက ဦးပဉ္ဇဉ်းတို့က လုပ်ဆောင်သွားမှာပါ၊ နောက်တစ်ချက်အနေနဲ့ ဦးပဉ္ဇဉ်းတို့ကတော့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် သာသနာ့မောလီ ပေါ့နော်၊ သာသနာ့ဥသျှောင်အဖွဲ့ကိုလည်း သူတို့ရဲ့ သြဝါဒအောက်မှာပဲ ဦးပဉ္ဇဉ်းတို့က ရှိနေမယ်၊ နောက်တစ်ခုက ဦးပဉ္ဇဉ်းတို့အနေနဲ့ တတ်နိုင်သလောက် ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ၊ သံဃာတော်များ အကုန်လုံးနဲ့ သြဝါဒများ တညီတညွတ်ထဲနဲ့ ဦးပဉ္ဇဉ်းတို့က သွားကြမှာပါ။”
တင်ပါ့ဘုရား၊ အခုဆိုရင် ပြည်တွင်းမှာလည်းပဲ သံဃာထုရဲ့ လှုပ်ရှားမှု၊ လူထုရဲ့ လှုပ်ရှားမှုတွေက ရပ်တံ့သွားသလောက် ဖြစ်နေပြီလို့ တပည့်တော်တို့က သိရပါတယ်၊ အရှင်ဘုရားတို့အနေနဲ့ရော အဲဒီအခြေအနေအပေါ်မှာ ဘယ်လို ယူဆပါလဲဘုရား။ -
“ဦးပဉ္ဇဉ်းတို့အနေနဲ့ အခုချိန်မှာ ရပ်တံ့နေတယ်ဆိုတာတော့ ငြင်းဆိုရပါလိမ့်မယ်။ ရပ်တံ့တယ်ဆိုတာတော့ မရှိပါဘူး ဒကာကြီး။ ဦးပဉ္ဇဉ်းတို့ နံပါတ်လေးအချက်မှာ ပါနေတဲ့ ငြိမ်းချမ်းရေးအသွင်ကိုသာဆောင်သော လှုပ်ရှားမှုများကို အာဏာရှင် စစ်အစိုးရ ကျဆုံးသည်အထိ ဖေါ်ဆောင်ရေးလို့ ဦးပဉ္ဇဉ်းတို့က ဒီရည်ရွယ်ချက်ကို ဦးပဉ္ဇဉ်းတို့က အဓိကထားတဲ့အတွက် ဒီငြိမ်းချမ်းရေးကိုသာ အသွင်ဆောင်တဲ့ လှုပ်ရှားမှုဆိုတာ အရင့်အရင် လှုပ်ရှားမှုတွေနဲ့ ကွာဟသွားနိုင်တဲ့ လှုပ်ရှားမှုတွေလည်း ဖြစ်လာနိုင်တယ်၊ ဒါတွေကို ပြည်သူလူထုတွေ မသိသေးတာလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ ဦးပဉ္ဇဉ်းတို့အနေနဲ့ ဒီငြိမ်းချမ်းရေးကို အသွင်ဆောင်တဲ့ လှုပ်ရှားမှုတွေကိုကတော့ ဦးပဉ္ဇဉ်းတို့ ယခု လက်ရှိအချိန်ထိ လုပ်နေဆဲလည်း ဖြစ်ပါတယ်။ နောင်လည်း လုပ်ဦးမှာပါ။ ဒီလှုပ်ရှားမှုတွေကို ပြည်သူတွေသိအောင် တဆင့်ထက်တဆင့် ပြည်သူတွေသိအောင် အသိပေးသွားပါ့မယ် ဒကာကြီး။”
တင်ပါ့ဘုရား၊ ဦးပဉ္ဇဉ်းတို့လုပ်ဆောင်ခဲ့တဲ့ ပတ္တနိက္ကုဇ္ဇနကံ က အခုချိန်ထိ ဆောင်ထားတုန်ပဲလား၊ အခုအချိန်မှာ ဒီကံက ဆောင်ထားတုန်းပဲလို့ ဦးပဉ္ဇဉ်းအနေနဲ့ မိန့်ကြားလို့ ရပါလားဘုရား။
“ပတ္တနိက္ကုဇ္ဇနကံ ကတော့ ယခုအချိန်ထိ ဦးပဉ္ဇဉ်းတို့အနေနဲ့ ဆောင်ထားဆဲပါပဲ ဒကာကြီး၊ ဘာကြောင့်လဲဆိုတော့ ဦးပဉ္ဇဉ်းတို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ရဟန်းသံဃာတွေကို နအဖက စစ်လက်နက်နဲ့ ခြိမ်းခြောက်ပြီး လှူဒါန်းတာ ကတော့ ခေတ်အဆက်ဆက်၊ သမိုင်းအစဉ်အလာလည်း ရှိပါတယ်၊ အာဏာရှင် လက်နက်ကို ဘယ်လိုမှ ရုပ်ဝတ္ထုအရ တော်လှန်လို့မရပါဘူး၊ တော်လှန်လို့ မရလို့လည်း ဦးပဉ္ဇဉ်းတို့ကတော့ ပြည်တွင်းမှာရှိတဲ့ သံဃာတွေအနေနဲ့ အလှူခံကြတယ်၊ ဒါပေမယ့် သူတို့စိတ်ထဲမှာ အလှူခံချင်ရေး၊ မခံချင်ေရေး ဆိုတာကတော့ ဦးပဉ္ဇဉ်းတို့ သံဃာအဖွဲအစည်းတွေက အကောင်းဆုံး အသိဆုံးပါပဲ၊ နောက်တစ်ခုက အခု ပတ္တနိက္ကုဇ္ဇနကံကို ဦးပဉ္ဇဉ်းတို့ ဆက်လက် ကံဆောင်ထားဆဲဖြစ်ပါတယ် ဒကာကြီး။”
တင်ပါ့ဘုရား၊ အရှင်ဘုရားတို့က ပြည်ပမှာဖွဲ့စည်းတဲ့အခါကျတော့ ပြည်ပက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ပတ်သက်လို့ သုံးသပ်ချက်လေး မိန့်ကြားပေးပါဘုရား။ -
“အဲဒါကတော့ ဦးပဉ္ဇဉ်း နံပါတ်သုံံးအချက်နဲ့ပဲ ပြောရလိမ့်မှာပါ ဒကာကြီး၊ ပြည်တွင်းပြည်ပက ရဟန်းရှင်လူများ စည်းလုံးညီညွတ်ရေးလို့ ဦးဇင်းတို့က ဦးတည်ထားတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး လှုပ်ရှားမှုထဲမှာရှိတဲ့ လူပုဂ္ဂိုလ်တွေကလည်း ဒါတွေက ဦးပဉ္ဇဉ်းတို့ရဲ့ ဆွမ်းဒကာတွေပဲ ဖြစ်တယ်၊ နိုင်ငံရေး လုပ်မလုပ်ဆိုတာကလည်း သူတို့ရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်၊ ဒါကြောင့် ဦးပဉ္ဇဉ်းတို့က ဒီရည်ရွယ်ချက်အတိုင်း ပြည်တွင်းပြည်ပ နယ်စပ်ဒေသမှာရှိတဲ့ ရဟန်းရှင်လူ မည်သူမဆိုပေါ့နော် ဦးပဉ္ဇဉ်းတို့ စည်းလုံးညီညွတ်စွာ ဖြစ်ပေါ်လုပ်ဆောင်နိုင်ဖို့အရေးကို ဦးဇင်းတို့ နယ်စပ်ဒေသကနေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”