မြန်မာနိုင်ငံမှာ စက်တင်ဘာလတုန်းက ဆန္ဒပြသူတွေကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်း ဖွံဖြိုးရေး အလားအလာတွေနဲ့ပတ်သက်လို့ လေ့လာ ဆန်းစစ်ဖို့ သွားရောက်မယ့် ထိပ်တန်း ဂျာမန်လွှတ်တော်အမတ်နှစ်ဦးကို မြန်မာအစိုးရကနေ အထူး သံတမန်ဗီဇာပေးဖို့ ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ ဒီအကြောင်း ဆက်သွယ် မေးမြန်းထားတာတွေကို ဦးသားညွှန့်ဦးက အစီရင်ခံထားပါတယ်။
လက်ရှိ ဂျာမန်ဝန်ကြီးချုပ် အန်ဂီလာမာခေလ်းရဲ့ Christian Democratic Union ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ဖွံဖြိုးရေးအကူအညီများ ဆိုင်ရာ ကျွမ်းကျင်သူ လွှတ်တော်အမတ် ယူဂန် ကလင်းမ်ကက် (Juergen Klimke) နဲ့ အစိုးရနောက်ခံ ဂျာမန် ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဖရီးဒရစ်ချ် အေးဘတ် စတစ်ဖ်တို Friedrich Ebert Stiftung (FES) အဖွဲ့ဝင် လွှတ်တော်အမတ် ဟဲလ်မွတ် ခရိုးနစ်ဟောက်စ် (Hellmut Koenigshaus) တို့ နှစ်ဦး မြန်မာနိုင်ငံကို သွားရောက်မယ့်အစီအစဉ်မှာ - မြန်မာအစိုးရဖက်ကနေ သူတို့ခရီးစဉ်ကို ပုံမှန်အတိုင်း သာမန် ခရီးသွားလို လာချင်လာနိုင်တယ်၊ ဒါပေမယ့် အထူးသံတမန်ခရီးစဉ်လို အစောင့်အရှောက် မပေးနိုင်ဘူးလို့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။
တကယ်ကတော့ အခုန FES လို့ ခေါ်တဲ့ ဂျာမန်ဖောင်ဒေးရှင်းနဲ့ မြန်မာအစိုးရနဲ့က အရင်ကာလတွေကတည်းက နောက်ပိုင်းအထိကို အတော်လေး ပြေပြေလည်လည် ဆက်ဆံခဲ့ကြတာပါ။ ဒီဖောင်ဒေးရှင်အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ နည်းပညာရပ်ဆိုင်ရာ ဖွွံဖြိုးရေးဆိုင်ရာ သင်တန်းတွေပေးပြီး လူသားချင်းစာနာကူညီမှု လုပ်ငန်းအချို့ကို လုပ်နေတာပါ။ အခု လွှတ်တော်အမတ်နှစ်ဦးရဲ့ ခရီးစဉ်ဟာလည်း မြန်မာနိုင်ငံက ဖွံ့ဖြိုးမှု အလားအလာတွေကို လေ့လာဆန်းစစ်ဖို့ဆိုတော့ အရင်ပေးထားတဲ့ အကူအညီတွေရော၊ နောက်ပေးမယ့် အကူအညီ ကိစ္စတွေကိုပါ သုံးသပ်မယ့် ခရီးစဉ်လို့ မှန်းဆရပါမယ်။ ဒါပေမယ့် မြန်မာအစိုးရဖက်ကတော့ သူတို့ခရီးစဉ်ကို သံတမန်အဆင့် နေရာမပေးတဲ့သဘော သက်ရောက်နေပါတယ်။
ဒီတော့ အခု ဒီဂျာမန်အမတ်နှစ်ဦးရဲ့ မြန်မာခရီးစဉ်ကိစ္စ ဘယ်လိုများ ယူဆရပါသလဲ - အန်စီယူဘီ အမျိုးသားကောင်စီရဲ့ ဥရောပရေးရာ တာဝန်ခံ ဦးနွယ်အောင် သိထားသမျှ ရှင်းပြပါဦးခင်ဗျ။ -
“အခုသွားမယ့် ပုဂ္ဂိုလ်နှစ်ဦးဟာ ကျနော်တို့ လက်ရှိ ဂျာမန်အစိုးရထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်လေ။ ဂျာမန်အစိုးရကတော့ မြန်မာအစိုးရနဲ့ သင့်မြတ်အောင် အမြဲကြိုးစားပြီးနေတဲ့ အစိုးရဖြစ်တယ်။ ဒါကြောင့်မိုလို့ ဂျာမန်အစိုးရရဲ့ ပေါ်လစီဟာ Engagement လိုင်းကိုပဲ အမြဲ ယုံကြည်တယ်။ နှစ်ပေါင်းလည်း ၂၀ ကြာလာပြီ၊ ဒါပေမယ့် ဘာမှမဖြစ်တာလည်း သူတို့ သိတယ်။ အခု သူတို့ သွားမယ့် ပုဂ္ဂိုလ်တွေကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ အခြေအနေတွေကို တစေ့တစောင်း သူတို့ လေ့လာချင်တာကတစ်ပိုင်း၊ နောက်ပြီးတော့ သူတို့ရဲ့ နောက်ခံ Foundation တစ်ခုဖြစ်တဲ့ FES လို့ခေါ်တဲ့ Friedrich Ebert Stiftung ဖောင်ဒေးရှင်းပါ့လေ၊ အဲဒီဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေကို သူတို့ သွားပြီးတော့ လေ့လာကြည့်ရှုမယ့် ပုံသဏ္ဍန်လည်း ရှိမယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျ။”
ဟုတ်ကဲ့ခင်ဗျ၊ အခု ဥရောပနိုင်ငံ တော်တော်များများကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လူသားချင်းစာနာမှု အကူအညီတွေ ပေးရေးမှာ သန်ကြပါတယ်။ ဒါပေမယ့် အခု ဂျာမန်က ခုနကပြောတဲ့ FES က တချို့ ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာဆိုင်ရာ အကူအညီတွေ ပူးပေါင်းဆောင်ရွက်မှုတွေ မြန်မာအစိုးရနဲ့ လုပ်တယ်လို့လည်း ကြားရပါတယ်၊ အဲဒါလည်း သိသလောက် ပြောပြပါအုံး။ -
“ဒီ FES ကတော့ သူက အရင်ကတည်းက ဗိုလ်ချုပ် ခင်ညွှန့် ရှိတဲ့ အချိန်ကတည်းက ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ အဖွဲ့နဲ့ သူတို့ ထောက်လှန်းရေးအဖွဲ့နဲ့ အဆက်အသွယ် လုပ်ပြီးတော့ Project တွေဘာတွေ လုပ်ခဲ့တာတွေကို ကျနော်တို့ သိခဲ့ရပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် ခင်ညွှန့် အပယ်ခံရပြီးတဲ့နောက်ပိုင်းမှာလည်းပဲ ဒီ FES ဖောင်ဒေးရှင်းဟာ ဆက်လက်ပြီးတော့ Humanitarian ကိစ္စတွေအပြင် နောက် ဂျာမန်အစိုးရနဲ့ ဆက်သွယ်မှု ပိုကောင်းအောင်ဆိုပြီးတော့ လုပ်ဆောင်နေတာတွေကို ကျနော်တို့ သိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မကြာခင်ကပဲ သူတို့တောင်မှ ဒီ FES ဖောင်ဒေးရှင်းဟာ ပြန်ကြားရေးဌာနက ဝန်ကြီးနဲ့ သူတို့ နည်းနည်းတောင် စကားများခဲ့တဲ့ ပုံသဏ္ဍန်မျိုးတောင် ဖြစ်ခဲ့ပါသေးတယ်။ ဒီ FES နဲ့ စစ်အာဏာပိုင်တွေနဲ့ အတူလုပ်နေတဲ့ကိစ္စတွေကို တရားဝင် ထုတ်ဖော်မပြောဖို့ ဆိုပြီးတော့ သူတို့ တရားဝင် Agreement နားလည်မှု ရှိခဲ့တယ်။ ဗိုလ်ချုပ် ကျော်ဆန်းနဲ့၊ ဒါပေမယ့်လည်းပဲ ဗိုလ်ချုပ် ကျော်ဆန်းက မြန်မာ့အလင်း သတင်းစာထဲမှာ FES နဲ့ အတူတကွ လုပ်တဲ့ကိစ္စတွေကို ဖွင့်ပြီးတော့ပြောလိုက်တဲ့အတွက်ကြောင့်မိုလို့ အဲဒီမှာ သူတို့က ကတိ မတည်ဘူးပေါ့လေ၊ ဆိုတဲ့သဘောမျိုးနဲ့ သူတို့ နည်းနည်းလေး ပြဿနာ ရှိခဲ့ပါတယ်။”
အခုဟာက ဒီ FES က မြန်မာစစ်အစိုးရနဲ့ ဒီလောက်ထိ ထဲထဲဝင်ဝင် လုပ်နေတဲ့ဟာတွေကြတော့ တကယ်တမ်း အီးယူ Position၊ အီးယူနိုင်ငံတွေရဲ့ ရပ်တည်ချက်နဲ့ ဒါ နည်းနည်းကွဲလွဲနေတဲ့သဘော ဖြစ်မနေဘူးလားခင်ဗျ။ -
“ဒီဥစ္စာက ဖြစ်နေတာကတော့ မှန်ပါတယ်။ ဒါပေမယ့် FES က အစိုးရ မဟုတ်ပါဘူး။ သူက အစိုးရကို backing ပေးနေတဲ့ ဖောင်ဒေးရှင်းတစ်ခုပဲ ဖြစ်တော့ သူ့မှာ လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါကြောင်မိုလို့ အစိုးရအနေနဲ့လုပ်တာ မဟုတ်ဘဲနဲ့ ဖောင်ဒေးရှင်းတစ်ခုအနေနဲ့ စစ်အစိုးရနဲ့ ပူးတွဲပြီးတော့ လုပ်တဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဒီ အီးယူရဲ့ General Common Position ကလည်း ဘာမှ ဝင်ပြီးတော့ တားလို့ပြုလို့မရပါဘူးခင်ဗျ။”
ဟုတ်ကဲ့ခင်ဗျ၊ အခုလိုမျိုးပေါ့ တော်တော်လေး အရေးပါတဲ့ အမတ်နှစ်ယောက်ကို မြန်မာအစိုးရဖက်က လာခွင့်တော့ ပေးပါတယ်။ ဒါပေမယ့် လုံခြုံရေးမပေးဘူး ဆိုတဲ့ အထူး ဗီဇာ မပေးဘူး ဆိုတဲ့သဘောဖြစ်လာတဲ့အခါကျတော့ ဂျာမဏီ မြန်မာ ဆက်ဆံရေးက နည်းနည်း ကတောက်ကဆ ဖြစ်လာတယ်လို့ ပြောလို့ရလားခင်ဗျ။ -
“ကျနော် ထင်တာကတော့ ဂျာမန် အစိုးရဟာ အီးယူ Common Position ကိုလည်းပဲ လိုက်နာနေရတဲ့အတွက်ကြောင့်မိုလို့ အခု ပြီးခဲ့တဲ့အချိန်ပေါ့လေ၊ ကျနော်တို့ အောက်တိုဘာရော နိုဝင်ဘာရောမှာ ထုတ်ပြန်တဲ့ အီးယူ Common Decision မှာ ဒီ Sanction တွေ ချတာတွေကို တညီတညွတ်တည်း ချတဲ့အတွက်ကြောင့်မိုလို့ ဂျာမန်အစိုးရကလည်းပဲ ဆုံးဖြတ်တဲ့ထဲမှာ ပါတယ်ဆိုတဲ့ အယူအဆကို စစ်အာဏာပိုင်တွေကလည်း သိမှာဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ Sanction တွေကို ဂျာမန်အစိုးရက လက်ခံရလဲဆိုတဲ့ မေးခွန်းကို သူတို့က မေးချင်တဲ့သဘောမျိုးနဲ့ အခုလို ဂျာမန် လွှတ်တော်အမတ်တွေ မြန်မာပြည်သွားဖို့အတွက်ကို သူတို့ နည်းနည်းပါးပါး၊ အဲဒီလို အနည်းငယ်ပေါ့လေ Full Diplomatic Rights တွေ မပေးဘဲနဲ့ နည်းနည်း နိမ်တဲ့သဘောမျိုးနဲ့ - မင်းတို့ဘာသာ မင်းတို့ လာချင်ရင်လာ၊ ငါတို့ကတော့ မင်းတို့ကို Direction တွေ၊ Diplomatic အခွင့်အရေးတွေ မပေးနိုင်ဘူးဆိုတဲ့ သဘောမျိုး အဲဒီလိုပဲ ဒါ စမ်းသပ်တာဖြစ်မယ်လို့ ကျနော်တို့ မြင်ပါတယ်ခင်ဗျ။”
ဒါကတော့ အန်စီယူဘီ ဥရောပရေးရာ တာဝန်ခံ ဦးနွယ်အောင် ပြောခဲ့တာပါ။ အခု ဒီ ဂျာမန်အမတ်နှစ်ဦးရဲ့ ခရီးစဉ်ကို စီစဉ်ထားတာဟာ လာမယ့် ဇန်နဝါရီလ ပထမအပတ်ထဲမှာ ဖြစ်တယ်လို့ ဒီဘီအေ သတင်းဌာနက ဖော်ပြထားပါတယ်။ အခုလို ဂျာမတ်အမတ်နှစ်ဦးရဲ့ခရီးစဉ်ကို အထူးသံတမန်ခရီးအဖြစ် ဗီဇာမပေးခဲ့ဘူး ဆိုတဲ့အပေါ် ဂျာမန် နိုင်ငံခြားရေးဌာနကိုရော၊ သက်ဆိုင်ရာ အမတ်ရုံးတွေကိုပါ ဆက်သွယ်ခဲ့ပေမယ့် အခု ရုံးပိတ်ရက်ဖြစ်တာကြောင့် သူတို့ဖက်က တုံ့ပြန်ချက်တွေတော့ မရခဲ့ပါဘူး။