သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်ရန် ပျက်ကွက်သဖြင့် မြန်မာစစ်အစိုးရကို အရေးယူဒဏ်ခတ်ရန် ကနေဒါအစိုးရ ဆုံးဖြတ်


စစ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ဆက်ပြီး ဖိနှိပ်နေမယ်ဆိုရင် အီးယူ ဥရောပသမဂ္ဂက ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုမျိုးတွေ ပြုလုပ်ဖို့ အဆင်သင့်ပဲလို့ ပြောဆိုလိုက်တဲ့ သောကြာနေ့မှာပဲ ကနေဒါနိုင်ငံကလည်း စစ်အစိုးရဟာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တာ မရှိတဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ အရေးယူဒဏ်ခတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒီအကြောင်းကို ဒေါ်နန္ဒာချမ်း က တင်ပြထားပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီ ထွန်းကားအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရကို ထပ်ခါတလဲလဲ တောင်းဆို တိုက်တွန်းနေပေမယ့် မြန်မာစစ်အစိုးရဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ဖို့ လုံး၀ ဆန္ဒမရှိဘူးလို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မတ်ဇင်း ဘန်ရေး က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ အခြေခံလွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေကို မြန်မာစစ်အစိုးရဟာ လုံးဝကို ဆက်ပြီးတော့ ဥပေက္ခာ ပြုနေတယ်၊ ဒါကြောင့်လည်း အခု ကနေဒါကချမှတ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ မြန်မာစစ်အစိုးရအပေါ် ဖိအားပေးဖို့အတွက် အကောင်းဆုံး လုပ်နိုင်တဲ့ အရေးယူဒဏ်ခတ်မှုလို့ပဲ သူ ယုံကြည်တဲ့အကြောင်းလည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မတ်ဇင်း က ပြောဆိုခဲ့ပါတယ်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မတ်ဇင်းရဲ့ အခုလို ပြောဆိုမှုကို မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ကနေဒါ ပါလီမန်အမတ်များအဖွဲ့ ဥက္ကဌ လယ်ရီ ဘက်ခ်နေဲး ကလည်း ထောက်ခံလိုက်ပြီး မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အတွက် စစ်အစိုးရဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“စစ်အစိုးရဟာ မြန်မာပြည်ပြောင်းလဲရေးအတွက် လုပ်နေကောင်းလုပ်နေမှာပါ။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်ပါဘူး။ မြန်မာစစ်အစိုးရအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ပြီးတော့လည်း ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း ပြန်လွှတ်ပေးသင့်ပါတယ်။ တချို့ကို ပြန်လွှတ်ပေးနေတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အကျဉ်းထောင်ထဲမှာ လွှတ်ပေးရမယ့် နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ရှိနေဆဲပါ။ ဒါကြောင့် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ကျနော်တို့ ဆက်ပြီး ဖိအားပေးဖို့ လိုနေပါသေးတယ်။”

မြန်မာနိုင်ငံမှာ စက်တင်ဘာလတုန်းက သံဃာတွေဦးဆောင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက်ပိုင်း ကနေဒါအစိုးရ အပါအဝင် အနောက်နိုင်ငံကြီးတွေက မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခု ကနေဒါအစိုးရ ချမှတ်ခဲ့တဲ့ အရေးယူဒဏ်ခတ်မှုတွေထဲမှာ - ကနေဒါမှာရှိတဲ့ မြန်မာစစ်အစိုးရနဲ့ သူတို့နဲ့ နီးစပ်သူ အသိုင်းအဝိုင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို သုံးစွဲခွင့် ကန့်သတ်ထားတာ၊ မြန်မာနိုင်ငံမှာ ငွေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ လူသားချင်းစာနာမှု အထောက်အပံ့ ပစ္စည်းတွေကလွဲလို့ မြန်မာပြည်ကို ကနေဒါက တင်ပို့နေတာတွေအပါအဝင် မြန်မာသင်္ဘောတွေနဲ့ လေယာဉ်တွေ ကနေဒါနိုင်ငံမှာ ဆိုက်ကပ်ခွင့် မပြုတော့တာတွေပါ ပါဝင်ပါတယ်။ ဒီလို ကနေဒါ အပါအဝင် အနောက်နိုင်ငံတွေရဲ့ မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေက အပြုသဘော မဆောင်ဘူး၊ မြန်မာပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်စေတယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ဒီအပေါ်မှာ မစ္စတာ လယ်ရီ က -

“ကံမကောင်းစွာပဲ မြန်မာစစ်အစိုးရဟာ တိုင်းပြည်အတွက် ရရှိနေတဲ့ ငွေတွေကို သူတို့ပဲ သုံးစွဲ နေတာပါ။ အခုလို မြန်မာစစ်အစိုးရကို အရေးယူဒဏ်ခတ်တာက အထောက်အကူ ဖြစ်စေမှာပါ။ ဒါပေမယ့် ကနေဒါအစိုးရက မြန်မာပြည်သူတွေ အတွက် ထောက်ပံ့ပေးနေတဲ့ လူသားချင်းစာနာမှု အထောက်အကူတွေကို ဖြတ်တောက်တာ မဟုတ်ပါဘူး။ တကယ်တော့ ကနေဒါအစိုးရက မြန်မာစစ်အစိုးရအတွက် အထောက်အကူဖြစ်စေမယ့် စီးပွားရေးလုပ်ငန်း တွေကိုပဲ အရေးယူတာဖြစ်ပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းတွေကို လုပ်ရတာကလည်း မြန်မာစစ်အစိုးရက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင် ပတ်သက်နေလို့ပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာစစ်အစိုးရ လုပ်နေတာတွေဟာ အကန့်အသတ် ဖြစ်လာပြီး၊ မြန်မာပြည်ဒီမိုကရေစီရေးအတွက် ဖိအားပေးနိုင်မှာဖြစ်ပါတယ်။”

ဒါကတော့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ ကနေဒါ ပါလီမန်အမတ်များအဖွဲ့ ဥက္ကဌ လယ်ရီ ဘက်ခ်နေဲး ဖြစ်ပါတယ်။ ကနေဒီယန် မြန်မာ့မိတ်ဆွေများအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်မောင်ထူးကလည်း - မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အတွက် အရေးယူဒဏ်ခတ်မှုအပြင် သံတမန် သီးသန့်စေလွှတ်ဖို့ ကနေဒါအစိုးရကို တိုက်တွန်းနေတယ်လို့ အခုလို ပြောပါတယ်။

“ကနေဒါ အစိုးရအနေနဲ့ကတော့၊ သူတို့ကတော့ အပြောင်းအလဲကို ဖြစ်စေချင်တယ်ဆိုတာ ဒါကတော့ လုံးဝကို ရှင်းပါတယ်။ ဒါပေမယ့် အပြောင်းအလဲတစ်ခုကို ဖြစ်ဖို့၊ ကနေဒါ အစိုးရကိုလည်း ကျနော်တို့က ပြောပါတယ်။ မြန်မာပြည်အတွက် တစ်စုံတစ်ခုပေါ့နော် ဖြစ်လာနိုင်ဖို့ပေါ့နော်၊ ဖိအားပေးမှုကတော့ လုပ်ငန်းစဉ်တစ်ရပ်ပေါ့နော် ဒါပေမယ့်လည်း တစ်ဖက်မှာလည်းပဲ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့အတွက် ကနေဒါအစိုးရအနေနဲ့ မြန်မာပြည်အတွက် အထူး သံတမန်တစ်ယောက် ပုံစံမျိုး ခန့်အပ်ပြီးတော့ လုပ်ဆောင်ဖို့ပေါ့နော် တစိုက်မတ်မတ်ပေါ့နော် တစ်ချက်ထဲမဟုတ်ဘဲ၊ နှစ်ချက်ထဲ မဟုတ်ဘဲနဲ့ပေါ့နော် အဲလိုမျိုး ကျနော်တို့ တိုက်တွန်းနေတာတွေ ရှိပါတယ်။ အဓိကကတော့ မြန်မာပြည်မှာ တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုပေါ့နော် ဖြစ်ပေါ်လာနိုင်ဖို့ ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရကြားမှာပေါ့နော် ဖြစ်လာဖို့အတွက်က သူတို့ အနေနဲ့ဆက်ပြီးတော့ လုပ်သွားလိမ့်မယ်လို့ ကျနော်တို့တော့ မျှော်လင့်ပါတယ်။”

ဒါကတော့ မြန်မာနိုင်ငံမှာ စက်တင်ဘာလတုန်းက သံဃာတွေဦးဆောင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ကနေဒါအစိုးရကနေ ပြင်းထန်တဲ့ အရေးယူ ဒဏ်ခတ်မှုလုပ်ဖို့ သောကြာနေ့က အတည်ပြုခဲ့တာနဲ့ပတ်သက်ပြီး ကနေဒါ မြန်မာ့မိတ်ဆွေများအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်မောင်ထူး က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG