ကုလသမဂ္ဂ ကမကထလုပ်ကျင်းပတဲ့ ဘာလီကျွန်း ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ ညီလာခံမှာ တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေက ကမ္ဘာကြီးပူနွေးလာတာနဲ့ပတ်သက်တဲ့ သဘောတူညီချက် စာချုပ်သစ်အတွက် ၂၀၀၉ ခုနှစ်မတိုင်ခင် စေ့စပ်ဆွေးနွေးရေးကို သဘောတူလိုက်ကြပါတယ်။ ဒီ သဘောတူညီချက် စာချုပ်သစ်ကို နိုင်ငံအားလုံးက သက္ကရာဇ် ၂၀၁၂ မှာ လိုက်နာရမှာဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ကုလသမဂ္ဂ အခြခံသဘောတူညီချက် ချမှတ်ရေး အကြီးအကဲက ဒီ သဘောတူညီချက်ကို ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ဘာလင်တံတိုင်းလို့ ခေါ်ဝေါ်လိုက်ပါတယ်။ ဘာလီ လမ်းပြမြေပုံ လမ်းညွှန်ချက်တွေက ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့ နိုင်ငံတွေအကြား နှစ်ပေါင်းများစွာ ခြားနားနေခဲ့တဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှု လျော့ချသင့်တယ်ဆိုတဲ့ တာဝန်ယူရေး ဝန်ထုပ်ဝန်ပိုးတွေကို ဖြိုဖျက်လိုက်တာလို့လည်း Yvo de Boer ရော့်ဗ် ဒီ ဘိုရာက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဖိအားပေးမှုကြောင့် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေအနေနဲ့ ၂၀၁၂ ခုနှစ်မှာ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှုလျော့ချရေးအတွက် ဘာလီ သဘောတူညီချက်က တိတိကျကျ သတ်မှတ်ချက်တွေဖေါ်ပြမထားပါဘူး။ ဥရောပအဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြား ညီလာခံတက်ရောက်တဲ့ နိုင်ငံအများစုကတော့ ဒီလို ဖန်လုံအိမ်ဓါတ်ငွေ့လျော့ချရေး ဦးတည်ချက်ကို ထောက်ခံကြပါတယ်။
International Greenpeace လို သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး အဖွဲ့တွေက ဖွံဖြိုးပြီးနိုင်ငံတွေအတွက် အဆိုပြုထားတဲ့ သူ့သဘောနဲ့သူ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှု လျော့ချရေးအဆိုပြုချက်တွေကို ဝေဖန်လိုက်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ သိသာမြင်သာပြီး တိုင်းထွာနိုင်မယ့်အပြင် အချက်အလက်တွေကို ထုတ်ပြန်နိုင်ပြီး မှန်မမှန်ဖေါ်ထုတ်နိုင်တဲ့ အခြေအနေအထိ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှု လျော့ချဘို့ ဘာလီ လမ်းပြမြေပုံ လမ်းညွှန်ချက်တွေမှာ ဖေါ်ပြထားပါတယ်။
ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို လေထု သန့်စင်တဲ့ နည်းပညာတွေနဲ့ ငွေကြေးထောက်ပံ့ဘို့ တောင်းဆိုချက်ကို အမေရိကန် ပြည်ထောင်စုက ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပြီး နောက်ဆုံးအချိန်ကြမှ သဘောတူခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုဘက်က စေ့စပ်ဆွေးနွေးနေသူတွေရဲ့ အကြီးအကဲ ပေါ်လာဒေါ်ဗရင် စကီ Paula Dobriansky ကတော့ အခြား ကိုယ်စားလှယ် တွေရဲ့ ဆူဆူ ညံညံကန့်ကွက်သံတွေကြားမှာ သူပြောဆို တင်ပြချက်တွေကို ချက်ခြင်းပြန်လည် ပြင်ဆင်ခဲ့ပါတယ်။