သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ရွေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသွေးလှူဒါန်း


အင်္ဂါနေ့မှာ ကျရောက်မယ့် နိုင်ငံတကာရွေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားအချို့ လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံက မြန်မာ အလုပ်သမားတွေမှာ အခွင့်အရေးကို အပြည့်အ၀ မရကြသေးပါ။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ် ထိုင်းအခြေစိုက်သတင်းထောက် ဒေါ်အေးအေးမာက သတင်း ပေးပို့ထားပါတယ်။

လာမယ့် ဒီဇင်ဘာလ (၁၈)ရက်နေ့ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ အလုပ်သမားတွေက သွေးလှူဒါန်းမှု လုပ်ခဲ့ပါတယ်။ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ရောင်ခြေဦးအဖွဲ့က ဦးကျော်သောင်းကတော--

“ချုလာ အမျိုးသား သွေးလှူဘဏ်မှာ ကျနော်တို့က အလုပ်သမားအကုန်လုံး (၇၀)ကျော် လောက်ပါတယ်။ အဲဒီအထဲမှာ အိပ်ရေးပျက်ထားတဲ့ အလုပ်သမားတွေ၊ နောက်ပြီးတော့ လိုအပ်တဲ့ ကျန်းမာရေး မပြည့်စုံတဲ့ အလုပ်သမားတွေ မလှူခဲ့ရဘူးပေါ့။ အကုန်လုံး သွေးလှူခဲ့ရတာ (၄၂)ယောက် လှူခဲ့ရတယ်။ လူတွေကတော့ အများကြီးပါ။ အားရဖို့လည်းကောင်းတယ်။ ဝမ်းသာဖို့လည်း ကောင်းတယ်၊”

မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းနိုင်ငံထဲကို ခိုးဝင်လာသူတွေ၊ ထိုင်းနိုင်ငံ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသူတွေ၊ ကုူးစက်ရောဂါပိုးတွေကို သယ်ဆောင်လာသူတွေအဖြစ် ထိုင်းနိုင်ငံက ထင်မြင်နေတာကြောင့် သူတို့ရဲ့ သန့်ရှင်းတဲ့စေတနာကို ပြသလိုက်တာလို့လည်း ဦးကျော်သောင်းက ဆက်လက်ပြောသွားပါတယ်။

“ ထိုင်း လူ့အဖွဲ့အစည်း၊ ထိုင်းအစိုးရတွေက ကျနော်တို့ ဗမာပြည်သားတွေကို အမှိုက်သရိုက်၊ နောက်ပြီးတော့ သူတို့တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် အမြဲတမ်း မြင်လေ့မြင်ထရှိတယ်၊ အဲဒါ ကျနော်တို့ ဗမာပြည်သားတွေက အသက်တွေ၊ ဘဝတွေ၊ သွေးတွေနဲ့ ရင်းပြီးတော့မှ လမ်းတွေ ကျော်လာကြ၊ သေကြ၊ ကျေကြ၊ လုပ်အားတွေနဲ့ ပေးဆပ်နေကြရ၊ အမှန်က ထိုင်းနိုင်ငံ တိုးတက်ရေးအတွက် အထောက်အကူ ပြုစေတဲ့ အလုပ်သမားထုကြီးပါ။ ဒါ့အပြင်ကို သွေးလှူတယ် ဆိုတာ သန့်ရင်းတဲ့ သွေးကိုမှ လှူလို့ရသလို၊ သန့်ရှင်းစင်ကြယ်တဲ့ စိတ်ဓါတ်ရှိမှလည်း လှူလို့် ရတာကိုး၊ ကျနော်တို့ ဗုဒ္ဓဘာသာအလိုအရဆိုရင် ဝိတဒါနပေါ့၊ မိမိရဲ့ အသက်ကို အင်မတန်မှ အရေးကြီးတာ၊ အခုလိုမျိုး မြန်မာအလုပ်သမားတွေက သူတို့ရဲ့စေတနာကို ထုတ်ဖေါ် ပြသနေချိန်မှာဘဲ မဲဆောက်မြို့၊ ဘက်စောင်ကွင့်စီ ခယိုင် သိုးမွှေးစက်ရုံမှာတော့ မြန်မာ အလုပ်သမားတွေကို အလုပ်ဖြုတ်ခြင်းမရှိဘဲ ထမင်းဖြတ်၊ ရေဖြတ်၊ မီးဖြတ်မှုတွေကို လုပ်နေတာကြောင့် အလုပ်သမား (၅၀၀)ကျော်ဟာ အလုပ်သမားအခွင့်အရေးရုံးကို တိုင်ကြားဖို့ အတွက် ကြိုးစားနေကြပါတယ်။ အောက်တိုဘာလကစပြီး အလုပ်သမား (၃၀၀)ကျော်ကို ဘက်စောင်ကွင့် သိုးမွှေးစက်ရုံကနေ အလုပ်ဖြုတ်ပစ်ခဲ့ပြီး နောက်ဆုံးကျန်နေတဲ့ အလုပ်သမား(၅၀၀)ကျော်ကိုတော့ ဒီဇင်ဘာလ (၁၁)ရက်နေ့ကစပြီး မီးဖြတ်တာ၊ ရေဖြတ်တာ၊ ထမင်းဖြတ်တာ လုပ်နေကြောင်း အလုပ်သမားတဦးက အခုလိုပြောပြပါတယ်။

“ သောက်ရေကတော့ ထမင်းနဲ့အတူတူဖြတ်တာ၊ မီးကတော့ နေ့စားသမားတွေနဲ့ လစားသမား တွေကို (၁၁)ရက်နေ့ကတည်းကဖြတ်လိုက်တယ်၊ ”

ဒါကတော့ မဲဆောက်မြို့က အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံနေရတဲ့ အခြေနေတွေပါ၊ အလုပ်ရှင်အနေနဲ့ စက်ရုံပိတ်တဲ့ဟာကို ကြိုတင်ပြောကြားမရှိ၊ နစ်နာကြေးပေးဖြင်းမရှိတာကြောင့် လက်မှတ်ရှိတဲ့ အလုပ်သမား(၅၀၀)ကျော်ဟာ အလုပ်ရှင်ကို တရားစွဲဖို့လည်း စီစဉ်နေခြင်းလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG