ကိုမင်းကိုနိုင်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ
ထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်း
ဆောင်တွေကို အင်းစိန်ထောင်မကြီးကို
အာဏာပိုင်တွေက ရွှေ့ပြောင်းလိုက်တယ်လို့
၈၈ မျိုးဆက်ကျောင်းသား သတင်းရပ်ကွက်က
ပြောပါတယ်။ ကျောင်းသားခေါင်းဆောင်တွေ
ကိုလည်း သီးခြားခွဲထားလိုက်တယ်လို့ ပြောပါ
တယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက ဆက်ပြီးတင်ပြပေးထားပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ညက အရင် သီးသန့်ထောင်တွေက
နေ အင်းစိန်ထောင်မကြီးကို ပြောင်းလိုက်တယ်လို့ ထောင်ဝင်စာသွားတွေ့တဲ့ မိသားစု သတင်းရပ်ကွက်ကို ကိုးကားပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့
မနီလာသိန်းက ပြောပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကို အခြားရာဇဝတ်သား
တွေနဲ့တွဲပြီး ချုပ်နှောင်ထားတာဖြစ်တဲ့အပြင် ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်လို့ အခုလိုပြောပါတယ်။
“မနေ့ညက မိုးချုပ်မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမားကီး၊
ကိုခင်ကျော်၊ ကိုမင်းမင်းတို့ကို သီးသန့်တိုက်ကနေ ထောင်မကြီးကို ပြောင်းရွှေ့သွား
တယ်လို့ သိရပါတယ်။ ဒီနေ့ ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတု့ိအိမ်ကနေ ထောင်ဝင်စာ
သွားတွေ့တဲ့အခါမှာ ကိုမြအေးကို ကြိုးသမား criminal တယောက်နဲ့ထားတယ်လို့ သိရ
ပါတယ်။ ကိုမင်းကိုနိုင်ကို ကိုးကန့် criminal တယောက်နဲ့ထားတယ်လို့ သိရပါတယ်။
အခန်းက အရမ်းကျဉ်းပြီး လမ်းလျှောက်လို့တောင်မရဘူးလို့ သိရတယ်။ ပြီးတော့
အရှေ့မှာ အခန်းတွေရှိတဲ့အတွက် လေဝင်လေထွက်လည်းမရဘူးလို့ သိရပါတယ်။
အဲတော့ အားလုံးရဲ့ ကျန်းမာရေးအတွက် အထူးစိုးရိမ်စရာတွေ ဖြစ်နေပါတယ်”
မနီလာသိန်းပြောပြသွားတာပါ။
ဒီလို ကျောင်းသားခေါင်းဆောင်တွေကို ထောင်မကြီးကို ပြောင်းပို့လိုက်တဲ့အတွက်
စစ်အစိုးရ အာဏာပိုင်တွေဘက်က တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးဖို့ ခြေလှမ်းပြင်တာ
များလားဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ရှိနေ
ပါတယ်။
မနီလာသိန်းကတော့ လောလောဆယ် အကျဉ်းထောင်ထဲမှာ နေနေရတဲ့
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအတွက် စစ်အစိုးရမှာ
တာဝန်ရှိပြီး အခုလို ဖမ်းဆီးထားတာဟာ လူ့အခွင့်အရေးချိုးဖောက်တာလို့ ပြောဆို
ပါတယ်။
“ကျမတို့နိုင်ငံမှာ အခုဖမ်းဆီးထားတဲ့လူတွေဟာ အပြစ်မဲ့ အဖမ်းခံထားရတဲ့လူတွေ
ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေလည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြုတဲ့
သူတွေဖြစ်ပါတယ်။ အဲဒီလူတွေကို အခု လူ့အခွင့်အရေးချိုးဖောက်ခံရပြီး လူသားချင်း စာနာမှုကင်းမဲ့စွာနဲ့ ဒီလိုမျိုးပြုလုပ်နေခြင်းဟာ တရားမဲ့ပြုလုပ်နေခြင်းဖြစ်ပါတယ်။
အဲဒီအတွက် အခုဖမ်းဆီးထားတဲ့လူတွေရဲ့ ကျန်းမာရေးဟာ အထူးစိုးရိမ်စရာ ဖြစ်နေ
ပါတယ်။ ကိုမြအေးဆိုရင် နှလုံးရောဂါရှိပါတယ်။ ကိုမင်းကိုနိုင်မှာလည်း ရောဂါရှိပါ
တယ်။ အဲတော့ အားလုံးရဲ့ကျန်းမာရေးအတွက် အခုဆိုရင် အထူးစိုးရိမ်စရာကောင်း
ပါတယ်။ နေရတဲ့အခန်းကလည်း အရမ်းကျဉ်းပြီး ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေနဲ့ အတူ
မထားဘဲ တခြားသူများနဲ့ အတူထားခြင်းဟာ သူတို့အနေနဲ့ ခြိမ်းခြောက်မှု၊ နှိပ်ကွပ်မှု
တမျိုး ဖြစ်ပါတယ်”
ကိုမင်းကိုနိုင်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တွေကို အင်းစိန်ထောင်မကြီးကို လွှဲပြောင်းလိုက်တယ်ဆိုတဲ့ သတင်းနဲ့
ပတ်သက်ပြီး မနီလာသိန်း ပြောပြသွားတာပါ။