ကိုမင်းကိုနိုင်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တွေကို အင်းစိန်သီးသန့်ထောင်ထဲကနေ ရာဇဝတ်မှုကျူးလွန်သူတွေကို
ထားတဲ့ ထောင်မကြီးကို အာဏာပိုင်တွေက ရွှေ့ပြောင်းလိုက်တယ်လို့ ထောင်ဝင်စာ
သွားတွေ့တဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး တုံ့ပြန် ပြောဆိုချက်တွေကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ထောင်မကြီး
အဆောင်တွေကို ပြောင်းရွှေ့လိုက်တဲ့အပေါ် အာရှလူ့အခွင့်အရေးကော်မရှင် (AHRC)
က ဦးမင်းလွင်ဦးအနေနဲ့ ဥပဒေကြောင်းအရ ဘယ်လိုများ ပြောစရာရှိပါသလဲ။
“အခုလို ကျောင်းသားခေါင်းဆောင်တွေကို သာမန်ရာဇဝတ်သားတွေနဲ့ ရောထားတာ
က ဒီကျောင်းသားခေါင်းဆောင်တွေကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းသလိုလည်း
ဖြစ်တယ်၊ ပြီးတော့ သူတို့ရဲ့ဂုဏ်သိက္ခာပိုင်းကျဆင်းအောင် အခုလိုထားတယ်လို့ ကျနော်တို့ယူဆပါတယ်”
ဒီလိုထောင်ပြောင်းတာဟာ သူတို့အပေါ်မှာ ဥပဒေအရ စီရင်ချက်တခုချလိုက်လို့
ပြောင်းတာရော မဖြစ်နိုင်ဘူးလား။
“မဖြစ်နိုင်ပါဘူး။ ဒီလိုပြောင်းလိုက်ခြင်းအားဖြင့် သူတို့ကို အခုဆို ၃ လကျော် ဖမ်းဆီး ထိန်းသိမ်းထားတယ်၊ ဘာဥပဒေ၊ ဘာပုဒ်မနဲ့ အရေးယူထားတယ်ဆိုတာကို သူတို့
ကိုယ်တိုင်က ဖွင့်ပြောထားတာ မရှိသေးဘူး။ အဲဒီဥစ္စာက ဥပဒေနဲ့မညီပါဘူး။ နောက်
တခါ ဖမ်းဆီးထိန်းသိမ်းထားစဉ်ကာလမှာလည်း အကျဉ်းသားတွေရဲ့ အခွင့်အရေးအရ ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်ဆွေးနွေးခွင့်ရှိရမယ်၊ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရှိရ
မယ်။ အဲဒီလိုအခွင့်အရေးတွေလည်း ကျောင်းသားခေါင်းဆောင်တွေ ကာလ
တော်တော်ကြာကြာ ဆုံးရှုံးခဲ့ရတာဖြစ်တယ်။
“ဒီလိုမျိုး ဖမ်းဆီးထိန်းသိမ်းတဲ့ကိစ္စတွေမှာလည်း ဥပမာဆိုရင် အရေးပေါ်စီမံမှု ဥပဒေ
ပုဒ်မ ၅(ည) နဲ့ အရေးယူမလား၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ အရေးယူမလား၊ အမျိုးသား
ညီလာခံကို ထိခိုက်ပျက်ပြားအောင်လုပ်တဲ့ ဥပဒေနဲ့ အရေးယူမလား၊ အဲဒီလို
သက်ဆိုင်ရာဥပဒေနဲ့ ပေါ်ပေါက်ရင် ပေါ်ပေါက်သလို အရေးယူ၊ စွပ်စွဲခံရတဲ့သူတွေ
ကလည်း ရှေ့နေရှေ့ရပ်နဲ့ ငှားရမ်းထုချေပိုင်ခွင့် စတာတွေကို သူတို့ပေးရမှာဖြစ်တယ်။
အခု အဲဒါတွေကိုလည်း ကျောင်းသားခေါင်းဆောင် တော်တော်များများက ရရှိထား
ခြင်း မရှိသေးဘူး”
အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က ရှေ့နေ ဦးမင်းလွင်ဦး ရှင်းပြသွားတာပါ။
နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ၁၅ နှစ် ထောင်ထဲမှာနေခဲ့ရဘူးတဲ့ လူ့ဘောင်သစ်ပါတီ
ဒု-ဥက္ကဋ္ဌ ကိုယဉ်ထွေးကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါသေးတယ်။ သူ့ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး အခုလိုရှင်းပြထားပါတယ်။
“အဲလိုထားတယ်ဆိုတာ ၈၈ နောက်ပိုင်းမှာ ထားလေ့ထားထရှိပါတယ်။ ထူးခြားမှုက ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒါပေမယ့် သီးခြားနေရတဲ့အခါမှာ တိုက်ထဲမှာနေရ
တာရှိတယ်၊ ကိုယ့်ဘာသာ နိုင်ငံရေးအကျဉ်းသားတွေပဲ သတ်သတ်ရှိတဲ့ တိုက်ထဲမှာ
နေရတယ်။ ဒါပေမယ့် တိုက်ထဲမှာ အခွင့်အရေး ဘယ်လိုရသလဲဆိုတဲ့အပေါ် မူတည်
တယ်။ တိုက်ထဲမှာနေရပြီးတော့ တနေ့မှ နာရီဝက်လောက်ဆင်းရတယ်ဆိုရင် အဲဒီမှာ
နေရတာ မကောင်းဘူး။ တနေ့ကို သုံးနာရီ လေးနာရီလောက် ဆင်းရတယ်ဆိုရင်
တော့ တိုက်ထဲမှာနေရတဲ့ဟာက ကောင်းတယ်။
“အဆောင်မှာကျတော့ ရိုးရိုးအကျဉ်းသားတွေနဲ့ အများကြီးစုပြီး နေရတဲ့အခါကျတော့ ထောင်ပုံစံအတိုင်းသွားနေတယ်၊ သွားတဲ့အခါ မိုးလင်းတာနဲ့ ထောင်ဖွင့်မယ်၊ ညနေ
ကျရင် ထောင်ပိတ်မယ်။ ဆိုတော့ တနေကုန်တော့ အဆောင်ဝင်းအပြင်မှာ နေလို့ရ
တယ်။ နေထိုင်မှုပုံစံမှာ သာမန်အကျဉ်းသားနဲ့ ရောနေတဲ့အတွက် သီးသန့်မဖြစ်သလို အခြေအနေရှိတယ်။ ကျန်းမာရေးအရလည်း ရောဂါတွေဘာတွေ ကူးနိုင်တယ်။ စားရေးသောက်ရေးကတော့ တိုက်ထဲမှာပဲနေနေ၊ အဆောင်မှာပဲနေနေ ဘယ်အကျဉ်း
သားနဲ့ပဲနေနေ ပုံစံကတော့ အတူတူပဲ။ ဒါပဲစားရတာပဲ”
သီးသန့်ဆောင်ကနေပြီး ရာဇဝတ်မှုကျူးလွန်တဲ့လူတွေနဲ့ ရောထားတယ်ဆိုတာ
သူတို့ကို ရာဇဝတ်မှုကျူးလွန်သူအဖြစ် သတ်မှတ်တာပါလား။ အဲဒီအဓိပ္ပာယ်
သက်ရောက်သွားလား။
“သီးသန့်ဆောင်ဆိုတာ နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ သီးသန့်ဆောင်လို့ ခေါ်တာ
မဟုတ်ပါဘူး။ ထောင်မကြီးရဲ့အပြင်ဘက်မှာ ထောင်လေးသေးသေးလေးတခုလို သီးခြားဖြစ်နေတဲ့အတွက် သီးသန့်ထောင်လို့ခေါ်တာ။ ရာဇဝတ်အကျဉ်းသားတွေနဲ့ အတူတူထားတယ်ဆိုတဲ့နေရာမှာလည်း ၁၉၇၄ ခုနှစ် ဥပဒေအရ အခုနောက်ပိုင်းမှာ
သူတို့က နိုင်ငံရေးအကျဉ်းသားမရှိတော့ဘူးဆိုပြီး တလျှောက်လုံး သူတို့ ဒီတိုင်းပဲ
စွဲကိုင်ထားတယ်။
“အဲတော့ ထောင်ထဲမှာရောက်နေတဲ့ အကျဉ်းသားတွေဟာ ယေဘုယျ စားရေး
သောက်ရေး နေရေး ထိုင်ရေး အားလုံး တပြေးညီပဲ ဖြစ်တယ်ဆိုတာမျိုး သူတို့ပြောတဲ့
အတွက်ကြောင့် ထောင်ထဲမှာတော့ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားဆိုပြီး ထူးထူး
ခြားခြား အခွင့်အရေးပိုရတာ ဘာတခုမှမရှိပါဘူး။ ကိုယ်ကသာ ကိုယ့်ကိုယ်ကို နိုင်ငံ ရေးလှုပ်ရှားမှုကြောင့် နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားတာ။ အာဏာပိုင်တွေ
က တလျှောက်လုံး ငြင်းပယ်ထားတာပဲ”
အခုလိုမျိုး ပြောင်းရွှေ့လိုက်တဲ့အတွက် ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုထိခိုက်နစ်နာမှုတွေ ရှိပါသလဲ။
“အဓိက စိုးရိမ်စရာအကောင်းဆုံးအချက်ကတော့ ကျန်းမာရေးပါပဲ။ တခြားလူတွေမှာ
ရှိတဲ့ရောဂါ သူတို့ကို ကူးစက်လာနိုင်တယ်။ သူတို့ကျန်းမာရေး ချို့ယွင်းလာရင်လည်း ကျန်တဲ့လူတွေလိုပဲ ရောထွေးကုသမှုတွေ ခံရနိုင်တယ်။ ဒါက အဲလိုပဲ ဖြစ်လေ့ဖြစ်ထ
ရှိပါတယ်။ နောက် စိတ်ပိုင်းဆိုင်ရာမှာလည်း ထောင်အာဏာပိုင်တွေဆိုတာက သာမန် အကျဉ်းသားတွေအပေါ်မှာ အင်မတန်ကို အနိုင်ကျင့်တယ်။ ကိုယ့်မျက်စိရှေ့မှာ အဲလို အနိုင်ကျင့်စော်ကားတာတွေ ပုံစံမျိုးစုံနဲ့ တွေ့နေရရင် ကိုယ်လည်း စိတ်မချမ်းသာဘူး။
တခါ ကိုယ်က ဝင်ပြီး ပြောမိဆိုမိရင်လည်း ပြဿနာတွေ ထူပြောနိုင်တယ်။ ဒါကြောင့်
ဒီ သာမန်အကျဉ်းသားတွေကြားမှာထားတာကတော့ ကောင်းဖို့ထက် ဆိုးဖို့က
များပါတယ်”
ကိုယဉ်ထွေးတို့ အကျဉ်းကျခံခဲ့တုန်းကရော အခု ကျောင်းသားခေါင်းဆောင်တွေလိုမျိုး
ရာဇဝတ်မှုကျူးလွန်တဲ့လူတွေနဲ့ အတူတူနေခဲ့ရတာ ရှိပါသလား။
“ကျနော့်အနေနဲ့တော့ မရှိခဲ့ပါဘူး။ ကျနော်က တိုက်ထဲမှာချည်းပဲ တလျှောက်လုံး နေခဲ့
ရတော့၊ ထောင်ပြောင်းတော့လည်း တိုက်ထဲမှာပဲနေရတယ်။ အင်းစိန်မှာတုန်းကလည်း တိုက်ထဲမှာပဲနေရတယ်။ ဒါကြောင့် တလျှောက်လုံး ကျနော် နိုင်ငံရေးအကျဉ်းသားတွေ
နဲ့ပဲ အတူတူနေရပါတယ်”
နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ၁၅ နှစ်ကြာ ထောင်ထဲမှာနေခဲ့ရတဲ့ လူ့ဘောင်သစ်ပါတီ
ဒု-ဥက္ကဋ္ဌ ကိုယဉ်ထွေး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။