သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် ရှေးရိုးစွဲပါတီသမ္မတလောင်း အနိုင်ရရန် ရေပန်းစား


တောင်ကိုရီးယားနိုင်ငံမှာ ပြည်သူတွေ သမ္မတရွေးကောက်ပွဲမှာ မဲထည့်ဝင်ကြဖို့ နာရီ ပိုင်းပဲလိုပါတော့တယ်။ ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းဖို့က သိပ်ခက်ခက်ခဲခဲတော့
မဟုတ်ပါဘူး။ ရှေးရိုးစွဲပါတီဘက်ကဝင်ပြိုင်သူ အသာလေးနိုင်သွားလိမ့်မယ်လို့ အများ
က ယူဆထားကြပါတယ်။ ဒါပေမယ့် သူက အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး နောက်ဆုံးထွက်လာတဲ့ စွပ်စွဲချက်တွေကြောင့် အလှည့်အပြောင်းတွေများ ဖြစ်လာ
လေမလား၊ စဉ်းစားရတာတွေ ရှိလာပါတယ်။ ဒီအကြောင်း ဆိုးလ်မြို့တော်က ဗွီအိုအေ သတင်းထောက် Kurt Achin သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြ
ထားပါတယ်။

ဒီကနေ့ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဆိုးလ်မြို့တော်ဝန်ဟောင်း
လီမြောင်ဘက် (Lee Myung-bak) နဲ့ သူ့အကြံပေးတွေ ကြွေးကြော်ခဲ့ကြတဲ့ အသံ
တွေပါ။ တောင်ကိုရီးယားမှာ Fighting ဆိုတဲ့ အင်္ဂလိပ်စာလုံးက အကြိုက်ဆုံး
အားကစားအသင်းကို အားပေးတဲ့အခါ အသုံးပြုကြပါတယ်။ ဒီနေရာမှာတော့ နိုင်ငံ
ရေးသမားတွေကို ထောက်ခံမှုပြသတဲ့သဘောပါ။ ဒီလိုမျိုး Fighting ယှဉ်ပြိုင်အနိုင်
တိုက်ရမယ်လို့သာပြောနေပေမယ့် တောင်ကိုရီးယားသမ္မတသစ်နေရာအတွက် ရှေးရိုး
စွဲ Grand National Party ဘက်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ မစ္စတာလီအတွက် အနိုင်
တိုက်ဖို့ဆိုတာ မလိုအပ်လှပါဘူး။

မဲမပေးခင် ကြိုတင်သဘောထားကောက်ယူမှုအရ မစ္စတာလီဟာ မဲ ၅၀ ရာခိုင်နှုန်း
ရရှိနေပြီး ကျွမ်းကျင်သူတွေရော၊ တောင်ကိုရီးယားနိုင်ငံသား အများစုကရော သူဟာ ကျိန်းသေပေါက်မဲနိုင်မယ့်သူလို့ ယူဆနေကြပါတယ်။ မစ္စတာလီကတော့ မဲထည့်သူ
တွေအနေနဲ့ သူ့ကို အနိုင်ရရှိစေရုံတင်မဟုတ်ဘဲနဲ့ တိကျပြတ်သားတဲ့ လုပ်ပိုင်ခွင့်
အာဏာကိုလည်း ပေးအပ်ဖို့ ဒီကနေ့ပဲ ပြောကြားသွားပါတယ်။

မဲထည့်ဝင်သူတွေအနေနဲ့ သူ့ကိုထောက်ခံကြဖို့ မဲစုစုပေါင်းရဲ့ တဝက်ကျော်ရရှိအောင် လုပ်ဆောင်ပေးကြဖို့ သူတောင်းဆိုခဲ့ပါတယ်။ နိုင်ငံရဲ့စီးပွားရေးယန္တရားကို ရှေ့ကို မောင်းနှင်နိုင်ဖို့အတွက် လုံလောက်တဲ့အာဏာမျိုးရရှိဖို့ လိုအပ်ပါတယ်လို့ မစ္စတာလီ
က ပြောသွားတာပါ။

ဆိုးလ်မြို့တော်ဝန်ဟောင်းလည်းဖြစ်၊ စီးပွားရေးထိပ်တန်းအရာရှိတဦးလည်းဖြစ်တဲ့
မစ္စတာလီဟာ အခွန်အကောက်တွေလျှော့ချပေးမယ်၊ အလုပ်နေရာတွေ ပိုဖန်တီး
ပေးမယ်၊ စီးပွားရေးအထူးကြီးထွားဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ ခံဝန်
ကတိတွေနဲ့ လူအများရဲ့ထောက်ခံမှု ရရှိလာခဲ့တာပါ။ မစ္စတာလီရဲ့ အဓိကအတိုက်အခံ နှစ်ယောက်ကတော့ သူ့ကို အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို ထောက်ပြပြီး မဲထည့်
ဝင်သူတွေရဲ့ အာရုံစူးစိုက်မှုရရှိအောင် လုပ်ဆောင်ကြပါတယ်။

ဘီဘီကေလို့ခေါ်တဲ့ အမေရိကန် စီးပွားရေးကုမ္ပဏီတခုကို အသုံးပြုကာ စတော့ခ် ရှယ်ယာဈေးကစားပြီး အမြတ်အစွန်းတွေရရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုမှာ မစ္စတာလီ အပြစ်
မရှိကြောင်း အမှုလိုက်ရှေ့နေတွေက အရင်တပတ်ကပဲ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
ဒါပေမယ့် ဒီစွပ်စွဲမှုတွေကို ပိုပြီးစုံစမ်းမှုတွေပြုလုပ်ဖို့ ပါလီမန်က လွတ်လပ်တဲ့ကောင်စီ
တရပ် ဖွဲ့စည်းခဲ့ပါတယ်။ မစ္စတာလီဟာ ဘီဘီကေနဲ့ ဘာမှပတ်သက်မှုမရှိပါဘူးလို့
အကြာကြီး ငြင်းဆိုနေခဲ့ပြီးမှ သူဟာ ဘီဘီကေကုမ္ပဏီကို စတင်တည်ထောင်သူတဦး
ဖြစ်တယ်လို့ ပြောထားတဲ့ ဗွီဒီယို ထွက်ပေါ်လာပြီး နောက်တရက်မှာပဲ ပါလီမန်က
အခုလို ဆုံးဖြတ်ချက်ချခဲ့တာပါ။

မစ္စတာလီရဲ့နောက် ခပ်ဝေးဝေး ဒုတိယနေရာကလိုက်နေတဲ့ United New Democrat
Party က ဝင်ရောက်ယှဉ်ပြိုင်သူ သမ္မတလောင်း ချွန်ဒေါင်ရောင်း
(Chung Dong-young) ကတော့ မစ္စတာလီဟာ လူလိမ်တယောက်ဖြစ်တယ်လို့
ပြောဆိုပါတယ်။

မစ္စတာလီကို သမ္မတအဖြစ်သာရွေးလိုက်ရင် နှစ် ၆၀ တည်ဆောက်လာတဲ့ ခေတ်သစ် တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းကို သိက္ခာချသလို ဖြစ်စေပါမယ်လို့ သူကပြောပါတယ်။
သူတို့နောက် တတိယနေရာကလိုက်နေတဲ့ ရှေးရိုးစွဲဝါဒီ တသီးပုဂ္ဂလယှဉ်ပြိုင်သူ
လီဟွိုင်ချန်း (Lee Hoi-chang) ကတော့ မစ္စတာ လီမြောင်ဘက်ဟာ သူ့ပါတီကို
သူဆွဲချနေတာလို့ ပြောပါတယ်။

သူက လီမြောင်ဘက်ဟာ သူ့ရဲ့ Grand National Party ကို သိက္ခာကျအောင် လုပ်နေ
တာပါ။ တောင်ကိုရီးယားနိုင်ငံကို အထူးစုံစမ်းစစ်ဆေးမှုတွေနဲ့ အပြည့်ဖြစ်အောင် လုပ်ဆောင်နေတာလို့ သူကပြောပါတယ်။

မစ္စတာလီ အဂတိလိုက်စားမှုတွေနဲ့ စွပ်စွဲခံရလု့ိ အခု မစ္စတာလီဟွိုင်ချန်းက Grand
National Party က နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဒီလိုစုံစမ်းစစ်ဆေးမှုတွေဖြစ်
လာလို့ မစ္စတာလီကတော့ အောင်ပွဲနဲ့လွဲလိမ့်မယ်လို့ ယူဆသူတချို့ လည်း ရှိပါတယ်။ တောင်ကိုရီးယားဥပဒေအရ သမ္မတဟာ ရာဇဝတ်မှုနဲ့ စီရင်ခံရမှုကနေ လွတ်ကင်း
ခွင့်ရှိပါတယ်။ ဒါပေမယ့် သမ္မတလောင်းအတွက်ကိုတော့ ဥပဒေက ရှင်းရှင်းလင်းလင်း
မရှိလှပါဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တကယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်မီသာ သီးသန့်စုံစမ်းရေးအဖွဲ့က မစ္စတာလီကို တရားစွဲဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေ ရှာတွေ့ခဲ့ရင်တော့ မစ္စတာလီတယောက် အပြစ်ကျခံ
ရဖို့ကိန်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG