သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီ အမေရိကန်သမ္မတကတော် လော်ရာဘုရှ်နှင့် မြန်မာ့အရေးဆွေးနွေးပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစီရင်ခံမည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီ
မွန်း (Ban Ki-Moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံထားရ
တဲ့ မစ္စတာအီဘရာဟင် ဂမ်ဘာရီ
(Ibrahim Gambari) ဟာ ဒီနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ မြန်မာပြည်နဲ့
ပတ်သက်လို့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ
အကြောင်း အစီရင်ခံဖို့ရှိပါတယ်။

မနေ့တုန်းက မစ္စတာဂမ်ဘာရီ ဝါရှင်တန်ဒီစီ မြို့တော်ကိုရောက်လာပြီး အမေရိကန်သမ္မတကတော် လော်ရာဘုရှ် (Laura Bush)
အပြင် အမေရိကန် ထိပ်တန်းအစိုးရ အရာရှိတွေနဲ့ သူတွေ့ဆုံပြောဆိုခဲ့ပါတယ်။
အကြောင်းစုံကို ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံ
ပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင် ဂမ်ဘာရီဟာ တနင်္လာနေ့က ဝါရှင်တန်ဒီစီကို ရောက်
ရှိလာပြီး မြန်မာနိုင်ငံအကြောင်းအပြင် အီရတ်ဆိုင်ရာ နိုင်ငံတကာရဲ့ အရေးယူဆောင် ရွက်မှုအကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်အပြင် အမေရိကန် ထိပ်တန်းအစိုးရ အရာရှိ
တွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂဌာနချုပ် နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် မာရီအိုကဘဲ
(Marie Okabe) က ပြောကြားသွားပါတယ်။

“မစ္စတာဂမ်ဘာရီဟာ ဒီကနေ့မနက်က အမေရိကန်သမ္မတကတော် လော်ရာဘုရှ်
အပြင် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် စတီဗင်ဟတ်ဒ်လေ (Stephen Hadley)
နဲ့ ဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်ရုံးက လုပ်ပိုင်ခွင့် အာဏာတွေအောက်မှာ ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် မစ္စတာဂမ်ဘာရီဟာ ညနေပိုင်းမှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး
ဝန်ကြီး နစ်ကိုလတ်စ်ဘန်းစ် (Nicholas Burns) နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်”
လို့ မစ္စအိုကဘဲက ပြောသွားတာဖြစ်ပါတယ်။

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်အနေနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ
ကျရောက်ခဲ့တဲ့ လူ့အခွင့်အရေးနေ့တုန်းကလည်း အိမ်ဖြူတော်ကနေ တယ်လီ
ကွန်းဖရင့်ခေါ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိုစဉ်ရောက်ရှိနေတဲ့ မဲဆောက် မယ်တော်
ဆေးခန်းကို ၁၉၈၉ ခုကတည်းက ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှုရေးပြဿနာတွေကို ကူညီဖြေရှင်း
ပေးနေတဲ့ ဒေါက်တာစင်သီယာမောင်နဲ့ မြန်မာနိုင်ငံအရေး ဆွေးနွေးခဲ့သေးတာ
ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီအနေနဲ့
လက်ရှိ မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ဖော်ဆောင်ရာမှာ
ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်မှုတွေအကြောင်းကို ဒီကနေ့ အထွေထွေညီလာခံကြီး
မှာ တင်ပြဖို့ရှိတဲ့အတွက်လည်း သမ္မတကတော် မစ္စဘုရှ်အနေနဲ့ အခုလို ခေါ်ယူတွေ့ဆုံ
နိုင်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်းက အရေး
အခင်းတွေဖြစ်ခဲ့ပြီးနောက် မြန်မာစစ်အစိုးရအပေါ် ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု
တွေ ချမှတ်ခဲ့သလို နောက်ထပ်လည်း ချမှတ်နိုင်ဖို့ အောက်လွှတ်တော်က Jade ခေါ်
ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့သီတင်းပတ်က အတည်ပြုခဲ့သလို အထက်လွှတ်တော်က
လည်း အလားတူမူကြမ်းမျိုးကို မကြာမီဘဲ အတည်ပြုဖို့ရှိပါတယ်။ အခုလို အမေရိကန်
ပြည်ထောင်စုရဲ့ မြန်မာ့အရေးကြိုးပမ်းမှုနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် အမေ
ရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (USCB) က Policy Director ကိုအောင်ဒင်ရဲ့သဘောထားကို မေးမြန်းခဲ့ပါတယ်။

“ကျနော်သိသလောက်ကတော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်
ပြီး ဟိုတလောက သမ္မတဘုရှ်ပြောသလို Business as usual ဆိုတာ ဘယ်လိုမှ လက်မခံနိုင်တော့ဘူး။ စက်တင်ဘာအရေးအခင်းမတိုင်ခင်က အခြေအနေမျိုး ပြန်
သွားတာမျိုး ဘယ်လိုမှ လက်မခံနိုင်တော့ဘူး။ မြန်မာနိုင်ငံတွင်းမှာ တကယ်ကိုစစ်မှန်
တဲ့၊ တိကျတဲ့အပြောင်းအလဲတွေ ဖြစ်ဖို့လိုတယ်။ အဲဒီအပြောင်းအလဲတွေရဲ့အစက
တော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖခေါင်းဆောင်တွေကြား တန်းတူ
ရည်တူနဲ့ အဓိပ္ပာယ်ရှိတဲ့၊ အချိန်ဇယား သတ်မှတ်ထားပြီးတော့ ရလဒ်တခုထွက်လာဖို့
ရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးလုပ်ဖို့ ဒါတွေနဲ့စရမှာပါ။ အဲလိုစဖို့
အတွက်လည်း ကုလသမဂ္ဂဦးဆောင်ပြီး ကြိုးပမ်းနေတာပေါ့။

“ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီအနေနဲ့ နိုင်ငံတကာကို
လှည့်လည်ပြီး မြန်မာ့အရေးကိစ္စမှာ နိုင်ငံအားလုံးကပူးတွဲပြီး ကုလသမဂ္ဂနဲ့ အတူတကွ
အဖြေရှာကြဖို့ စည်းရုံးလှုံ့ဆော်နေတာ ကြာပါပြီ။ သူ့အနေနဲ့ အာရှ၊ အာဆီယံ၊ တရုတ်၊
အိန္ဒိယ စတဲ့ ဒေသတွင်းကနိုင်ငံတွေလည်း သွားခဲ့ပြီးပါပြီ။ မနက်ဖြန် General
Assembly မှာ အစီရင်ခံစာမတင်ခင် ဝါရှင်တန်ဒီစီကိုလာပြီး သမ္မတအိမ်ဖြူတော်မှာ သမ္မတကတော်နဲ့တွေ့တယ်၊ သမ္မတရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိနဲ့တွေ့
တယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက တတိယအဆင့်မြင့်ဆုံးပုဂ္ဂိုလ် နစ်ကိုးလတ်စ်ဘန်းစ်
နဲ့ တွေ့ပြီးတော့လည်း မြန်မာနိုင်ငံကိစ္စတွေကို တင်ပြဖို့ရှိပါတယ်။ အဲလိုတင်ပြရင်းနဲ့ပဲ
အမေရိကန် ပြည်ထောင်စုက ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်ဆိုတာကို
ဆွေးနွေးမယ်ထင်ပါတယ်။

“ကျနော်နားလည်သလောက်ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိ
အခြေအနေကို လုံးဝကျေနပ်မှုမရှိဘူး။ လက်ရှိအခြေအနေတွေ ပြောင်းလဲဖို့နဲ့ မြန်မာ
စစ်အစိုးရက တကယ်ကိုပဲ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လုံလောက်
တဲ့၊ ပြင်းထန်တဲ့ ဖိအားပေးမှုတွေ လုပ်ဖို့အတွက် ကုလသမဂ္ဂကို မစ္စတာဂမ်ဘာရီက
တဆင့် တိုက်တွန်းလိမ့်မယ်လို့ ကျနော်နားလည်ပါတယ်”
USCB ပေါ်လစီရေးရာဒါရိုက်တာ ကိုအောင်ဒင် ပြောပြသွားတာပါ။

ဒီအတောအတွင်း မစ္စတာဂမ်ဘာရီအနေနဲ့ ဒီကနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ
ကြီးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အစီရင်ခံဖို့ရှိတဲ့အကြောင်း အထွေထွေညီလာခံကြီး
ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာရားနို့စ် (Mr. Janos) က ကုလသမဂ္ဂဌာနချုပ် သတင်းစာ
ရှင်းလင်းပွဲမှာ အခုလို ရှင်းပြသွားပါသေးတယ်။

“၃ နာရီနဲ့ ၄ နာရီကြားမှာ အထွေထွေညီလာခံကြီးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင် ဂမ်ဘာရီဟာ
အလွတ်သဘော တံခါးပိတ် အစီရင်ခံဖို့ရှိပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အားလုံး
အပေါ် ခြုံပြီး အစီရင်ခံသွားမှာပါ” လို့ မစ္စတာရားနို့စ်က ပြောသွားတာပါ။

အခုလို အထွေထွေညီလာခံကြီးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မစ္စတာဂမ်ဘာရီ အစီ
ရင်ခံမှုနဲ့ပတ်သက်ပြီး အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) က ကုလသမဂ္ဂ
ရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ဒီကနေ့ အထွေထွေညီလာခံရဲ့ တံခါးပိတ်အစည်းအဝေးမှာ မစ္စတာဂမ်ဘာရီက
မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သူ့ရဲ့ဆောင်ရွက်မှုတွေနဲ့
ပတ်သက်လို့ အခြေအနေအရပ်ရပ်ကို အထွေထွေညီလာခံအဖွဲ့ဝင်၊ ကုလသမဂ္ဂ
အဖွဲ့ဝင်အားလုံးကို တင်ပြမှာဖြစ်ပါတယ်။ ဒီလိုတင်ပြမှုမျိုးဟာ မြန်မာပြည်ကိစ္စနဲ့
ပတ်သက်လို့ အထွေထွေညီလာခံမှာ ပထမဦးဆုံးအကြိမ် UN ရဲ့ အထူးကိုယ်စားလှယ်
က တင်ပြတာဖြစ်ပါတယ်။ ခါတိုင်းဆိုရင် အထွေထွေညီလာခံရဲ့ ဥက္ကဋ္ဌဖြစ်တဲ့လူကိုပဲ တင်ပြတာရှိပါတယ်။

“အဲလိုမျိုးဖြစ်လာတဲ့အနေအထားက ပထမတဆင့်ကတော့ မစ္စတာဂမ်ဘာရီရဲ့ လုပ်ပိုင် ခွင့်အာဏာဟာ အထွေထွေညီလာခံက ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်က လာတဲ့အတွက်
ကြောင့်ပဲ ဖြစ်ပါတယ်။ နောက်တခုက မြန်မာပြည်အရေးကိစ္စကို ဆောင်ရွက်တဲ့နေရာ
မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေတင်မဟုတ်ဘဲ အထွေထွေညီလာခံနဲ့ UN အဖွဲ့ဝင်
အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ သဘောထားကို မစ္စတာဂမ်ဘာရီအနေနဲ့ သတိပေး ချင်တဲ့သဘောရှိဟန် တူပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို
အထွေထွေညီလာခံက ချမှတ်ထားတယ်၊ အထွေထွေညီလာခံက မြန်မာနိုင်ငံနဲ့
ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ အကြိမ်ကြိမ်ချမှတ်ခဲ့တယ်၊ ဒီဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဖို့ လုပ်တဲ့နေရာမှာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ပူးပေါင်းဆောင်
ရွက်မှုဟာ လိုအပ်ပါတယ်။ အထူးသဖြင့် မစ္စတာဂမ်ဘာရီရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့
ပတ်သက်လို့ နအဖကနေပြီး ပူးပေါင်းဆောင်ရွက်မှုတွေဟာ တဖြည်းဖြည်း အလှမ်း
ဝေးလာတဲ့ အနေအထားမှာ အခုလိုမျိုး အဖွဲ့ဝင်အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့
လိုပါတယ်။ ဒါကြောင့်လည်း ဒီအစည်းအဝေးကို လုပ်တယ်လို့ သိရပါတယ်။

“ဒီအစည်းအဝေးမှာ မစ္စတာဂမ်ဘာရီအနေနဲ့ အခြေအနေအရပ်ရပ်ကို ရှင်းပြပြီးတဲ့
နောက်ပိုင်း အဖွဲ့ဝင်နိုင်ငံတွေက ပြန်ပြီးဆွေးနွေးပါ့မယ်လို့ သိရတယ်။ အစည်းအဝေး
ပြီးသွားရင်တော့ အထွေထွေညီလာခံရဲ့ ဥက္ကဋ္ဌနဲ့ မစ္စတာဂမ်ဘာရီတို့က မီဒီယာက
တဆင့် ဆွေးနွေးခဲ့တဲ့ ကိစ္စတချို့ကို သူတို့ ပြန်တင်ပြလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်
ရပါတယ်”

ဒေါက်တာသောင်းထွန်းစောစောကပြောသလို မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး
ကုလသမဂ္ဂရဲ့ ဆောင်ရွက်ပေးမှုမှာ မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်တာတွေက
အလှမ်းကွာဝေးသွားတယ်ဆိုတော့ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ကြားလည်း တွေ့ဆုံ ဆွေးနွေးမှုတွေက တော်တော်လေး ဆဲသွားပုံရပါတယ်။ အခုလောလောဆယ်အခြေ
အနေမှာ ကုလသမဂ္ဂအနေနဲ့ ရှေ့ဆက်ပြီးတော့ ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ။

“မစ္စတာဂမ်ဘာရီဘက်ကနေ မြန်မာနိုင်ငံကို ဒီဇင်ဘာလအတွင်းမှာ ပြန်ပြီးတော့
သွားဖို့ အဆိုပြုထားတာရှိပါတယ်။ ဒီအဆိုပြုချက်ကို နအဖက အခုထက်ထိ အကြောင်း မပြန်သေးပါဘူး။ ဒါကြောင့်မို့လည်း ဒီအနေအထားအရပ်ရပ်ကို အထွေထွေညီလာခံ
အဖွဲ့ဝင်တွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်တွေ သိစေဖို့ တင်ပြတဲ့သဘောလည်းဖြစ်မယ်လို့
ထင်တယ်။

“နောက်တခုက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်
အောင်ကြည်တို့ ဆွေးနွေးပွဲပြီးနောက်ပိုင်း ဆွေးနွေးပွဲတွေက ရပ်တန့်သွားတယ်။
တိုးတက်မှုမရှိတဲ့ အနေအထားတွေလည်း ပါတာပေါ့။ အထွေထွေညီလာခံကသာ
ပထမတဆင့် အခုလိုမျိုး နအဖကို သတိပေးလိုက်ပြီးတဲ့ အနေအထားမှာ တကယ်လို့
ဇန်နဝါရီလဆန်းလောက်အထိကို နအဖဘက်က တစုံတရာ အကြောင်းမပြန်ဘူး
ဆိုရင်တော့ လုံခြုံရေးကောင်စီက နောက်တဆင့် ဆွေးနွေးမယ့်အနေအထားတွေ
ရှိတယ်လို့ သိရပါတယ်”
အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ကုလသမဂ္ဂရေးရာတာဝန်ခံ
ဒေါက်တာသောင်းထွန်း ပြောသွားတာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ထိုင်းနိုင်ငံမှာ မကြာသေး
ခင်က ရောက်ရှိစဉ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ဖို့ နှေးကွေးနေတာနဲ့
ပတ်သက်လို့ နိုင်ငံတကာက စိတ်မရှည်နိုင်တော့တဲ့ အကြောင်းလည်း ထုတ်ဖော် ပြောကြားသွားတာတွေ ရှိတဲ့အတွက် မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ထွန်းတိုးတက်မှုအပေါ် ကုလသမဂ္ဂရဲ့ နောက်ခြေလှမ်းကိုတော့ စောင့်ကြည့်ရမှာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG