ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ရောက်ရှိလာတဲ့ ပြည်ပအလုပ်သမားတွေအပေါ် ချုပ်ချယ်တင်းကျပ်မှုတွေ များပြားလာတဲ့အတွက် မြန်မာ၊ လော၊ ကမ္ဘောဒီးယားနိုင်ငံ
တို့က ရောက်ရှိလာတဲ့ အလုပ်သမားတွေက ဘန်ကောက်မြို့မှာ ဒီကနေ့ စုဝေးဆန္ဒပြ
ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ထိုင်းအခြေစိုက် NGO အဖွဲ့အစည်း အများအပြားက ဦးဆောင်ပြုလုပ်ခဲ့ကြတာပါ။ အကြောင်းစုံကို ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက်
သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီကနေ့မနက် ကိုးနာရီလောက်မှာ ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့က
ဦးဆောင်ပြီး အလုပ်သမားအရေးကို ဆောင်ရွက်နေကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့
အစည်း ၁၆ ဖွဲ့နဲ့အတူ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံသား အလုပ်သမားတွေ
ပူးပေါင်းပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ ဒီဆန္ဒပြပွဲကို လူ ၄၀၀ ယောက်
တက်ရောက်ခဲ့ပါတယ်။ သူတို့တောင်းဆိုတဲ့ အခွင့်အရေးကို ဆန္ဒပြပွဲတက်ရောက်ခဲ့တဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဦးအောင်မြင့်သိန်းက အခုလိုပြောပြပါတယ်။
“အလုပ်သမားတွေရပိုင်ခွင့်ဆိုတာ တနေ့ကို နေ့စား ၁၉၁ ဘတ်ဆိုတာ မရကြဘူး။
အိုတီ နာရီ ၃၀ ဆိုတာ မရဘူး။ အဲဒါကို ထိုင်းအလုပ်သမားတွေ ရတဲ့ပုံစံအတိုင်းပဲ
မြန်မာ၊ ကမ္ဘောဒီယား၊ လာအိုရယ် အဲဒီအလုပ်သမားတွေလည်း ရစေချင်တယ်။ မျှမျှ
တတလုပ်ဖို့ ထိုင်းအလုပ်သမားတွေနဲ့ တန်းတူအခွင့်အရေးတွေ ရရှိစေဖို့ သွားပြီး
တောင်းဆိုကြတာပါ။
“ဟိုတလောက ထိုင်းဝန်ကြီးချုပ် ဆမွတ်ဆာခွန်ဘက်ရောက်တုန်းက အဲဒီမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေများတယ်ဆိုပြီး ကိုယ်ဝန်သည်တွေကို ထိုင်းမှာ ကလေး
မွေးခွင့် မပေးတော့ဘူး။ ကလေးမွေးလို့ရှိရင် မြန်မာပြည်ပြန်ဆိုပြီး သတ်မှတ်ချက်
ချလိုက်တယ်။ အဲဒါတွေကို ရုပ်သိမ်းပေးဖို့။ အိမ်ထောင်စုတခုဖြစ်လာရင် ကလေးယူ
ရမယ်၊ ကလေးရရင် ဒီမှာပဲပြန်ပြီး အလုပ်လုပ်ခွင့်ရှိရမှာပေါ့။ လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်ရှိရမယ်၊ လွတ်လွတ်လပ်လပ် နေခွင့်ရှိရမယ်ဆိုပြီး အလုပ်သမားတွေ
က အဲဒီအခွင့်အရေးတွေ တောင်းဆိုမှာပါ”
ဒါ့အပြင် ထိုင်းနိုင်ငံတောင်ပိုင်းက ခရိုင်လေးခုမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်
သမားတွေကို ညရှစ်နာရီကျော်ရင် အပြင်မထွက်ဖို့၊ လူငါးယောက်ထက် ပိုမစုဖို့၊ လက်ကိုင်ဖုန်းမကိုင်ဖို့နဲ့ မော်တော်ကား၊ ဆိုင်ကယ်မမောင်းဖို့ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းက ပိတ်ပင်ခဲ့ပါတယ်။ ဒီကန့်သတ်တဲ့ဥပဒေတွေကို ရုပ်သိမ်းပေးဖို့လည်း ဆန္ဒပြတဲ့လူတွေ
က ဒီနေ့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်တွေကို ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ရုံး (ILO) ကိုလည်း သွားရောက်ပေးပို့ခဲ့ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ILO က အရာရှိတွေကတော့ ဒီကိစ္စကို အရေးယူ ဆောင်ရွက်ပါမယ်လို့ တုံ့ပြန်ခဲ့တယ်လို့ ဦးအောင်မြင့်သိန်းက ဆက်ပြောပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ဆွန်ထိဟာ မြန်မာ
နိုင်ငံသားတွေ အများစု အလုပ်လုပ်ကိုင်ကြတဲ့ မဟာချိုင်ဒေသဘက်ကို သွားရောက်
စစ်ဆေးခဲ့ပါတယ်။ အမှန်တကယ်ရှိတဲ့အလုပ်သမားတွေဟာ မှတ်ပုံတင်ထားတဲ့စာရင်း
ထက် ပိုမိုများပြားနေတာကို တွေ့ရှိပြီးတဲ့နောက် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ရင်
မိမိနိုင်ငံရင်းကို ပြန်ပို့ရမယ်လို့ သူက ပြောခဲ့ပါတယ်။
မဟာချိုင်ဒေသမှာ တလကို ကလေး အယောက် ၂၀၀၀ လောက် မွေးဖွားနေတာ
ကြောင့် အနာဂတ်မှာ ပြဿနာဖြစ်လာနိုင်တဲ့အတွက် အခုလိုတားမြစ်တာဖြစ်တယ်လို့
ဆိုပါတယ်။ မြန်မာနိုင်ငံကနေ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ လူအများစုဟာ
ထိုင်းလူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်တွေကို အများအားဖြင့် လုပ်ကိုင်ကြရတာ ဖြစ်ပါ
တယ်။ ဒီလိုလုပ်ကိုင်ရာမှာလည်း လုပ်အားခ ခေါင်းပုံဖြတ်ခံရတာ၊ လုပ်ခမရတာ၊
လူကုန်ကူးခံရတာ၊ ရိုက်နှက်သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ
လည်း ခံကြရပါတယ်။ ဒီလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာမှ အမျိုးသမီး
အလုပ်သမတွေရဲ့ အခြေအနေဟာ ပိုပြီးဆိုးဝါးတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက
ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့မှာ အစီရင်ခံစာ ထုတ်ပြန်
လိုက်ပါတယ်။ ငရဲနှစ်ထပ်ကြားမှာ ပိတ်မိနေခြင်းဆိုတဲ့အမည်နဲ့ ထုတ်ပြန်လိုက်တဲ့
အစီရင်ခံစာဟာ ထိုင်းနဲ့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီး
၁၅၀ လောက်ကို တွေ့ဆုံမေးမြန်းပြီး ရေးသားထားတယ်လို့ အမျိုးသမီးအဖွဲ့ရဲ့ ကြေညာ
ချက်မှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာက သူများနိုင်ငံမှာ အလုပ်လုပ်နေကြရတဲ့ မြန်မာအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရ ထိပါးနှောင့်ယှက်တာ၊ အဓမ္မပြုကျင့်
ခံရတာ စတဲ့ မလုံခြုံတဲ့ ဘဝအခြေအနေတွေနဲ့ လုပ်အားခမရတာ၊ ခွဲခြားဆက်ဆံခံရ
တာတို့ကို ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကိုတော့
မြန်မာ့အမျိုးသမီးသမဂ္ဂဥက္ကဋ္ဌ မိဆူးပွင့်က အခုလိုပြောပါတယ်။
“အဓိက ဒီ Report မှာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြောချင်တာက
ရွှေ့ပြောင်းအလုပ်သမားပြဿနာဆိုတာ လက်ရှိဗမာပြည်မှာ နိုင်ငံရေးပြဿနာတွေ
ကို နအဖက နိုင်ငံရေးအရ မဖြေရှင်းသေးသရွေ့ ဆက်ပြီးတော့ ကြီးထွားလာမယ့် ပြဿနာပေါင်းများစွာအနက်က ပြဿနာလေးတခုပဲရှိတယ်။ ဒါပေမယ့် ဒီပြဿနာ
လေးတောင်မှ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်လာတယ်။ ဗမာ
ပြည်ရဲ့ ပြဿနာဟာ အိမ်နီးချင်းနိုင်ငံရဲ့ ပြဿနာဖြစ်လာတယ်၊ နိုင်ငံတကာရဲ့ပြဿ
နာ ဖြစ်လာတယ်။ ဒါက ပြဿနာတခုအပေါ်မှာ အခြေခံပြီး ထောက်ပြထားတာဖြစ်
တယ်။ ဒီလိုပြဿနာတွေ ဗမာပြည်မှာ အများကြီးရှိတယ်။ အဲဒီအနေအထားမှာ
ကျန် နိုင်ငံတကာကနေပြီး စိတ်ပါလက်ပါ၊ စေတနာပါပါနဲ့ သူတို့ရဲ့ ပြဿနာဖြစ်ပါ
တယ်လို့ ခံယူပြီးတော့ ပါဝင်ဖြေရှင်းဖို့လိုတယ်ဆိုတာ ကျမတို့ အဓိကပြောချင်တာ
ဖြစ်ပါတယ်”
ထိုင်းနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံ
ခြားသား ရွှေ့ပြောင်းအလုပ်သမား တသန်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းထားပြီး မြန်မာ နိုင်ငံသားကတော့ ကိုးသိန်းကျော်လောက်ရှိမယ်လို့ အလုပ်သမားအရေးဆောင်ရွက်
နေတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။