သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အီးယူအထူးကိုယ်စားလှယ် တရုတ်နိုင်ငံတွင် မြန်မာ့အရေးဆွေးနွေး


မကြာသေးခင်ကမှ ခန့်အပ်ထားခဲ့တဲ့
ဥရောပသမဂ္ဂ (အီးယူ) ရဲ့ မြန်မာနိုင်ငံဆိုင်
ရာ အထူးကိုယ်စားလှယ်တယောက် မြန်မာ့ အရေးနဲ့ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေ
မှာ လှည့်လည်ဆွေးနွေးဖို့ ပထမဆုံးခရီးစဉ်
အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပြီလို့ သိရ
ပါတယ်။ သူ့ခရီးစဉ်အတွင်း မြန်မာပြည်နဲ့ပတ်
သက်လို့ ဒေသတွင်းနိုင်ငံတွေက ပိုပြီး တက်တက်ကြွကြွလုပ်ဆောင်ဖို့ တိုက်တွန်း
မယ်လို့လည်း မျှော်လင့်ရတယ်ဆိုတော့
အလားအလာတွေ ဘယ်လိုရှိနိုင်မလဲ။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး
ကိုယ်စားလှယ် အီတလီတရားရေးဝန်ကြီးဟောင်း ပီယာယို ဖက်ဆီနို
(Pierro Fassino) မြန်မာ့အရေးဆွေးနွေးဖို့ တရုတ်နိုင်ငံကို ၂ ရက်ကြာခရီးစဉ် ဒီက
နေ့ အဆုံးသတ်ခဲ့တာပါ။ တရုတ်နိုင်ငံ အပါအ၀င် ဒေသတွင်းနိုင်ငံတွေဟာ မြန်မာနိုင်ငံ
မှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေ ပေါ်ပေါက်လာဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍ
မှာ ပါဝင်နေတာကြောင့် အခုလိုစည်းရုံးဖို့ သူသွားရောက်မယ့်အကြောင်း အီးယူ အထူး
သံတမန်က ခရီးစဉ်မတိုင်မီမှာတုန်းက ပြောထားတာပါ။

ဒီအထဲမှာ မြန်မာစစ်အစိုးရအပေါ် သြဇာညောင်းတယ်လို့ အများက ယူဆထားကြတဲ့
တရုတ်နိုင်ငံကို ပထမဆုံး ခရီးထွက်ခဲ့တာဆိုတော့ တရုတ်နိုင်ငံအပေါ် ဥရောပသမဂ္ဂ
ဘက်က မြန်မာ့အရေးနဲ့ပတ်သက်လို့ စည်းရုံးလှုံ့ဆော်မှုတွေဟာ အကျိုးများနိုင်တယ်
ဆိုပြီး လေ့လာသူတွေက ယုံကြည်နေကြပါတယ်။ တရုတ်နိုင်ငံက မြန်မာ့အရေး
စောင့်ကြည့်နေတဲ့ ဒေါက်တာလှကျော်ဇောကတော့ …

“တရုတ်ပြည်က ဗမာပြည်နဲ့ပတ်သက်လို့ မူချထားပါတယ်။ အထူးသဖြင့် စက်တင်ဘာ
အရေးအခင်းပြီးကတည်းက။ တစ်အချက်က ဗမာပြည်ကိုပိတ်ဆို့တာ (Sanction) တွေ
လုပ်တာ လက်မခံဘူး၊ ဘာဖြစ်လို့လဲဆိုတော့ Sanction တွေလုပ်လို့ အစိုးရက နောက် ဆုတ်သွားလို့ရှိရင်၊ တံခါးပိတ်လိုက်လို့ရှိရင်၊ တခြားနိုင်ငံတွေနဲ့ လိုက်လျောညီထွေ မဆက်ဆံတော့ဘူးဆိုရင် ပြည်သူတွေပဲ ပိုနစ်နာမှာမို့လို့တဲ့။ နောက် Sanction က အောင်မြင်မယ်လည်း မထင်လို့ သဘောမတူတာ။
“နှစ်အချက်က ဗမာပြည်ရဲ့အရေးကို ဗမာပြည်သူတွေပဲ ဖြေရှင်းရမယ်။ ဗမာပြည်သူ
ဆိုရာမှာ ဗမာအစိုးရနဲ့ ပြည်သူလူထုအကြား အပြန်အလှန်ဆွေးနွေး၊ အပြန်အလှန် နားလည်မှုယူပြီးတော့ ဖြေရှင်းကြပါတဲ့။
“နံပါတ်သုံးကတော့ ကုလသမဂ္ဂရဲ့ ၀င်ရောက်ဖြန်ဖြေမှုအားလုံးကို သူတို့ လက်ခံတယ်၊ သဘောတူတယ်၊ အဲဒါကို သူတို့အားပေးမယ်လို့ တရုတ်ပြည်က ဗမာပြည်နဲ့ပတ်သက်
လို့ တရားဝင်ထုတ်ထားတဲ့ သဘောထားပါ။

“အီးယူမှာ နိုင်ငံကြီးသုံးနိုင်ငံက ခေါင်းဆောင်အသစ်တွေပြောင်းသွားတာကိုး။
အင်္ဂလန်က ဂေါ်ဒွန်ဘရောင်း (Gordon Brown) တို့၊ ပြင်သစ်က ဆာကိုဇီ
(Nicolas Sarkozy) တို့၊ မာကယ် (Angela Merkel) တို့ အဲဒီသုံးယောက်ပြောင်းလာ
ကတည်းက အီးယူရဲ့ပေါ်လစီ၊ အထူးသဖြင့် နိုင်ငံခြားရေးပေါ်လစီကလည်း ပိုပြီးတော့ သွက်လက်မြန်ဆန်လာတယ်။ လူဟောင်းတွေအတိုင်း မလုပ်တော့ဘဲ တော်တော် သွက်သွက်လက်လက် လုပ်ဆောင်လာတယ်။ အထူးသဖြင့် ဗမာပြည်အရေးမှာ
တော်တော့ကို သွက်သွက်လက်လက် ပါဝင်လာကြတယ်။ အဲဒီဟာ ကျမတို့ ဗမာပြည်
အတွက်တော့ တော်တော်အကျိုးရှိတာပါ။

“တရုတ်နိုင်ငံကို သူတို့ လာပြီးဆွေးနွေးတာဟာလည်း ဗမာပြည်အရေးကို ဘယ်လို ရှေ့တွန်းတင်ရင်ကောင်းမလဲဆိုပြီး ဆွေးနွေးတာ။ အီးယူနဲ့ တရုတ်ရဲ့ ဆက်ဆံရေးက
လည်း အင်မတန်ကောင်းမွန်နေတဲ့အတွက် ဒီလို လာဆွေးနွေးပြီး အပြန်အလှန်
ညှိတာဟာလည်း ဗမာပြည်ရဲ့ ဒီမိုကရေစီရေးအတွက် အကျိုးရှိနိုင်တယ်လို့ မြင်ပါ
တယ်”

ဥရောပ-မြန်မာရုံး ညွှန်ကြားရေးမှူး ဦးဟန်ညောင်ရွှေကလည်း ဥရောပနဲ့ တရုတ်နိုင်ငံ
ကြား ဆက်ဆံရေးကောင်းနေတာမို့ အကျိုးရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောပါ
တယ်။ အီးယူနဲ့ တရုတ်အစိုးရအကြား မြန်မာ့အရေး ဆွေးနွေးမယ့်အလားအလာတွေနဲ့
ပတ်သက်လို့ အပြုသဘောမြင်တဲ့အကြောင်းလည်း သူကပြောပါတယ်။

“တရုတ်ပြည်ကတော့ ဒီတခေါက် ဂမ်ဘာရီသွားတဲ့ကိစ္စမှာလည်း တရုတ်က အများကြီး
ကူထားတာ တွေ့ရပါတယ်။ အဲဒါကြောင့် အခုလို ဥရောပသမဂ္ဂက ကိုယ်စားလှယ်လွှတ်
တာကတော့ တရုတ်အနေနဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကို ဒီ့ထက်ကူပေးနိုင်မလားလို့ သွားတိုင်ပင်တာ ဖြစ်ပါမယ်။ မြန်မာပြည်မှာ ဒီ့ထက်ပို အပြောင်းအလဲဖြစ်လာဖို့ တရုတ်
အနေနဲ့ ဘယ်လိုမြင်သလဲ၊ ဘယ်လိုပြောင်းသင့်သလဲ၊ ဥရောပသမဂ္ဂက ဘယ်လိုဖိအား
ပေးသင့်တယ်၊ မပေးသင့်ဘူး အဲဒါတွေ သွားညှိတယ်လို့ ကျနော်ယုံကြည်ပါတယ်”

တကယ်တော့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် စီးပွားရေးအကျိုးအမြတ်
တွေ ရရှိနေတာမို့ မြန်မာ့အရေးနဲ့ပတ်သက်ရင် စစ်အစိုးရဘက်က ကာဆီးကာဆီး
လုပ်တယ်၊ ထိထိရောက်ရောက် ဆောင်ရွက်မှုတွေ မရှိဘူးလို့ ဝေဖန်သူတွေလည်း
ရှိနေတာပါ။ တရုတ်အစိုးရရဲ့ မြန်မာအရေး သဘောထားနဲ့ပတ်သက်လို့ ဒေါက်တာ
လှကျော်ဇောရဲ့ အမြင်ကတော့ …

“တရုတ်ပြည်အနေနဲ့က မြင်တာက နိုင်ငံတနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှသာလျှင် သူ့အ
တွက် ပိုအကျိုးရှိပါမယ်။ ဥပမာ ကျမတို့ဆီက ပစ္စည်းပစ္စယတွေ လိုချင်လို့ပဲ ထားပါ
တော့၊ ကျမတို့နိုင်ငံကို အကုန်လုံးကုန်ခမ်းသွားအောင် သွေးစုပ်လိုက်တယ်ပဲ ထားပါ
တော့၊ ကုန်ခမ်းသွားရင် သူဘာဆက်ပြီးတော့ သွေးစုပ်လို့ရမှာလဲ။ တိုင်းပြည်ကြီး တိုးတက်ဖွံ့ဖြိုးလာမှသာ သူက အပြန်အလှန် အကျိုးရှိမှာဖြစ်တာကိုး။ အဲတော့မှလည်း တည်ငြိမ်မှာဖြစ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ နယ်နိမိတ်နိုင်ငံတွေကို သူက အများကြီး တည်ငြိမ်စေချင်တယ်။

“သူ့နိုင်ငံရဲ့ ပေါ်လစီကိုက ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ပေါ်လစီချထားတ ဖြစ်
တော့ သူ့နယ်နိမိတ်ပတ်ပတ်လည်မှာရှိတဲ့နိုင်ငံတွေ တတ်နိုင်သမျှ သူက ငြိမ်းချမ်းစေ
ချင်တယ်။ ငြိမ်းချမ်းဖို့ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှဖြစ်မှာလေ။ အဲလို ဖွံ့ဖြိုးတိုး
တက်မှ သူ့အတွက်လည်း အကျိုးရှိမှာဖြစ်တာကိုး။ အဲဒီအတွက်တော့ သူ စဉ်းစားနိုင်ပါ
တယ်။ တဖက်သတ်ကြီး ရမှရကောင်းစေလို့ သူတို့ စဉ်းစားမယ်လို့တော့ မထင်ပါဘူး”

အခု တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ မစ္စတာ ပီယာယို ဖက်ဆီနိုကို မြန်မာ့အရေး ကုလ
သမဂ္ဂရဲ့ ကြိုးပမ်းချက်တွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်ပြီး အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ လဆန်းတုန်းကပဲ ခန့်အပ်ခဲ့တာပါ။ အခု တရုတ်နိုင်ငံ
ခရီးစဉ်အပြီး ရှေ့လာမယ့် ရက်သတ္တပတ်ထဲမှာလည်း သူဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း အပါအ၀င် ဒေသတွင်းနိုင်ငံတချို့ကို သွားရောက်ဖို့ရှိပါ
သေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG