သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သင်္ကန်းရောင်တော်လှန်ရေး မပြီးဆုံးသေးဟု ITUC နှင့် FIDH တို့ အစီရင်ခံစာထုတ်ပြန်


ဘယ်လ်ဂျီယံအခြေစိုက် နိုင်ငံတကာအလုပ်သမားသမဂ္ဂ (ITUC) နဲ့ ပြင်သစ်နိုင်ငံ
အခြေစိုက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်း (FIDH) တို့ ပူးတွဲပြီး မကြာ
သေးခင်က မြန်မာနိုင်ငံရဲ့ သင်္ကန်းရောင်တော်လှန်ရေး မပြီးဆုံးသေးဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ထုတ်ခဲ့ပါတယ်။ FIDH ရဲ့ အာရှရေးရာဒေသတာဝန်ခံ
အမ်မန်နူဝယ်လ် အတ်သန်နာဆူး (Emmanouil Athanasiou) ကို ဦးကျော်ဇော်ညွန့်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အစီရင်ခံစာရဲ့ခေါင်းစဉ်ကို မြန်မာနိုင်ငံရဲ့ သင်္ကန်းရောင်တော်လှန်ရေး မပြီးဆုံးသေးလို့ တပ်ထားတဲ့အတွက် ဘာ့ကြောင့် မပြီးဆုံးသေးဘူးလို့ ပြောဆိုနိုင်ပါသလဲလို့ မေးမြန်း
ရာမှာ အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံကို တာဝန်ယူရတဲ့ အာရှရေးရာအစီအစဉ် တာဝန်ခံ
မစ္စတာ အမ်မန်နူဝယ်လ် အတ်သန်နာဆူးက …
“ကျနော်တို့စေလွှတ်ခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် မစ်ရှင် (Mission) က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးချက်တွေအပေါ် အခြေခံပြီး မစ်ရှင်အဖွဲ့က ကျွမ်းကျင်သူတွေက မြန်မာ
နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ လူမှုရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းရေးတွေဟာ မပြီးမြောက်သေးတဲ့အတွက် သင်္ကန်း ရောင်တော်လှန်ရေးကြီး မပြီးဆုံးသေးဘူးလို့ ကျနော်ပြောဆိုနိုင်ခြင်းဖြစ်တယ်” လို့
သူက ပြောပြပါတယ်။

မစ္စတာ အမ်မန်နူဝယ်လ် အတ်သန်နာဆူးက ဆက်ပြီး သူတို့ရဲ့မစ်ရှင်ဟာ ထိုင်း-မြန်မာ
နယ်စပ်ကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ပြီးခဲ့တဲ့ မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှု
တွေမှာ နှိပ်ကွပ်ခံရသူတွေ၊ ပါဝင်ပတ်သက်သူတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ
မေးမြန်းခဲ့ပြီးမှ ကောက်ချက်ချခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်အစိုးရက ဖိနှိပ်
ချုပ်ချယ် နှိပ်ကွပ်မှုတွေလုပ်တဲ့ကြားကပဲ မြန်မာနိုင်ငံသားတို့ရဲ့ လှုပ်ရှားမှုကို ကျနော်တို့
အခုအတိုင်း တွေ့မြင်ရတဲ့အကြောင်း၊ မြန်မာနိုင်ငံသားတွေဟာ အခုတိုင် အရှုံးမပေးဘဲ
လှုပ်ရှားနေကြတာကို တွေ့ရကြောင်း သူက ပြောပြပါတယ်။

မစ္စတာ အမ်မန်နူဝယ်လ် အတ်သန်နာဆူးဟာ လွတ်လွတ်လပ်လပ်နဲ့ တိုက်ရိုက်ဖွင့်ဟ
ပြောဆိုခွင့် မရရှိခဲ့ကြတဲ့ မြန်မာပြည်သူတွေဟာ သူတို့ကို စစ်တပ်က အုပ်ချုပ်နေတဲ့
စနစ်အပေါ်မှာ ကျေနပ်မှုမရှိကြောင်း၊ နိုဝင်ဘာလအထိ ဆန္ဒပြပွဲတွေဟာ တိုင်းပြည် အတွင်းမှာရှိတာကို သူတို့အနေနဲ့ စာရင်းဇယား ပြုစုထားပြီးဖြစ်ကြောင်း ဆက်လက်
ပြောကြားပါတယ်။

ITUC နဲ့ FIDH အဖွဲ့အစည်းနှစ်ရပ်ရဲ့ ပူးတွဲအစီရင်ခံစာမှာ ကမ္ဘာ့အဖွဲ့အစည်းက မြန်မာ့
အရေးအတွက် ဆောင်ရွက်ဖို့ကိစ္စကို ထိပ်တန်းတင် ဦးစားပေးအဖြစ် ထားရှိဖို့နဲ့ ကမ္ဘာ့
အဖွဲ့အစည်းက စောင့်ကြည့်ဦးမယ်ဆိုတဲ့မူကို ဆုပ်ကိုင်မထားဘဲ တာဝန်သိသိ ဆောင်
ရွက်ဖို့ အရေးကြီးတယ်ဆိုတာကို တိုက်တွန်းထားတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့အဖွဲ့အစည်း
ကို ဘယ်လိုအနေအထားမျိုးနဲ့ ဆောင်ရွက်စေချင်ပါသလဲလို့ မေးမြန်းရာမှာ မစ္စတာ
အမ်မန်နူဝယ်လ် အတ်သန်နာဆူးက …

“ကမ္ဘာ့အဖွဲ့အစည်းအနေနဲ့ ဆောင်ရွက်မှုမရှိဘူးလု့ိတော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ကျနော်တို့တောင်းဆိုနေတာက မြန်မာနိုင်ငံ စစ်အစိုးရအပေါ်မှာ တိကျတဲ့ အရေးယူမှု
ကို ပြတ်ပြတ်သားသားနဲ့ ဆောင်ရွက်ဖို့ပါပဲ။ ဒါမှလည်း တိကျတဲ့ရလဒ်ကို ရရှိမှာဖြစ်ပါ
တယ်” လို့ ပြောကြားပါတယ်။

အဲဒီလို သံတမန်နည်းတွေ၊ နိုင်ငံရေးနည်းတွေနဲ့ မြန်မာစစ်အစိုးရအပေါ် ဖိအားပေးတဲ့
တိုင်အောင် မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်မလာဘူး
ဆိုရင် ရှေ့ ဘာများဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲလို့ မေးမြန်းတဲ့အခါ မစ္စတာ အမ်မန်
နူဝယ်လ် အတ်သန်နာဆူးက …

“အဲဒီလိုအခြေအနေမျိုး ဆိုက်ရောက်လာရင်တော့ လူ့အခွင့်အရေးချိုးဖောက်သူတွေကို နိုင်ငံတကာရာဇဝတ်ရုံးကိုတင်ပြီး ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြီးနဲ့ ရုံးတင်
မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကျူးလွန်မှုတွေအတွက် ချိုးဖောက်သူတွေမှာ
တာဝန်ရှိတယ်လို့ ကျနော်တို့က ယုံကြည်နေတဲ့အတွက် ဖြစ်ပါတယ်” လို့ ပြန်လည် ဖြေကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG