မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်
ပြောင်းလဲမှုတွေ ပေါ်ပေါက်လာဖို့ ဗြိတိန်
နိုင်ငံက နောက်ထပ်အရေးယူဆောင်ရွက်မှု
တွေပြုလုပ်ရေး ကြိုးပမ်းမှုတွေ ရှိနေတယ်လို့
သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိသျှ
အစိုးရအနေနဲ့ မြန်မာနိုင်ငံကိစ္စကို အရင်က
ထက် အလေးအနက်ထားကိုင်တွယ်ဖို့ နိုင်ငံ
ခြားရေးဌာန အရာရှိတွေ အပါအ၀င် မြန်မာ့ အရေးလှုပ်ရှားသူတွေ လန်ဒန်မြို့မှာ အခု
တပတ်ထဲမှာပဲ ဆွေးနွေးခဲ့ကြပါသေးတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ဗြိတိန်အစိုးရက မြန်မာ့အရေး မျက်ခြည်မပြတ် စောင့်ကြည့်လှုပ်ရှားမှုတွေ လုပ်ဆောင်
နေရာမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်
သွားနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာပါ။ ဒီလို ဆောင်ရွက်ချက်တွေထဲမှာ မြန်မာ
စစ်အစိုးရဘက်က အပြောင်းအလဲတွေ လုပ်မလာဘူးဆိုရင် နောက်ထပ် ပြစ်ဒဏ်ခတ်
အရေးယူမှုတွေ လုပ်ကိုင်သွားဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗြိတိသျှ
နိုင်ငံခြားရေးရုံး ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့သူတွေထဲက ဗြိတိန်နိုင်ငံအခြေစိုက်
မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ဘားမားကန်ပိန်း (ယူကေ) ယာယီညွှန်ကြား
ရေးမှူး မက်ခ် ဖာမာနား (Mark Farmaner) က ဗြိတိန်အစိုးရရဲ့ မြန်မာ့အရေး ဆောင် ရွက်နေတာတွေကို ပြောပြရာမှာတော့ …
“နိုင်ငံတကာ သတင်းစာတွေရဲ့ မျက်နှာဖုံးသတင်းမှာ ပါမလာတော့တာနဲ့ ဒါဟာ
ကမ္ဘာက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို မေ့လျော့သွားတယ်ဆိုတဲ့အဓိပ္ပာယ် မသက်ရောက်ပါဘူး။ ဗြိတိသျှအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့
ပတ်သက်ပြီး စိတ်ဝင်စားနေဆဲပါ။ တကယ်တော့ သံတမန်ရေးရာ ကန့်လန့်ကာ
နောက်ကွယ်မှာ ဆောင်ရွက်ချက်တွေ အများအပြားရှိနေတာပါ” လို့ ပြောသွားပါ
တယ်။
အင်္ဂါနေ့တုန်းက ဒီဆွေးနွေးပွဲကို ဗြိတိသျှနိုင်ငံခြားရေးရုံးဝန်ကြီး မက်ဂ်မန်း
(Meg Munn) က ကမကထလုပ် ကျင်းပခဲ့တာပါ။ ဗြိတိန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရပ်တည်ချက်တွေကို ရှင်းလင်းပြောဆိုရင်း မြန်မာ့အရေးအတွက် နောက်ထပ်
ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့တာလို့ မက်ခ် ဖာမာနား က
ပြောပါတယ်။
“ဗြိတိန်အစိုးရက မြန်မာနိုင်ငံကိစ္စကို ဦးစားပေးအဆင့်မှာ ထားရှိနေဆဲဖြစ်တဲ့
အကြောင်း၊ အီးယူအနေနဲ့လည်း နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေလုပ်ဖို့ လိုအပ်
နေတာတွေကို စမ်းစစ်ဖို့နဲ့ မြန်မာနိုင်ငံကိစ္စမှာ အာဆီယံနိုင်ငံတွေနဲ့ ဆက်စပ်ပတ်
သက်တဲ့ အကြောင်းအရာတွေကိုလည်း ပြောဆိုခဲ့ပါတယ်”
အဓိကအနေနဲ့ ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေထဲမှာတော့ မြန်မာစစ်အစိုးရ
အနေနဲ့ အတိတ်တုန်းက ကျူးလွန်ခဲ့တဲ့ လုပ်ရပ်မျိုးတွေလို လုပ်လို့မရဘူးဆိုတာ
မြန်မာစစ်အစိုးရကို သတင်းစကားပေးဖို့ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးအုံကြွမှု၊ ၁၉၉၆ ခုနှစ်က ကျောင်းသားလှုပ်ရှားမှုကို ဖိနှိပ်
ခဲ့တာ၊ ၂၀၀၃ ခု မေလတုန်းက ဒီပဲယင်းတိုက်ခိုက်မှုလို မေ့မေ့ပျောက်ပျောက် လုပ်လို့
မရဘူးလို့ သူကဆိုပါတယ်။ ဗြိတိသျှအစိုးရအနေနဲ့ အခုဆိုရင် မြန်မာနိုင်ငံနဲ့ပတ်သက်
လို့ အထူးအဖွဲ့တခုလည်း ဖွဲ့စည်းထားပြီး အရင်ကထက် အလေးအနက်ထား ကိုင်တွယ်
ဖို့ ပြင်ဆင်နေတယ်လို့လည်း သူကပြောပါတယ်။ ဒီအဖွဲ့က မြန်မာ့အရေးနဲ့ပတ်သက်လို့
ဒေသတွင်းနဲ့ နိုင်ငံတကာမှာရှိတဲ့ သံတမန်အသိုင်းအ၀ိုင်း၊ ကုလသမဂ္ဂ အသိုင်းအ၀ိုင်း
တွေနဲ့ ဆက်သွယ်ပြီး အချိန်ပြည့် ဆောင်ရွက်နေပြီလို့လည်း ဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာ တွေနဲ့ပတ်သက်လို့ မက်ခ် ဖာမာနားက ပြောဆိုရာမှာတော့ …
“နအဖအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြစ်ဒဏ်ခတ် အရေးယူမှုတွေ လုပ်ထား
တာ မကြာခနဆိုတော့ ဒီလောက်နဲ့ပြီးပြီလို့ ထင်ချင်ထင်နေမှာ ဖြစ်တာမို့လို့ မြန်မာ
စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု အသစ်တွေလုပ်ဖို့ ကျနော်တို့ ပြောခဲ့ကြ
ပါတယ်”
ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဘာတွေလုပ်နိုင်မလဲဆိုတာတွေကိုလည်း ဆန်းစစ်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။ ဒီဆွေးနွေးပွဲအတွင်း မကြာသေးခင်ကမှ မြန်မာစစ်အစိုးရက နောက်ထပ် နေထိုင်ခွင့်မပြုတာကြောင့် ထွက်ခွာလာခဲ့ရတဲ့ ကုလ
သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ချားလ်စ် ပက်ထရီ (Charles Petrie)
လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင်းက ဆင်းရဲမွဲတေမှု ပြဿနာနဲ့ ပတ်သက်လို့
အဓိကထား ဆွေးနွေးခဲ့သေးတယ်လို့လည်း ဘားမားကန်ပိန်း (ယူကေ) ယာယီ
ညွှန်ကြားရေးမှူး မက်ခ် ဖာမာနားက ပြောပါတယ်။