သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိပေမယ့် နိုင်ငံရေးတည်ငြိမ်မှု အလားအလာနည်းပါးနေဆဲ


လာမယ့် တနင်္ဂနွေနေ့ကျရင် ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလာဒ်မှာတော့ အပြတ်အသတ်နိုင်ဖို့ မရှိနိုင်ဘူးလို့ အကဲခတ် ဆန်းစစ်သူတွေက ဆိုနေကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရပြီး ပြန်လည် ရွေးချယ်ခံခဲ့ရတဲ့ ဝန်ကြီး ချုပ်ဟောင်း တပ်ခ်ဆင် ရှင်နဝပ် ကို စစ်တပ်က ပြီးခဲ့တဲ့ နှစ်တုန်းက အာဏာသိမ်း ဖြုတ်ချခဲ့တဲ့နောက် ဒါဟာ ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲတွေလည်း ဖြစ်ပါတယ်။ အခုအချိန်အထိတော့ မဲဆွယ် လှုပ်ရှားမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း စိတ်အား ထက်ထက်သန်သန်နဲ့ ဆောင်ရွက်နေကြပေမဲ့ တကယ်လို့သာ ရွေးကောက်ပွဲ မှာ မစ္စတာ တပ်ခ်ဆင် ရဲ့ ဘက်တော်သားတွေ အသာရမယ်ဆိုရင် အာဏာသိမ်းခဲ့တဲ့ စစ်တပ်အနေနဲ့ ဘယ်လို တုန့်ပြန်လာ မလဲဆိုတာ မဲဆန္ဒရှင်တွေ အများအပြား စိတ်ဝင်စားနေတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဘန်ကောက်မြို့ကနေ Luis Ramirez သတင်းပေးပို့ထားတာကို ဦးအောင်လွင်ဦး ကတင်ပြထားပါတယ်။

အရပ်သား အစိုးရ အုပ်ချုပ်ရေး လက်ထဲ အာဏာပြန် လွှဲအပ်ပေးပါ့မယ်လို့ ပြီးခဲ့တဲ့နှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေရဲ့ ကတိကဝတ်တွေကို ရွေးကောက်ပွဲတွေနဲ့ ဖြည့်ဆည်း ပေးလိုက်ပါပြီ။ အဂတိ လိုက်စားမှုနဲ့ အထွတ်အမြတ်ထားတဲ့ ထိုင်းဘုရင်ကို မလေးမစား လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မစ္စတာ တပ်ခ်ဆင် ကို အာဏာသိမ်း ဖယ်ရှားခဲ့တာပါ။ ထိုင်းနိုင်ငံကို ပြန်မယ်ဆိုရင် ထောင်ဒဏ် အပြစ်ပေး အရေးယူခံရမယ့် အရေး ရင်ဆိုင်ရဖွယ်ရှိနေတဲ့ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းရှင် သန်းကြွယ်သူဌေး မစ္စတာ တပ်ခ်ဆင် တယောက် အခုတော့ ဗြိတိန် နိုင်ငံမှာ ခိုလှုံနေထိုင် နေပေမဲ့လည်း မကြာခင် ပြုလုပ်တော့မယ် ရွေးကောက်ပွဲတွေ အပေါ်မှာ သူ့အရိပ်က ထိုးနေဆဲဖြစ်ပါတယ်။

သူ့ရဲ့ ထိုင်းရပ်ခ်ထိုင်း (Thai Rak Thai) ပါတီကို ဖျက်သိမ်းခံခဲ့ရပြီး သူ့ရဲ့မဟာမိတ် ၁၀၀ ကျော် ကိုလည်း နိုင်ငံရေး လှုပ်ရှားခွင့် တားမြစ်ထားပေမဲ့ သူ့ကို ထောက်ခံခဲ့သူ အများအပြားက ပြည်သူ့ အာဏာပါတီ People Power Party ပီ ၃ လုံး လို့ အမည်ပေးထားတဲ့ ပါတီ အသစ်အောက်မှာ ပြန်လည် စုစည်းခဲ့ကြတာပါ။ ပါတီရဲ့ အမာခံ အင်အားဟာလည်း မစ္စတာ တပ်ခ်ဆင် ကို တချိန်က ထောက်ခံခဲ့တဲ့ ကျေးလက်ဒေသနဲ့ လူလတ်တန်းစား အလုပ်သမားတွေပါ။ မနှစ်တုန်းက ကျေးလက် ဒေသက ဆင်းရဲသား အများစုက မစ္စတာ တပ်ခ်ဆင်ကို ထောက်ခံခဲ့ကြသလို မြို့ပြနေသူတွေနဲ့ လူလတ်တန်း အထက်တန်းစားတွေက သူ့ကို အကြီးအကျယ် ဆန့်ကျင်ခဲ့တဲ့ အကွဲအပြဲကို မနှစ်တုန်းက အာဏာသိမ်းပွဲက မျက်ဝါးထင်ထင် ပြသခဲ့ပြီးပါပြီ။ ဆန်းစစ်သူတွေကတော့ ဒီလို ကွဲလွဲမှုတွေဟာ အခု ရွေးကောက်ပွဲ ကာလမှာလည်း ဆက်ရှိနေတုန်းပဲလည်း ဆိုကြပါတယ်။ ပီ ၃ လုံး ပါတီရဲ့ ဒုတိယ အတွင်းရေးမှူးချုပ် နိုပဒို ဖာတမာ (Nopadol Patama) ကတော့ တနင်္ဂနွေ ရွေးကောက်ပွဲမှာ သူ့ပါတီကို ပေးမယ့် မဲတွေဟာ မစ္စတာ တပ်ခ်ဆင် ကိုပေးမယ့် မဲတွေဖြစ်တဲ့ အကြောင်း ဗြောင်ကျကျ ပြောဆိုထားတာပါ။

“အကြောင်း အမျိုးမျိုးကြောင့် ဂရုဏာနဲ့ပေးလာကြမယ့် မဲတချို့ဟာ မစ္စတာ တပ်ခ်ဆင် အတွက် ရည်ရွယ်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တကယ်တော့ အများကြီးတောင် ဖြစ်နိုင်တာပါ။ သူ့ရဲ့ လုပ်ဆောင်မှုတွေ၊ သူ့ရဲ့ အတွေးအမြင်တွေနဲ့ ပြည်သူ့တွေကို သူချစ်မြတ်နိုးမှုတွေကြောင့်ပါ။ နောက်ပြီး ကျနော်တို့ရဲ့ ခိုင်မာတဲ့ မူဝါဒတွေ ကြောင့်လည်း မဲတွေ ရနိုင်ပါလိမ့်မယ်။”

စစ်တပ်က အာဏာသိမ်းခဲ့တုန်းက ပေးခဲ့တဲ့ အကြောင်းရင်းတခုဖြစ်တဲ့ အဂတိ လိုက်စားမှု ပြဿနာကို တိုက်ဖျက်မယ်လို့လည်း ပီ ၃ လုံး ပါတီက ပြောဆိုထားတာပါ။ နိုင်ငံရေး အကဲခတ်တွေကတော့ ပီ ၃ လုံး ပါတီဟာ ၄၈၀ နေရာရှိတဲ့ ပါလီမန်အသစ်မှာ ခိုင်ခိုင်မာမာနဲ့ နေရာ ရနိုင်ဖွယ်ရာ ရှိတယ်လို့ တွက်ဆနေကြတာပါ။ ဒါပေမဲ့လည်း စစ်တပ်ကို ကျောထောက် နောက်ခံပြုထားတဲ့ ယာယီအစိုးရက ရေးဆွဲထားတဲ့ အခြေခံဥပဒေက ပါတီတခုတည်းက အစိုးရကို လုံး၀ ချုပ်ကိုင်ထားတာမျိုးက ကာကွယ်ဖို့ ပြင်ဆင်ရေးဆွဲထားတယ်လို့လည်း ဆိုပါတယ်။ အကဲခတ် အများစုကတော့ ပီ ၃ လုံး ပါတီဟာ စစ်တပ်နဲ့ မြို့ပြလူတန်းစားတွေရဲ့ ထောက်ခံမှုရထားတဲ့ ပြိုင်ဖက် ဒီမိုခရက် ပါတီကို ယှဉ်နှိုင်ဖို့ မစ္စတာ တပ်ခ်ဆင်ကို ထောက်ခံတဲ့ ပါတီငယ်တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်း အဖွဲ့ ဖွဲ့လာနိုင်တယ်လို့လည်း ဆိုနေတာပါ။

ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေး သိပ္ပံပညာပါမောက္ခ သီထိနန် ဖုန်ဆတ်ဒီရတ်ခ် (Thitinan Pongsudhirak) ကတော့ တပ်ခ်ဆင်ကို ထောက်ခံသူတွေနဲ့ သူ့ကို နိုင်ငံရေး ဇာတ်စင်ပေါ်က ထာဝရပျောက်ကွယ် သွားတာကို မြင်လိုကြတဲ့ စစ်ဗိုလ်ချုပ်တွေအကြား လွန်ဆွဲပွဲတွေက ရှိနေတုန်းပဲလို့ ဆိုပါတယ်။

“ဒါဟာ အခုရွေးကောက်ပွဲ ကြုံနေရတဲ့ အကြပ်အတည်းကိစ္စပါ။ ရွေးကောက်ပွဲတွေ ဖြစ်ဖို့လိုတယ်၊ ဖြစ်လည်း ဖြစ်ရမယ်။ ဒါပေမဲ့လည်း တပ်ခ်ဆင် ကိုထောက်ခံသူ အများအပြားကသာ အနိုင်ရမယ်ဆိုရင် သူတို့ အစိုးရဖွဲ့ဖို့ တောင်းဆိုမှာ ဖြစ်သလို တပ်ခ်ဆင်ကိုလည်း ပြန်ခေါ်မှာပါ။ သူတို့ကို အစိုးရဖွဲ့ခွင့် မပြုဘူးဆိုရင်လည်း ရွေးကောက်ပွဲတွေဟာ အတုအယောင် သဘောဖြစ်သွားပါလိမ့်မယ်။ ဒါဟာ စစ်တပ်အတွက်လည်း အကြပ်အတည်း တခုပါ။”

ဒီလိုအခြေအနေမှာ စစ်တပ်ကလည်း တပ်ခ်ဆင် လူတွေ အနိုင်ရမှာကို လက်ခံမယ် မထင်ဘူးလို့ လည်း သူကဆိုပါတယ်။

“စစ်တပ်က စစ်တန်းလျားကို ပြန်သွားမယ့် အရိပ်အယောင် မပြပါဘူး။ ထိုင်းနိုင်ငံထဲက ခရိုင် အတော်များများ ဟာလည်း စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေဆဲပါ။ ပြည်တွင်းရေးရာ လုံခြုံရေး အက်ဥပဒေ တခုရှိဖို့ စစ်တပ်က လိုလားနေတာပါ။ ဒီဥပဒေသစ်က ကန့်လန့်ကာ နောက်ကွယ်ကနေ ဆက်ပြီး အုပ်ချုပ်သွားဖို့ ကျိုးစားမှာပါ။”

အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ဖက်ကတော့ ရွေးကောက်ပွဲ ရလာဒ်တွေကို ဝင် ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့ ကတိပြုထားတာပါ။ နိုင်ငံရေး သမားတွေကတော့ ထိုင်းနိုင်ငံအနေနဲ့ အတိတ်တုန်းက စစ်အာဏာသိမ်းမှု သံသရာ တကျော့ပြန် လာမယ့်အခြေအနေတွေကို ကျော်လွှား လာခဲ့ပြီဆိုတာကို ယုံကြည်လိုကြပါတယ်။

တပ်ခ်ဆင်ကို ထောက်ခံသူတွေ ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်ဘူး ဆိုရင် တော့ အသက်၄၃နှစ် အရွယ် ဒီမိုကရက်ပါတီ ခေါင်းဆောင် အဘီဆစ် ဗီဂျာဂျီဝါ (Abhisit Vejjajiva)က ဝန်ကြီးချုပ်ဖြစ်ဖို့ ရှေ့တန်းက ပြေးနေတာပါ။ သူ့အနေနဲ့ကတော့ စစ်တပ်က အစိုးရကို ဝင်ရောက် စွက်ဖက်မှုတွေ မရှိအောင် သူလုပ်မယ်လို့ ဗွီအိုအေ နဲ့ မေးမြန်းခန်းမှာ ကတိပေး ပြောဆိုလိုက်ပါတယ်။

“ဒီမိုကရေစီရေး ဆောင်ရွက်ချက်တွေကို လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုဖို့၊ လူ့ အသိုင်း အဝိုင်းမှာ ကွဲပြား ခြားနားမှုတွေကို ဥပဒေနဲ့အညီ ဝိုင်းဝန်း ကျိုးပမ်းဖြေရှင်းကြဖို့ထက် ကောင်းတာတော့ ဘာမှ မရှိဘူးလို့ ကျနော်ထင်ပါတယ်။ ရွေးကောက်ပွဲမှာ ကျနော်တို့ အနိုင်ရမယ်ဆိုရင်တော့ အတိုက် အခံတွေ၊ ပြည်သူတွေအနေနဲ့ သဘောကွဲလွဲခွင့်တွေကို ခွင့်ပြုမယ့် ဒီမိုကရေစီ အစိုးရစစ်စစ် တရပ် ဖြစ်အောင် ဖန်တီးဖို့ ကတိပြုပါတယ်။”

၁၉၃၂ ခုနှစ်ကတည်းက ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်မှုဟာ စည်းမျဉ်းခံ ဘုရင်စနစ်ကို ပြောင်းလဲခဲ့ပေမဲ့ သမိုင်းတလျှောက် စစ်အာဏာသိမ်းမှု စုစုပေါင်း ၁၈ ကြိမ်အထိ ဖြစ်ပွားခဲ့တာပါ။ ဒီတကြိမ်မှာတော့ ရွေးကောက်ပွဲ ရလာဒ်တွေ ဘယ်လိုပဲ ထွက်လာလာ စစ်တပ်က နိုင်ငံရေးက ခပ်ကင်းကင်း နေပါ့ မလား ဆိုတာကတော့ အများစိတ်ဝင် စားနေတဲ့ မေးခွန်းတခုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG