သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးထားသူများကို လွှတ်ပေးရန် တောင်းဆိုမှုများကြားမှပင် ဆက်လက် ဖမ်းဆီးနေဆဲ


ပြီးခဲ့တဲ့ စက်တင်ဘာလက သံဃာတော်တွေ ဦးဆောင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းပြီးတဲ့နောက် သေဆုံးသူသေဆုံး၊ အဖမ်းခံရသူ ခံရဖြစ်ခဲ့တာ သုံးလနီးပါး ကြာလာခဲ့ပါပြီ၊ အဲဒီဖြစ်ရပ်တွေ နောက်ပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအ၀င် တာဝန် ရှိသူတွေ၊ လူ့အခွင့်အရေး ကိုယ်စားလှယ်
အပါအ၀င်အဖွဲ့ အစည်းအသီးသီးတို့အပြင် နိုင်ငံတကာ အစိုးရတွေကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပါ၊ ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် မလုပ်မဖြစ်လုပ်ဖို့ လိုအပ်တဲ့၊ ပထမဆုံး အဆင့်မှာကို လုပ်ဖို့ လိုအပ်တယ်လို့ အဆက်မပြတ် တောင်းဆိုနေကြတာပါ၊ ဒါပေမယ့် မြန်မာ အာဏာပိုင်တွေကတော့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေ၊ ဦးဆောင်တယ်လို့ယူဆသူ ရဟန်းသံဃာ၊ အရပ်သား၊ ကျောင်းသားတွေကို တောနင်းပြီး လိုက်ရှာ ဖမ်းနေတာကတော့ နည်းနည်းလေးမှ လျော့ကျသွားတဲ့ အရိပ် လက္ခဏာ မတွေ့ရသေးပါဘူး၊ မကြာသေးခင်ရက်ပိုင်း တွေမှာကိုပဲ နောက်ထပ် ဖမ်းဆီးမှုတွေ ရှိခဲ့ပါသေးတယ်၊ အဲဒီလို အဖမ်းခံခဲ့ရတဲ့သူတွေ ဘယ်သူလည်း ဆိုတာကို ကိုယ်တိုင်လည်း ရှောင်တိမ်းနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုစိုးထွန်းက အခုလိုပြောပါတယ်၊

“ မကြာခင်ကမှ ပြန်လွတ်လာခဲ့တဲ့ ကိုဇော်မင်းဆိုတာ၊ နောက်ပြီးတော့ မိန်းကလေးထဲကဆိုရင် မခင်မိုးအေး၊ သူဆိုလည်း သုံးကြိမ်လောက် အဖမ်းဆီးခံခဲ့ရတယ်၊ သူပြန်အဖမ်းခံရတယ်၊ နောက်ပြီးတော့ မျိုးရန်နောင်သိန်း ဆိုတဲ့တယောက်၊ သူကလည်း ၉၆ ကျောင်းသားလှုပ်ရှားမှုနဲ့ ထောင်ကျပြီးမှ ပြန်လွတ်လာတဲ့ တယောက်ပေါ့နော် သူလည်းအဖမ်းခံရတယ်၊ နောက်ပြီးတော့ ကိုကျော်စိုးဆိုတဲ့ တယောက်လည်း အဖမ်းခံရတယ်၊ ကိုမင်းမင်းစိုးဆိုတဲ့ တယောက်လည်း အဖမ်းခံ ရတယ်ခင်ဗျ၊ အဲဒီတော့ လူစုစုပေါင်း ငါးယောက်အဖမ်းခံရတယ်လို့ ကျနော်တို့ သိရပါတယ် ခင်ဗျ၊”

အာဏာပိုင်တွေက ဘာဖြစ်လို့ ဒီလူတွေကို ဘာဖြစ်လို့အပြင်းအထန် လိုက်ရှာပြီးတော့ ဖမ်းတာလို့ ကိုစိုးထွန်းတို့သုံးသပ်သလဲ။

“အဲဒါကတော့ ကျနော်တို့လည်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတယ်၊ တဘက်ကလည်း သူတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေပါပြီ၊ ဒီတော့ မစ္စတာဂမ်ဘာရီကိုလည်း သူတို့ ဂတိ ပေးခဲ့တယ်၊ နောက်ထပ် အဖမ်းဆီး မလုပ်တော့ပါဘူး ဆိုပြီးတော့ပြောပြီးတော့နောက်ပိုင်းမှာပဲ အဖမ်းဆီးတွေက၊ ကျနော်တို့ကြားရသလောက် တောက်လျှောက်ဖြစ်ခဲ့တယ်၊ အဲဒါကြောင့် ကျနော်တို့ လုံးဝ နားမလည်နိုင်ဘူး၊ သူတို့ ပြောပြီးမှဘဲ ဘာကြောင့် အငြိုးထား ဖမ်းဆီးနေရတယ် ဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေတယ်ဗျာ၊”

အခုအဖမ်းခံရတဲ့လူတွေဟာ တိုင်းပြည်ဆူပူအောင်လုပ်တဲ့လူတွေမဟုတ်လို့ ကိုစိုးထွန်းတို့က ဘာ့ကြောင့် ပြောနိုင်တာလဲ။

“ဟုတ်ကဲ့၊ အဖမ်းခံရတဲ့လူတွေဟာ သူတို့က သူတို့ရဲ့ယုံကြည်ချက်တွေကို ငြိမ်းချမ်းစွာနဲ့ ဖေါ်ထုတ် ဆန္ဒပြခဲ့တဲ့ သူတွေဖြစ်တယ်၊ အခုဆိုရင် ရုံးတင် စစ်ဆေးတဲ့လူတွေ၊ ကိုထင်ကျော်ဆိုရင်လည်း သူတို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒ၊ သူတို့ ပြည်သူလူထုရဲ့ ခံစားနေရတဲ့ ဒုက္ခ၊ သုခအ၀၀ကို သူတို့က ထုတ်ဖေါ် ပြောဆိုပြီးတော့ ဆန္ဒ တင်ပြတာဖြစ်တယ်၊ မစုစုနွေးဆိုရင်လည်း သူတို့ရဲ့ ဖော်ထုတ်ခွင့်၊ သူတို့ရဲ့ ယုံကြည်ချက်အတိုင်း ဖော်ထုတ်တာဖြစ်တယ်။”

အခုလိုဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ကိုစိုးထွန်းတို့က ဘာ့ကြောင့် ပြောတာပါလဲ၊

“ကျနော်တို့ လုပ်ခဲ့တဲ့ သူတွေမှန်သမျှ ငြိမ်းချမ်းစွာနဲ့ မိမိရဲ့ ယုံကြည်ချက်တွေကို တင်ပြတာ ဖြစ်တယ်၊ ကျနော်တို့(၈၈) ကျောင်းသားများဟာလည်း ထောင်ထဲကနေ လွတ်လာပြီး နောက်ပိုင်းမှာ ကျနော်တို့ဟာ ငြိမ်းချမ်းစွာနဲ့ တိုင်းပြည်နဲ့လူမျိုးမှာ ဒုက္ခတွေ၊ ရင်ဆိုင်နေရတဲ့ အခက်ခဲတွေ၊ ဘေးဒုက္ခမျိုးစုံးတွေ၊ အကျပ်တည်းမျိုးစုံတွေကို ၀ိုင်းဝန်းအဖြေရှာဖို့အတွက် အငြိမ်းချမ်းဆုံး နည်းနဲ့ တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံး ဖြေရှင်းပါ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး ဖေါ်ဆောင်ဖို့လိုပါတယ်၊ အဲဒီအတွက် ကျနော်တို့ကို ကြိုက်တဲ့ နေရာက နေခိုင်းပါ၊ ကျနော်တို့တာဝန်ယူပြီးတော့ ကျတဲ့နေရာကနေ စွမ်းနိုင် သလောက် ကြိုပမ်းပါ့မယ်လို့ ဆောင်ရွက်ခဲ့ ကြတာဖြစ်တယ်၊ ငြိမ်းချမ်းစွာဆောင်ရွက်ခဲ့ကြတာဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့ဟာ ဖမ်းဆီးနှိပ်စက်မှု တွေကို ရပ်တန့်ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အမြန်ဆုံးအကောင်ထည် ဖေါ်ပါ၊ ပြီးတော့ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားခဲ့ကြတဲ့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူတွေ၊ တိုင်ရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံးပြန် လွှတ်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး ဖော်ဆောင်ပါလို့ အကြိမ် ကြိမ်တိုက်တွန်းနေရခြင်းဖြစ်ပါတယ်၊ ”

အဲဒါကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစိုးထွန်းပါ၊ အာဏာပိုင်တွေက မကြာသေးခင်ကပဲ လူ ၈,၀၀၀ကျော် ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ကြေငြာခဲ့ပေမယ့် ဒီလူတွေ ထဲမှာ ယုံကြည်ချက်ကြောင့် အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် မဆိုစလောက်ပဲ ပါတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုကြကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG