သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံပြောင်းလဲရေး ဖိအားပေးဘို့ တရုတ်ကို ဥရောပ အထူးကိုယ်စားလှယ် တိုက်တွန်း


နိုင်ငံရေး အတိုက်အခံတွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်လာအောင် တွန်းအားပေးဘို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ အထူး ကိုယ်စားလှယ် က မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူတွေကို ကူညီပေးနိုင်တဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီရေး တရုတ်ရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်အောင် ဥရောပအထူးကိုယ်စားလှယ်က မေတ္တာရပ်ခံ ခဲ့တာဖြစ်ပါတယ်။ ဟောင်ကောင်ကနေ ဗွီအိုအေ သတင်းထောက် Kate Woodsome သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

အာရှဒေသတွင်း ဦးဆောင်ဦးရွက် အခန်းကဏ္ဍကို ရယူလာတဲ့ တရုတ်နိုင်ငံအနေနဲ့ရော၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ရော တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ အကြပ်အတည်းတွေကို ကူညီဖြေရှင်းပေးတဲ့ အနေအထားမှာ ရှိသင့်တယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပ အထူး ကိုယ်စားလှယ် (Piero Fassinao) ပီယာရို ဖက်ဆီနိုက တရုတ်နိုင်ငံ ပီကင်းမြို့မှာ ဒီနေ့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရရှိဘို့ဆိုရင် တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုက အခြေခံကျတဲ့ အကြောင်း ပီယာရို ဖက်ဆီနိုက ပြောဆိုသွားတာပါ။

ဥရောပ အထူး ကိုယ်စားလှယ် ပီယာရို ဖက်ဆီနိုက မြန်မာနိုင်ငံ့အရေးကိစ္စကို အင်္ဂါနေ့ကတည်းက တရုတ်အရာရှိတွေနဲ့ ဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်အစိုးရ လုံခြုံရေး တပ်ဖွဲ့ တွေက ပစ်ခတ်နှိမ်နှင်းခဲ့ပါတယ်။ ဒီလို ပစ်ခတ်နှိမ်နှင်းခဲ့တာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဒေါ်သဖြစ်ခဲ့ကြပေမယ့်လည်း စစ်အစိုးရကတော့ နိုင်ငံတကာ ကို ပမာမခန့် တုန့်ပြန်ခဲ့ပါတယ်။

မကြာသေးခင်က ထုန်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း ဆန္ဒပြပွဲတွေအကြား အနည်းဆုံး လူ ၃၁ ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ပြည်ပမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ ကတော့ သေဆုံးသူဦးရေ ဒီထက်ပိုပြီးများနိုင်တယ်လို့ ပြောဆိုနေပါတယ်။

ဆန္ဒပြပွဲတွေကြားမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ သံဃာတော်တွေ ရိုက်နှက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလို ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အတွင်း မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ရေး အဆိုပြုချက်တွေကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ ပါတယ်။ ဒီလို အရေးယူပိတ်ဆို့မယ်ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ပေါ်လာနိုင်တယ်လို့ တရုတ်ဘက်က ပြောဆိုပါတယ်။

လေ့လာသုံးသပ်သူတချို့ကတော့ တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးနဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေကို ထိမ်းထားချင် ပုံရတယ်လို့ သုံးသပ်ပါတယ်။ ကျောက်မျက်ရတနာ၊ သစ်၊ သဘာဝဓာတ်ငွေ့ စတဲ့ မြန်မာနိုင်ငံက ပေါများကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်တွေက ထွက်ကုန်တွေက တရုတ်နိုင်ငံရဲ့ စီးပွာရေး တိုးတက်ဖို့အတွက် အဓိက အထောက်အကူ ပြုနေပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း အနေအထား ဖန်တီးဖို့အတွက် အားပေးနိုင်အောင် ကြိုးစားနေတယ်လို့ ဥရောပ အထူး ကိုယ်စားလှယ် ပီယာရို ဖက်စီနိုက ပြောပါတယ်။

မြောက်ကိုရီးယား နှူကလီးယားအရေး ကိစ္စ နိုင်ငံတကာ စေ့စပ်ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံက ဆုံးဖြတ်ချက်ရှိရှိ အပြုသဘောဆောင်တဲ့ သြဇာသက်ရောက်မှုတွေ အသုံးပြုခဲ့တာကို ပီယာရို ဖက်စီနိုက ချီးကျုးပြောဆိုသွားပါတယ်။

မြန်မာ့အရေးမှာလည်း တရုတ်နိုင်ငံအနေနဲ့ အလားတူ ဆောင်ရွက်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောဆိုသွားပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံဟာ သူ့ကိုယ်ပိုင်ပြဿနာတွေကို သူ့ာသာ ဖြေရှင်းရမယ်ဆိုတာကို တရုတ်အာဏာပိုင်တွေက ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ ပီရိုဖက်ဆီနိုက ပြောပါတယ်။

ဖက်စီနိုဟာ အာရှနိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ် အစမှာ တရုတ်နိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။ သူဟာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ဘို့ စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းခဲ့တာတွေနဲ့ ပတ်သက်လို့ အီးယူ ဥရောပ နိုင်ငံတွေက မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့တာတွေ အရင်ကထက် ပိုပြီး တင်းကျပ်ခဲ့ ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ အမေရိကန် အထက်လွှတ်တော်က မြန်မာစစ်အစိုးရခေါင်းဆောင်တွေနဲ့ အပေါင်းပါတွေ ကို သူတို့အပေါ် ငွေကြေးအရ အရေးယူပိတ်ဆို့မှုအသစ်တွေ အပါအဝင် ခရီး သွားလာခွင့်တွေ အပေါ် ကန့်သတ်ပိတ်ပင်တဲ့ အရေးယူမှုတွေ အတည်ပြု ပြဠာန်းခဲ့ပါတယ်။

ဒီဥပဒေအရ မြန်မာနိုင်ငံအတွင်းက ကျောက်မျက်ရတနာနဲ့ သစ်တင်ပို့မှုတွေကို ပိတ်ပင် ဟန့်တား ထားပါတယ်။

မြန်မာပြည် ဒီမိုကရေစီတိုးမြှင့်ရေး အက်ဥပဒေက မြန်မာအရေး အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေး ရာ စည်းရုံးဆက်သွယ်ရေးမှူးတွေ ခန့်ထား တာဝန်ပေးအပ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းကလည်း အမေရိကန် အောက်လွှတ်တော် အမတ်တွေက အလားတူ ဥပဒေကြမ်း တရပ်ကို အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေကြမ်းတွေကို အမေရိကန် သမ္မတ ဘုရှ် လက်မှတ်ရေးထိုး အတည်မပြုခင်မှာ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်လည်း ရယူရဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG