သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အီတလီနိုင်ငံက ငြိမ်းချမ်းရေးဆု ချီးမြှင့်


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အီတလီနိုင်ငံ ရောမမြို့ရဲ့ ၂၀၀၇ ခုနှစ် ငြိမ်းချမ်းရေးနဲ့ လူသားဆိုင်ရာ တက်တိုးမှု ဂုဏ်ထူးဆောင်ဆုရှင်အဖြစ် ရွေးချယ်လိုက်ပြီး၊ ဆုပေးပွဲ အခမ်းအနားကို ရောမမြို့မှာ ကျင်းပပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ်တရပ် ဖြစ်ထွန်းလာရေးအတွက် လူ့အခွင့်အရေးကိစ္စတွေ တိုးတက် မြင့်မားလာစေဖို့ နှစ်ပေါင်းများစွာ အကြမ်းမဖက်ပဲ ရပ်တည် တိုက်ပွဲဝင်နေမှုကို ရောမမြို့က ဂုဏ်ပြုခြင်း ဖြစ်တယ်လို့ အီတလီ နိုင်ငံက ပြောပါတယ်။ ဆုပေးပွဲအကြောင်း စောင့်ကြည့် စုံစမ်းနေတဲ့ ပဲရစ်မြို့က မသင်းသီရိကို ကိုအောင်ကျော်လွင်က ဆက်သွယ် မေးမြန်းထား ပါတယ်။

မသင်းသီရိရေ အဖမ်းဆီးခံနေရတဲ့ နိုဗယ်လ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အီတလီ နိုင်ငံက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆုတခု ချီးမြင့်လိုက်တယ်လို့ ကျနော်တို့ ကြားပါတယ်ခင်ဗျား။ ဒီအကြောင်း မသင်းသီရိ စုံစမ်းထားတာတွေကို ရှင်းပြပါအုံးခင်ဗျ။

ဒီအီတလီ ဒေသတွင်း စံတော်ချိန် ည(၇)နာရီက စပြီးတော့ ဒီအခမ်းအနားကို စတင်ခဲ့တာပါ။ အခမ်းအနားမှာ ပထမပိုင်း ဓာတ်ပုံပြပွဲအစီအစဉ်တွေ၊ နောက်တခါ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတွေနဲ့ နောက် အခုအချိန်ထိ အီတလီနိုင်ငံမှာ ဆုပေးပွဲ ဂုဏ်ပြုပွဲ အစီအစဉ်တွေကို ပြုလုပ်နေပါတယ်။

အခမ်းအနား ပြုလုပ်တဲ့နေရာက ရောမမြို့က ပါကိုဒေလီယာမြူစီကာ လို့ခေါ်တဲ့ တကယ့်ထင်ရှားတဲ့ ဂန္ဓဝင်ပြဇာတ်ရုံကြီးမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အခု ဒီဆုပေးပွဲ အခမ်းအနားကို အီတလီနိုင်ငံက သမ္မတကိုယ်တိုင် တက်ရောက်နေသလို၊ အစိုးရ ထိပ်ပိုင်းအရာရှိတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက် ပြီး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ အီတလီနိုင်ငံက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံဖက်ကတော့ NCGUB အဝေးရောက် မြန်မာနိုင်ငံညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းလည်း ဒီအခမ်းအနားကို တက်ရောက်နေပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ အီတလီနိုင်ငံက ထင်ရှားတဲ့ ကမ္ဘာကျော် ဘောလုံးသမား ဟောင်း ရော်ဘက်တိုဘက်ဂီယို ကလည်း ဒီအခမ်းအနားကို တက်ရောက် နေတယ်လို့ သိရပါတယ်ရှင်။

ဟုတ်ကဲ့ NCGUB က ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဒီအခမ်းအနားကို တက်ရောက်တယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုယူဖို့လား ခင်ဗျား။

ဟုတ်ပါတယ်ရှင့်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားပေါ့လေ ဒီဆုကို လက်ခံဖို့ အတွက် ဒီဆုပေးပွဲ အခမ်းအနားကို ရောက်နေတာပါ။

အီတလီနိုင်ငံက မြန်မာ့ဒီမိုကရေစီအရေးကို အရင်ကထက် ပိုပြီးတော့ စိတ်ဝင်စား လာတယ်ဆိုတဲ့ သဘောလားခင်ဗျား။

ဟုတ်ပါတယ်။ အီတလီနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် ပိုပြီးစိတ်ဝင်စားမှု ရှိလာတယ်။ ဥရောပနိုင်ငံတွေထဲမှာ မြန်မာ့အရေးကို တစိုက်မတ်မတ်အားပေးလာတဲ့ နိုင်ငံတခုလို့ ပြောလို့ရ ပါတယ်။ အခု ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဒီဆုပေးပွဲအခမ်းအနားကို ရောက်နေတဲ့ ဒေါက်တာစိန်ဝင်းကို ဒီဆုပေးပွဲ အခမ်းအနားမစခင် ကျမ ဆက်သွယ်ပြီး မေးမြန်း ကြည့်ပါတယ်။

သူက မြန်မာပြည်နဲ့ အလှမ်းဝေးလှတဲ့ အီတလီနိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အထူးစိတ်ဝင်စားမှုတွေ ရှိလာတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အားပေးမှုတွေ၊ ကူညီမှုတွေ ရှိလာတယ် ဆိုတာက ဒါ မြန်မာနိုင်ငံအတွက် ကောင်းတဲ့လက္ခဏာတခုလို့ ဆိုပါတယ်။

”မြန်မာနိုင်ငံနဲ့ သိပ်အဆက်အသွယ် ကြီးကြီးကျယ်ကျယ်မရှိဘူး။ ကုန်စည် ကူးသန်းရောင်းဝယ်ရေးနဲ့ပဲ ပတ်သက်လို့ပဲဖြစ်ဖြစ်နော်။ ကျန်တဲ့ ရင်းနှီးမြုပ်နှံမှု နဲ့ပတ်သက်လို့ပဲ ဖြစ်ဖြစ် သိပ်ပြီး အဆက်အသွယ် မရှိကြဘူးပေါ့။ ဒီအီတလီနိုင်ငံ ကနေပြီး မြန်မာပြည်အရေးကို တော်တော့်ကို စိတ်ဝင်စားတယ်။ အီတလီ ပြည်သူ လူထုကလည်း စက်တင်ဘာမှာ ပြည်သူလူထုတွေ ဆန္ဒပြတောင်းဆို ပွဲတွေ သံဃာတော်တွေပါတဲ့ တောင်းဆိုပွဲတွေကို ကြုံတွေ့ရလို့ စိတ်ဝင်စားကြပါတယ်။ အီတလီ အစိုးရကရော အခုဆိုရင် ဒီ ရောမမြို့တော်ဝန်ကိုယ်တိုင်ကကော အတော့်ကို စိတ်ဝင်စားမှု ရှိပါတယ်။ ကျနော်တို့အနေနဲ့ အားရ ပါတယ်”လို့ ဒေါက်တာစိန်ဝင်းက ပြောသွားပါတယ်။

ဒီအီတလီနိုင်ငံက အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ဆုဟာ ဘယ်လိုဆု မျိုးလဲခင်ဗျ။ ဒီဆုကို အရင်တုန်းက နိုင်ငံတကာက ငြိမ်းချမ်းနဲ့ပတ်သက်တဲ့ လှုပ်ရှားတဲ့သူတွေ ဘယ်လို ပုဂ္ဂိုလ်တွေ ရခဲ့ဖူးလဲခင်ဗျ။

ဒီဆုက အထူးသဖြင့်ပေါ့လေ ကမ္ဘာကြီးအတွင်းမှာ ငြိမ်းချမ်းမှုတွေနဲ့ လူသားခြင်းဆိုင်ရာ တိုးတက်မှု တွေကို တိုက်ပွဲဝင် ရုန်းကန်တဲ့သူတွေကို နှစ်စဉ် ရောမမြို့ကြီးက ဆုချီးမြင့်တာပေါ့လေ။ ဒီနှစ် ၂၀၀၇ ခုနှစ်မှာတော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ရွေးချယ်ခဲ့တာပါ။ ရောမ မြို့တော်ဝန် ဗော်ကာဘယ်တိုနီ ကဆိုရင် သူက မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေကို အကြမ်းမဖက်ပဲနဲ့ နှလုံးရည်နဲ့ တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသလို နှစ်ပေါင်းကြာမြင့်စွာ မပြောင်းမလဲပဲ ရပ်တည်နေတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်တွေ အတွက်လည်း စံနမူနာ ယူရင်းနဲ့ ဒီနှစ်ဆုကို ရွေးချယ်ခဲ့တာပါလို့ သူက ဆိုပါတယ်။

နောက် ဒီဆုကို ၁၉၈၈ ခုနှစ်ကတည်းက စတင်ချီးမြင့်ခဲ့တာ ဖြစ်ပြီးတော့ ဒီထင်ရှားတဲ့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ( Two)၊ နောက်တခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆင်းရဲတဲ့အမျိုးသမီးတွေကို ငွေချေးတဲ့ စံနစ်ကို ပြုလုပ်နေတဲ့ နောက်တခါ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်လည်းဖြစ်တဲ့ ဒေါက်တာ မိုဟာမက်ယူနွတ်စ်၊ နောက်တခါ နယ်ခြားမဲ့ ဆရာဝန်များအသင်း၊ နောက်တခါ ကမ္ဘာ့ကြက်ခြေနီ အဖွဲကတွေပေါ့လေ အဲသလို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ လူ့အခွင့်အရေး ဆိုင်ရာတွေမှာ ထင်ရှားတဲ့ အဖွဲ့အစည်းတွေက ဒီဆုကို ရထားဖူးပါတယ်ရှင်။ ဒေါ်အောင်ဆန်းစုကြည်က အဖမ်းခံထားရတဲ့ တဦးတည်းသော ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဖြစ်သလို အဲဒီ ဆုရှင်တွေထဲမှာလည်း ဆုအများဆုံး ဒီမိုကရေစီ ခေါင်းဆောင် တဦးဖြစ်ပါတယ်ရှင့်။

ဟုတ်ကဲ့ မသင်းသီရိ အခုလို ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG