သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပြည်သူ့အာဏာပါတီခေါင်းဆောင်နှင့် ဗွီအိုအေမြန်မာပိုင်း သီးခြား တွေ့ဆုံမေးမြန်းခန်း


PPP ပြည်သူ့အာဏာပါတီခေါင်းဆောင် စမတ်စွန်ထရာဝပ် က သူသာ အနိုင်ရရင် မြန်မာပြဿနာ ဖြေရှင်းဖို့ မြောက်ကိုးရီးယားလို ခြောက်နိုင်ငံဆွေးနွေးပွဲကို သူ့အနေနဲ့ လက်ခံကျင်းပပေးမယ်လို့ ဆိုခဲ့ပါတယ်။ မစ္စတာစမတ်ကို ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ထိုင်းနဲ့မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ အနီးကပ်ဆုံး အိမ်နီးချင်းတွေဆိုတော့ အိမ်ရှေ့ပူ အိမ်နောက်စိတ်မချမ်းသာ ဖြစ်ကြရတာမိုလို့ မြန်မာနိုင်ငံရဲ့ လတ်တလော ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ အိမ်နီးချင်းကောင်း နိုင်ငံအနေနဲ့ ရပ်တည်ပေးဖို့ လိုအပ်တယ်လို့ မစ္စတာ စမတ်စွန်ထရာဝပ် က ပြောပြပါတယ်။

တကယ်လို့ ဆွေးနွေးပြောဆိုဖို့ ဖိတ်ကြားမယ်ဆိုရင် ဘန်ကောက်မြို့က အသင့်တော်ဆုံးပါပဲ။ စင်ကာပူ၊ ထိုင်းနဲ့ ဂျပန်၊ ပြင်သစ်နိုင်ငံလည်း ပါကောင်း ပါနိုင်ပါတယ်တဲ့။ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံ အားလုံး ၇ နိုင်ငံ စုစည်းပြီးတော့ မြန်မာနိုင်ငံရေးကို ဆွေးနွေးမယ်ဆို အဆင်ပြေမယ်လို့ သူ ယူဆပါတယ်တဲ့၊ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ကမ္ဘာအသစ်မှာ လူသစ်စိတ်သစ်နဲ့ နေသွားကြဖို့ ဆွဲဆောင်ကြရမှာပေါ့ဗျာလို့ ဆိုပါတယ်။

Soft Pressure ပျော့ပျော့ပြောင်းပြောင်းနဲ့ ဖိအားပေးတဲ့သဘောလို့လည်း ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက အခုလုပ်နေသလို တားဆီးပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်ဖို့မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပါကစ္စတန်နိုင်ငံလို မဟုတ်သလို အာဖဂန်နစ္စတန်နိုင်ငံလိုလည်း မဟုတ်ပါဘူးတဲ့။ ဘက်ဂဒက်လို အခြေအနေမျိုးလည်း မဟုတ်ဘူးလို့ သူက အခုလို ပြောပြသွားတာ ဖြစ်ပါတယ်။

ရာထူးက ပြုတ်ကျသွားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှီနာဝဒ် လက်ထက်တုန်းကလည်း Bangkok Process လို့ခေါ်တဲ့ မြန်မာ့အရေး နိုင်ငံတကာဆွေးနွေးပွဲတစ်ရပ်ကို ကြိုးစားခဲ့ဖူးတာ ရှိပါတယ်။ အဲဒီတုန်းက ပြည်ပက မြန်မာ့အတိုက်အခံ အင်အားစုတွေ၊ မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေက လိုလိုလားလား ပူးပေါင်းဆွေးနွေးဖို့ စိုင်းပြင်းခဲ့ကြပေမယ့် စစ်အစိုးရဖက်က လိုလိုလားလား ပူးပေါင်းဆောင်ရွက်တာ မရှိခဲ့လို့ အဲဒီ Bangkok Process လို့ခေါ်တဲ့ နိုင်ငံတကာဆွေးနွေးပွဲ ပျက်ပြားခဲ့ဖူးတဲ့သာဓက ထိုင်းနိုင်ငံမှာ ကြုံခဲ့ဖူးတယ်ဆိုတော့ မစ္စတာ တက်ဆင်ရဲ့ ကြိုပမ်းမှု မအောင်မြင်ခဲ့တာကို ဆက်ပြီး အားထုတ်မယ့်သဘောလားလို့ ကျမ မေးကြည့်မိတဲ့အခါမှာတော့ -

မစ္စတာ တက်ဆင် လုပ်သွားတဲ့အတိုင်း လိုက်လုပ်မှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူဆွေးနွေးပြောဆိုရင် ပြေလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်တဲ့။ မြောက်ကိုရီးယားလို နိုင်ငံမျိုးကိုတောင် ဆွေးနွေးပြောဆိုနိုင်ခဲ့ရင် မြန်မာနိုင်ငံကိုရော ဘာဖြစ်လို့မဆွေးနွေး နိုင်ရမှာလဲလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားနိုင်ငံလို နျူကလီးယားလက်နက်တွေ ထုတ်နေတာလည်း မဟုတ်ဘူးလို့ သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ သဘာ၀ သယံဇာတတွေ ပေါများတယ်။ ဒါပေမယ့် ဒါတွေကို လိုချင်လို့ ကျနော်တို့ ပြောနေတာ မဟုတ်ပါဘူးတဲ့။ မြန်မာလူထု လွတ်မြောက်စေချင်လို့ စဉ်စားပေးနေတာလို့ ပြောပြီး နည်းလမ်းတွေရှာဖွေသွားရင် ပြေလည် နိုင်ပါတယ်လို့ ပြောပြသွားတာဖြစ်ပါတယ်။

အခု လောလောဆယ် အာဆီယံအသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားရတဲ့ စင်္ကာပူနိုင်ငံရဲ့ အလှည့်ပြီးဆုံးတဲ့အခါမှာ အာဆီယံ အသင်းဝင် ထိုင်းနိုင်ငံဟာ အာဆီယံအသင်းရဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူရမှာဖြစ်သလို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ ဆူရင် ပစ်ဆူဝမ် ဟာလည်း ရှေ့လဆန်းကပြီး အာဆီယံအတွင်းရေးမှူးရဲ့ တာဝန်ကို စတင်ထမ်းဆောင်တော့မှာဖြစ်တာမို့လို့ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံ အသင်းထဲမှာ ကြီးလေးတဲ့တာဝန်တွေကို ယူရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စု ဆက်ဆံရေး၊ အာဆီယံနဲ့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေမှာ မြန်မာနိုင်ငံအရေးကြောင့် ကသိကအောင့် ဖြစ်နေရတဲ့ကိစ္စကို မစ္စတာ စမတ်စွန်ထရာဝပ် အနေနဲ့ ဝန်ကြီးချုပ်ဖြစ်ရင် ဘယ်လိုကိုင်တွယ်ဖို့ စိတ်ကူးရှိပါလဲလို့ ကျမ မေးကြည့်မိပါတယ်။

စက်တင်ဘာ အရေးအခင်းကာလတုန်းက စစ်အစိုးရက လူထုအပေါ် ကိုင်တွယ်ခဲ့ပုံကို ကျနော်တို့ မကျေမနပ် ဖြစ်ခဲ့ရပါတယ်။ ကမ္ဘာတဝန်း တချို့လူတွေရဲ့အမြင်ကလည်း မြန်မာစစ်အစိုးရအပေါ် ရွံရှာမုန်းတီး နေကြတော့တာပါပဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ အနေအထားက သူတို့လိုမဟုတ်ဘဲနဲ့ ပြောနိုင်ဆိုနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်တဲ့။ ဒေါက်တာ ဆူရင်ပစ်ဆူဝမ် မှာလည်း အကြံဉာဏ်ကောင်းတွေ ရှိကောင်းရှိမှာပါတဲ့။ ကျနော့်အနေနဲ့ အခွင့်အလမ်း ရလို့ကတော့ ကြိုးစားမှာပါပဲလို့ဆိုပါတယ်။ သူများတွေက မြန်မာစစ်အစိုးရကို မုန်းတီးနေပေမယ့် ကျနော်တို့က လိုက်ပြီး မုန်းတီးလို့ မရပါဘူးတဲ့။ အမေရိကန်ပြည်ထောင်စုက တချို့နိုင်ငံတွေအပေါ် ပြုမူဆက်ဆံပုံကိုလည်း ကျနော် မကြိုက်ပါဘူးတဲ့။ ကျနော်အနေနဲ့က အိမ်နီးချင်းကောင်း ပီသစွာနဲ့ မြန်မာနိုင်ငံကို ဖေးမကူညီသွားဖို့ ဖြစ်တယ်လို့ ပြောပြသွားတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ထိုင်းနိုင်ငံမှာ ရှိနေကြတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေ
တရားမဝင် ဝင်ရောက်လာသူတွေနဲ့ ဒုက္ခသည်တွေအပေါ် ထိုင်းပြည်သူ့အာဏာပါတီရဲ့ မူဝါဒ သဘောထားကိုလည်း ကျမ မေးကြည့်ပါသေးတယ်။

သူတို့ တိုင်းပြည်အေးချမ်းသွားရင် သူတို့ပြန်ကြမှာပါတဲ့။ ဒါမှမဟုတ် တတိယ နိုင်ငံတစ်နိုင်ငံကို သွားချင်ကြရင်လည်း သွားနိုင်ပါတယ်တဲ့။ ဒီဒုက္ခသည်တွေ တရားမဝင် ဝင်ရောက်လာသူတွေကို ကျနော်တို့ စိတ်ရှည်သည်းခံနေခဲ့တာ ကြာပါပြီတဲ့။ သူတို့ကို အိမ်ရှင်ကောင်း ပီသစွာလည်း စောင့်ရှောက်နေပါတယ်တဲ့။ နိုင်ငံတချို့အတွက်တော့ ဒီကိစ္စအတွက် ပြဿနာ ရှိကောင်းရှိမှာ ဖြစ်ပေမယ့်လို့ ထိုင်းနိုင်ငံကတော့ အခုအချိန်အထိ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖြစ်ထွန်းကြလို့ လို့ဆိုပါတယ်။

ဒါပေမယ့် သူတို့ကို ဒီနိုင်ငံက မပိုင်သလို သူတို့တွေကလည်း ဒီနိုင်ငံက လူတွေ မဟုတ်ပါဘူးတဲ့။ လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံကို ကိုယ်ချစ်မြတ်နိုးကြသူတွေ ချည်းပါပဲ။ ဒါကြောင့်မို့လို့ ကိုယ့်တိုင်းပြည်အေးချမ်းသွားလို့ရှိရင် ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်နိုင်ကြဖို့ လိုပါတယ် ဆိုတဲ့ PPP ရဲ့ မူဝါဒကို တဖက်လှည့်နဲ့ ဖြေဆိုသွားပုံရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး မတည်ငြိမ်မှုဟာ ဒေသတွင်းကို ရိုက်ခတ်နိုင်တယ် ဆိုတာကို အနီးကပ်ဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ အသိသာဆုံးဖြစ်ပါတယ်။ မြန်မာပြည်တွင်း တည်ငြိမ်မှုရှိအောင်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ စစ်အစိုးရကို တိုက်တွန်းနေပါတယ်။ အဲဒီ တိုက်တွန်းချက်တွေထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးပါလို့ ပြောဆိုနေတဲ့ကိစ္စအပေါ်မှာ မစ္စတာ စမတ်စွန်ထရာဝပ် ရဲ့ သဘောထားကို ကျမ မေးကြည့်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးတစ်ယောက်ကို ဒီ ဗိုလ်ချုပ်ကြီးတွေ ဘာဖြစ်လို့ ဒီလို ပြုမူဆက်ဆံနေသလဲဆိုတဲ့ အကြောင်းရင်းကို ကျနော် သိပ်သိချင်ပါတယ်တဲ့။ ကျနော်တို့လို အနီးကပ်ဆုံး အိမ်နီးချင်းတွေကတော့ သိချင်နေတယ်ဆိုတော့ အဝေးကြီးက ကြည့်နေကြတဲ့ လူတွေအတွက် ပိုဆိုးမှာပေါ့ဗျာလို့ ပြောပြပါတယ်။ သူ့အနေနဲ့ ဒီအကြောင်းတွေကို သိရှိနိုင်အောင် ပြောဆိုဆွေးနွေးနိုင်ဖို့ အနေအထားရှိခဲ့ရင် သူ ကြိုးစား သွားမှာပါလို့ ဖြေကြားသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG