သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အိန္ဒိယ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပထမဆုံးအကြိမ် စတင်


တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်နားမှာ တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ပထမဆုံး အကြိမ်အဖြစ် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ အရေအတွက်က နည်းပါးတယ်ဆိုပေမယ့် နိုင်ငံရေးအရ အရေးပါမှုကတော့ ဒီအရွယ်အစားထက် ထူးထူးခြားခြား ကြီးမားလှတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Steve Herman အိန္ဒိယနိုင်ငံ နယူးဒေလီကနေ သတင်းပေးပို့ထားတာကို ဦးအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

၂၀၀၇ ခုနှစ် လက်ချင်းတွဲဆက် စစ်ဆင်ရေး (Hand-in-Hand 2007) လို့ အမည်ပေးထားတဲ့ အခု ပူးတွဲစစ်ရေး လေ့ကျင့်မှုဟာ ကမ္ဘာပေါ်က လူဦးရေအများဆုံး နှစ်နိုင်ငံက စစ်တပ်တွေအကြား ပထမဆုံးအကြိမ် ပူးတွဲ ဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်မှုအဖြစ် နှစ်နိုင်ငံက စစ်သား အရေအတွက် ၁၀၀ စီပါဝင်ပြီး ရက်သတ္တပတ် တစ်ပတ်ကြာ ဆင်နွှဲမယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ဟာ တရုတ်နိုင်ငံအခေါ်အရ ခွဲထွက်ရေးဝါဒ၊ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒတွေကို စစ်ရေးအရ တန်ပြန်သွားဖို့ ရည်ရွယ်ပြုလုပ်လိုက်တာပါ။

စစ်တပ်က ထောက်ပံ့ထားတဲ့ မြေပြင်စစ်ရေးဆိုင်ရာ လေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူး အိန္ဒိယစစ်တပ်က အငြိမ်းစား ဗိုလ်မှူးချုပ်ဟောင်း ဂါမိ ကန်ဝေါလ် (Gurmeet Kanwal) ကတော့ အခု စစ်ရေးလေ့ကျင့်မှုကို ၁၉၆၂ ခုနှစ်ကတော့ တိုတောင်းပေမယ့် ခါးသည်းလှတဲ့ တရုတ်-အိန္ဒိယ စစ်ပွဲက ပေါ်ပေါက်လာခဲ့တဲ့ ကာလအတော်ကြာ အခြေအတင် ဖြစ်ပွားမှုတွေ ရှုဒေါင့်က ကြည့်သင့်တယ်လို့ ဆိုပါတယ်။

“အမှန်တကယ် ထိမ်းချုပ်မှုတွေရှိရာ နယ်မြေမှာ စစ်တပ် နှစ်ခုအကြား ဆက်ဆံမှုတွေက ယုံကြည်မှုတွေ တည်ဆောက်ဖို့အတွက် အထောက်အကူဖြစ်စေမှာ ဖြစ်သလို၊ ဒီလို တကယ့်ထိမ်းချုပ်မှုတွေ ရှိတဲ့ နေရာမှာ ပဋိပက္ခတွေ ဖြစ်နိုင်မယ့် အလားအလာတွေကိုလည်း လျော့သွားစေမှာပါ။ ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတွေ ပိုပြီးရလာဖို့လည်း ရည်ရွယ်ထားတာပါ။”

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ နှစ်ဖက်နိုင်ငံအကြား ဆက်ဆံရေးတွေက တိုးတက်လာတာပါ။ ဒါပေမယ့်လည်း တရုတ်နိုင်ငံအနေနဲ့ အိန္ဒိယအပေါ် နည်းဗျူဟာအရ ပြိုင်ဖက်နိုင်ငံတစ်ခုအဖြစ် သတိထားရှုမြင်နေတာလို့ ဆန်းစစ်သူတွေက ပြောဆိုနေကြတာပါ။ အပြန်အလှန် အနေနဲ့ အိန္ဒိယကလည်း သူ့ရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေအပြင် အဓိက သိပ်မကျလှပေမယ့် သီရိလင်္ကာ၊ နီပေါ နဲ့ မြန်မာနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ တိတ်တိတ်ပုန်း သဘောတူညီမှုတွေ ရှိနေတဲ့အပေါ်မှာလည်း သံသယ ဝင်နေတာပါ။

အခု ပထမဆုံးအကြိမ်အဖြစ် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ တကယ်တော့ အိန္ဒိယနိုင်ငံက အမေရိကန် ပြည်ထောင်စုနဲ့ နေတိုး မဟာမိတ်အဖွဲ့တွေနဲ့ စစ်ရေး ပူးတွဲဆောင်ရွက်မှုတွေလောက်တော့ မကြီးကျယ်လှပါဘူး။

ဘင်္ဂလားပင်လယ်အော်ထဲမှာ အိန္ဒိယက အိမ်ရှင်အဖြစ် ကမကထလုပ်ခဲ့တဲ့ နိုင်ငံပေါင်းစုံ ရေတပ်တွေရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှု ကာလအတွင်း အမေရိကန်ရေတပ်က လေယာဉ်တင်သဘောၤ တစ်စီးအပါအဝင် ရေတပ်စစ်သင်္ဘော ၁၃ စင်း စေလွှတ်ခဲ့တာပါ။ ရှေ့နှစ်ထဲကျရင်လည်း အမေရိကန် လေတပ်က ကမကထလုပ်ပြီး အမေရိကန် အနောက်ဖက်ပိုင်းမှာ နေတိုးတပ်ဖွဲ့က ဂျက်တိုက်လေယာဉ်တွေပါ ပါဝင်မယ့် အလံနီ Red Flag လို့ အမည်ရတဲ့ လေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဖို့ ရှိပါတယ်။

အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ပထဝီနိုင်ငံရေးသိပ္ပံပညာ ပါမောက္ခလည်းဖြစ်တဲ့ မက်ဒ် ဟတ်ဗ် နာလာပတ် (Madhav Nalapat) ကတော့ အိန္ဒိယနိုင်ငံနဲ့ အမေရိကန် စစ်တပ်တို့အကြား ဆက်ဆံရေးတွေ တိုးပွားလာနေတာဟာ တရုတ်နိုင်ငံအတွက် ရန်ဖက်ဟောင်းကို ဆက်ဆံဖို့ တွန်းအားပေးမှုတွေ ဖြစ်စေရတယ်လို့ ဆိုပါတယ်။

“ကျနော့် အမြင်အရကတော့ဗျာ၊ အမေရိကန် ပြည်ထောင်စုရဲ့ စစ်ရေးမဟာမိတ်အဖြစ် အိန္ဒိယနိုင်ငံ ပေါ်ပေါက်လာမှာကို တားဆီးဖို့အတွက် သူတို့ လိုအပ်တယ်လို့ ယူဆတဲ့ အတိုင်းအတာရဲ့ အနည်းဆုံးလောက်၊ အသေးအဖွဲ အနိမ့်ဆုံး အဆင့်လောက်တော့ အလေးပေးအာရုံစိုက် လာလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံအတွက် အိန္ဒိယဟာ နည်းဗျူဟာအရ ပြိုင်ဖက် ဖြစ်နေတုန်းပဲ ဆိုတဲ့ယေဘုယျ ရှုမြင်ချက်ကို လုံးလုံး စွန့်လွှတ်ဖို့တော့ သူတို့မှာ ဆန္ဒရှိမှာ မဟုတ်ပါဘူး။”

စစ်ရေးအကဲခတ် ကန်ဝေါလ် ကတော့ နယ်နိမိတ်ဆိုင်ရာ ပြဿနာတွေ အကြေအလည် ဖြေရှင်းနိုင်မယ့် အချိန် မရောက်မချင်းကတော့ နှစ်ဖက်အကြား တင်းမာမှုတွေကတော့ ဆက်ရှိသွားလိမ့်ဦးမယ်လို့ သုံးသပ်ပါတယ်။

“နယ်နမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အခြေအတင်ဖြစ်မှုတွေက ဖြေရှင်းလို့ မပြီးသေးပါဘူး။ ဒီလိုအခြေအတင်ဖြစ်မှုတွေ မဖြေရှင်းနိုင်မချင်းလည်း နှစ်ဖက်အကြား သံသယစိတ်တွေကတော့ ရှိနေဦးမှာပါ။”

တရုတ်-အိန္ဒိယ နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကတော့ မနေ့ကပဲ စတင်လိုက်ပါပြီ။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ရှစ်ဗ် ရှန်ကာ မန်နွန် (Shivshankar Menon) လည်း တတိယအကြိမ် နည်းဗျူဟာဆိုင်ရာ ဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေနဲ့ တွေ့ဆုံဖို့ ဘေဂျင်းမြို့မှာ ရောက်နေသလို အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) ဟာလည်း ရှေ့လထဲကျရင် တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ဖို့ ပြင်ဆင်ထားတာပါ။ တရုတ်-အိန္ဒိယ နှစ်နိုင်ငံကြား စစ်ရေး၊ နိုင်ငံရေး ဆက်ဆံရေးတွေ ခြေလှမ်းစိပ်လာတယ် ဆိုပေမယ့် ဒါတွေဟာ ဘယ်အတိုင်းအတာအထိ တိုးတက်မှု ရှိလာမယ်ဆိုတာကတော့ အကဲခတ်တွေက စိတ်ဝင်စားနေတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG