သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရပါက မြန်မာ့အရေးကို ကမကထလုပ်သွားမည်ဟု ထိုင်းပြည်သူ့အာဏာပါတီခေါင်းဆောင် ပြောဆိုမှုအပေါ် သုံးသပ်ချက်


People's Power Party (PPP) လို့ခေါ်တဲ့ ပြည်သူ့အာဏာပါတီ ခေါင်းဆောင် စမတ်စွန်ထရာဝပ် (Samat Sundravej) က ထိုင်းနိုင်ငံမှာ သူ အာဏာရလာရင် မြောက်ကိုရီးယားပြဿနာကို ၆ နိုင်ငံ ဆွေးနွေးပွဲလုပ်သလိုမျိုး မြန်မာ့အရေးကိုလည်း ထိုင်းအစိုးရက ကမကထလုပ်ပေးမယ်လို့ ပြောဆိုလိုက်တဲ့အပေါ် ဝေဖန် သုံးသပ်မှုတွေလည်း အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

ဒီအထဲက မြန်မာ့အရေး လေ့လာသူ ကိုအောင်သူငြိမ်းကို ဒေါ်နန္ဒါချမ်းက ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာတော့ - လက်ရှိအနေအထားမှာ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေကလည်း ရှုပ်ထွေးနေဆဲဖြစ်တာမို့ မြန်မာ့အရေးကို ဘယ်လောက် ကိုင်တွယ်ဆောင်ရွက်မလဲ ဆိုတဲ့အပေါ် အခုလို သုံးသပ်ခဲ့ပါတယ်။

“ကျနော် မြင်တာကတော့ အခုလက်ရှိ ပြည်သူ့အာဏာပါတီ ခေါင်းဆောင် စမတ် ပြောတာကတော့ ဖြစ်နိုင်ချေ တစုံတရာတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကလည်း ထိုင်းနိုင်ငံက Bangkok Process လို့ခေါ်တဲ့ ဆွေးနွေးပွဲမျိုးလေးတွေ ကျနော်တို့ နိုင်ငံနဲ့ပတ်သက်ပြီး ဦးဆောင်လုပ်ခဲ့ဖူးတာ ရှိသလို အခုလို အနေအထားမှာလည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆိုလို့ရှိရင် ဒီ ပြည်သူ့အာဏာပါတီ အာဏာရလာလို့ရှိရင်တော့ ဒီလို ကိစ္စမျိုးလေးတွေ လုပ်နိုင်စရာအကြောင်းလည်း ရှိပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကမှာက ကျနော်တို့ ပြန်စဉ်းစားဖို့ရှိတာက ထိုင်းနိုင်ငံကိုယ်နှိက်မှာကိုက သူ့ဟာနဲ့သူ ပြဿနာတွေ လုံးချာလည် လိုက်နေပါသေးတယ်။ ဆိုတော့ အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင် နှစ်ဖွဲ့ကွဲနေတာက အရင်
ဝန်ကြီးချုပ်ဟောင်း တက်ဆင်ကို ထောက်ခံတဲ့အုပ်စု၊ တက်ဆင်ကို ကန့်ကွက်တဲ့အုပ်စု ဆိုပြီး ရှိနေပါတယ်။ ဆိုတော့ သူတို့ ကြားထဲမှာ ပြန်ပြီးတော့ ရင်ကြားစေ့ရေး လုပ်ရမယ့်ကိစ္စတွေ ရှိနေသလို ထိုင်းနိုင်ငံရဲ့ အခု စီးပွားရေး တန့်နေတဲ့ကိစ္စကိုလည်း ပြန်ပြီး တိုးတက်အောင်လုပ်ဖို့ ဆိုတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီအနေအထားမှာတော့ တစ်ဖက်ကလည်း သူ့ ပြည်တွင်းရေးကိုလည်း အားစိုက်ပြီးလုပ်ရမယ့်အနေအထားမှာ ကျနော်တို့ ကိစ္စကို ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာတော့ မသေချာပါဘူးခင်ဗျ။”

ဒါပေမယ့်လည်း ဝန်ကြီးချုပ်ဟောင်း မစ္စတာ တက်ဆင် လက်ထက်က ကမ်းလှမ်းခဲ့တဲ့ Bangkok Process ဘန်ကောက် ဆွေးနွေးပွဲဟာလည်း စစ်အစိုးရဖက်က ပူးပေါင်းဆောင်ရွက်တာ မရှိခဲ့တဲ့အတွက် မအောင်မြင်ဘဲ ပျက်ခဲ့ဖူးပါတယ်။ ဒီတော့ ဒီတစ်ကြိမ်မှာရော ဖြစ်နိုင်ချေ ရှိနိုင်ပါ့မလား။ ကိုအောင်သူငြိမ်းရဲ့ အမြင်ကတော့ - နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆိုရင် ဖြစ်နိုင်မယ်လို့ သုံးသပ်ပါတယ်။

“ကျနော် မြင်တာကတော့ ထိုင်းနဲ့မြန်မာက ရာဇဝင်အရကို ပြဿနာတွေ ရှိခဲ့တော့ လက်ခံဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် ခုနက ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ အားလုံးက
ဝိုင်းဝန်းပြီးတော့ လုပ်ကြမယ်ဆိုလို့ရှိရင်တော့ ဒါကတော့ မျှော်လင့်စရာ ရှိပါတယ်ခင်ဗျ။”

ပြည်သူ့အာဏာပါတီ ခေါင်းဆောင် မစ္စတာ ခွန် စမတ် က လက်ရှိ မြန်မာစစ်အစိုးရအပေါ် အမေရိကန်ရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ဝေဖန်ခဲ့ပြီး မြန်မာစစ်အစိုးရအပေါ် ညင်သာတဲ့နည်းတွေနဲ့ ကိုင်တွယ်စည်းရုံးသင့်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီအပေါ်မှာလည်း ကိုအောင်သူငြိမ်းက -

“ဒီ ထိုင်းနိုင်ငံမှာ အရင်က ဝန်ကြီးချုပ် ချာဘာလစ် လက်ထက်ကတည်းကနေပြီးတော့ အပြုသဘောဆောင် ဆက်ဆံရေးဆိုပြီးတော့ မြန်မာနိုင်ငံအပေါ် လုပ်လာတာ အခုဆိုရင် နှစ် ၂၀ နီးပါး ရှိပါတော့မယ်၊ ဆိုတော့ အဲဒီအနေအထားမှာ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကလည်း ဘယ်လောက်အထိ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ လက်တွေ့အခြေအနေအရ သက်သေပြနေပါတယ်။ ဆိုတော့ တစ်ခုရှိတာက ထိုင်းနိုင်ငံက သူ့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေလည်း ရှိတော့ ကျနော်တို့နိုင်ငံအပေါ် အပြုသဘောဆောင်ဘူး ဆက်ဆံရေးဆိုတာက ဒါကို လူကြားကောင်းအောင် ပြောတဲ့သဘောမျိုးတော့ ပိုတူပါတယ်။ တကယ့် တကယ်တမ်းကျတော့ သူတို့နဲ့ ကျနော်တို့ နိုင်ငံနဲ့က စီးပွားရေးအရလည်း ကင်းကွာလို့ ရတဲ့နိုင်ငံလည်း မဟုတ်ပါဘူး၊ တကယ်လို့ အာဆီယံနိုင်ငံတွေက လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ ဒါပေမယ့် အားလုံးက နိုင်ငံအားလုံးက သူ့နိုင်ငံ အကျိုးစီးပွားနဲ့ သူ့နိုင်ငံတွင်းပြဿနာတွေကိုပဲ ဦးစားပေးနေကြတဲ့ အနေအထားမှာ မြန်မာပြည် အရေးဆိုတာကလည်း သူတို့ ကြားကောင်းယုံ ပြောနေသလောက်ပေါ့။ နောက်တစ်ခုက နိုင်ငံတကာ အဖွဲ့အစည်းတွေ ကိုယ်တိုင်ကိုက သိပ်ပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်လာမှသာလည်း ဒီ ထိုင်းအပါအဝင် အာဆီယံနိုင်ငံတွေက လုပ်လာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။”

အခုဆိုရင် ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ အချိန်ကလည်း တစတစ နီးကပ် လာနေပါပြီ။ တကယ်လို့သာ ထိုင်းနိုင်ငံမှာ ပြည်သူ့အာဏာ ပါတီကသာ အနိုင်ရခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကံကြမ္မာကရော ဘယ်လို အခြေအနေရှိလာနိုင်မလဲ။ ကိုအောင်သူငြိမ်း အမြင်ကို မေးကြည့်တော့ -

“ကျနော့် သုံးသပ်ချက်ကတော့ သူ အာဏာရလာခဲ့ရင်တော့ အခြေအနေက တိုးတက်လာဖို့ မရှိပါဘူးခင်ဗျာ၊ ဘာဖြစ်လို့လဲ ဆိုတဲ့အခါကျတော့ အခု လက်ရှိ အခြေအနေမှာ သူတို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို မကြာခင်မှာ အတည်ပြုပါလိမ့်မယ်။ ဒီ ဖွဲ့စည်းပုံမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို သြဇာ တော်တော်ပေးထားပါတယ်။ နောက်တစ်ခုကတော့ သူတို့မှာ ပြည်တွင်း လုံခြုံရေး အမိန့်ပေးဌာနလို့ခေါ်တဲ့ Internal Security Operation Command ဆိုတဲ့ ဒီ ဥပဒေတစ်ခု မကြာခင်မှာ ပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေအရဆိုရင် တိုင်းပြည် လုံခြုံရေးအတွက်လို့ဆိုပြီးတော့ တချို့ကိစ္စတွေက ကျနော် ထင်တယ်၊ စစ်တပ် အပါအဝင် အရင် ပေါ်လစီချတဲ့သူတွေရဲ့ လက်ထဲမှာပဲ သွားမှာပါ။ ဆိုတော့ အဲဒီလိုဆိုလို့ရှိရင်ကတော့ ကျနော်တို့ လက်ရှိ ထိုင်းနိုင်ငံထဲမှာရှိတဲ့ မြန်မာတွေ အဖွဲ့အစည်းတွေ စသဖြင့်အတွက်တော့၊ အထူးသဖြင့် မူဝါဒက သိပ်ပြောင်းလဲစရာ မရှိဘူးလို့ ကျနော် သုံးသပ်ပါတယ်။”

ထိုင်းစစ်အာဏာသိမ်းအစိုးရရဲ့ တစ်နှစ်ကျော်ကာလအတွင်း ဒီမိုကရေစီ ဖော်ဆောင်မှုတွေဟာ မြန်မာနိုင်ငံသားတွေအတွက် အတော်လေးကို အားကျစရာ ကောင်းတယ်လို့ ကိုအောင်သူငြိမ်းက အခုလို ပြောဆိုခဲ့ပါသေးတယ်။

“ကျနော် ပြောချင်တာကတော့ ဒီ ထိုင်းနိုင်ငံက အာဏာသိမ်းတဲ့နေ့က စက်တင်ဘာ ၁၉ ရက်နေ့ မနှစ်ကဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ မြန်မာစစ်အစိုးရနဲ့ အာဏာသိမ်းတဲ့နေ့ တစ်ရက်ထဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ လက်ရှိ အာဏာသိမ်းခဲ့တာ အနှစ် ၂၀ ရှိပါပြီ။ အခုချိန်ထိ ဒီမိုကရေစီလည်း ပြန် မဖော်ဆောင်နိုင်သေးပါဘူး။ ထိုင်းအစိုးရကတော့ တစ်နှစ် ကျော်ကျော် ကာလလေးမှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေဆွဲလို့ နောက်ဆုံး အခု ရွေးကောက်ပွဲ ကျင်းပတော့မယ့် အနေအထားမှာ ဒါ တော်တော်ကို ကွာခြားတဲ့အနေအထားတော့ တွေ့ရပါတယ်။ ဒါကတော့ ကျနော်တို့ တိုင်းပြည်သူပြည်သားတွေအတွက်တော့ အားကျစရာပါပဲခင်ဗျာ။”

ဒါကတော့ လက်ရှိ ထိုင်းနိုင်ငံမှာ လူကြိုက်များ ရေပန်းစားနေတဲ့ PPP ပြည်သူ့အာဏာပါတီက ခေါင်းဆောင် မစ္စတာ စမတ် က သူ အာဏာရခဲ့ရင် မြန်မာ့အရေး ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် မြန်မာ့အရေး လေ့လာသူ ကိုအောင်သူငြိမ်းရဲ့ အမြင်ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG