သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံလူ့အခွင့်အရေး ချိုးဖောက်မှု ၂၀၀၇ ခုနှစ်အတွင်း ပိုမိုဆိုးရွား၊ လူ့အခွင့်အရေး လှုပ်ရှားကြိုးပမ်းမှုများလည်း တပြိုင်တည်းတိုးလာနေ


မြန်မာနိုင်ငံံမှာ ၂၀၀၇ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဟာ အရင်နှစ်တွေကထက် သိသိသာသာ ဆိုးရွားလာသလို၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေး ရရှိဖို့ ကြိုးပမ်းမှုတွေဟာလည်း အခုနှစ်အတွင်း တိုးတက်လာတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန HREIB က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း အခု ကုန်ဆုံးတော့မယ့် ၂၀၀၇ ခုနှစ်အတွင်း ဘယ်လိုများ လူ့အခွင့်အရေး လှုပ်ရှားမှု အခြေအနေတွေ ရှိခဲ့ပါသလဲ၊ HREIB က အမှုဆောင်ညွန်ကြားရေးမှူး ကိုအောင်မျိုးမင်းကို ဦးသားညွှန့်ဦးက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

အခု နှစ်အတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်လို့ အသစ်ဖွဲ့ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး သီးသန့်ဆွေးနွေးပွဲ ခေါ်ယူပြီး မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာကတော့ နိုင်ငံတကာမှာ မြန်မာလူ့အခွင့်အရေးအတွက် အောင်မြင်မှုတစ်ခုရယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက သတ်မှတ်ပါတယ်။

ပြည်တွင်းမှာလည်းပဲ လူ့အခွင့်အရေးကို နားလည်တန်ဖိုးထားပြီး လူ့အခွင့်အရေး လှုပ်ရှားမှုတွေဟာ အရင်ကထက် ပိုအားကောင်းလာတယ်လို့လည်း ပြောပါတယ်။ ဒါဆိုရင် အခု ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဟာ ဘယ်လောက်အထိ တိုးတက်မှုတွေ ဖြစ်ခဲ့ပါသလဲ - HREIB ဒါရိုက်တာ ကိုအောင်မျိုးမင်းက အခုလို ကနဦး ဖြေရှင်းခဲ့ပါတယ်။

“၂၀၀၇ ခုနှစ် တစ်ခုလုံးကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက ရှေ့ကို မတိုးဘဲ နောက်ကိုဆုတ်တဲ့သဘောမျိုး အခြေအနေ ပိုရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ အရေးအခင်းမှာ သံဃာတော်တွေ ဦးဆောင်တဲ့ လူထုတော်လှန်အုံကြွမှုတစ်ခုကို အကြမ်းဖက် နှိမ်နှင်းခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ပေါ်ထွန်းခဲ့တယ်။ နောက်တစ်ခါမှာ မတရား နှိပ်စက်ညှင်းပမ်းသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ တချိန်တည်းမှာပဲ နယ်စပ်ဒေသတွေအတွင်းမှာ နောက်ဆုံးကျန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထိုးစစ်ဆင်ဖို့အတွက် ကရင်ပြည်နယ် ဒေသအတွင်း၊ ရှမ်းပြည်နယ်ဒေသအတွင်းမှာ ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်ရင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်၊ ရွာသားတွေကို သတ်ဖြတ်တာတွေ၊ ပေါ်တာဆွဲပြီးတော့ လုပ်ဆောင်တာတွေ ဒါတွေရှိနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးက မြို့ပေါ်မှာတင် မကဘဲနဲ့၊ ကျေးလပ်တောရွာတွေမှာပါ ပြင်းပြင်းထန်ထန် ပိုမို ဆိုးရွားနေတာဖြစ်တယ်။ အရင်တုန်းက ပြောထားတဲ့ လူ့အခွင့်အရေး နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတယ်ဆိုတဲ့အရာတွေ၊ နောက်တစ်ခါ ထိုးစစ်ဆင်တာတွေ ရပ်တန့်နေပါတယ်ဆိုတဲ့အရာတွေထက် ဒီနှစ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ပိုမိုဆိုးရွားလာတယ်လို့ တွက်ဆလို့ ရပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီးတော့ ဆိုးလာတယ်ဆိုတော့ လူ့အခွင့်အရေးတောင်းဆိုတဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲခင်ဗျ၊ ဒီ ၂၀၀၇ ခုနှစ်အတွင်းမှာ။ -

“လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုးရွားလာတယ်လို့ ပြောတဲ့နေရာမှာ တချိန်တည်းမှာပဲ လူ့အခွင့်အရေး တောင်းဆိုတဲ့သူတွေရဲ့ အရှိန်အဟုန်လည်း ပိုမို ကောင်းမွန်လာတယ်။ ကျနော်တို့ မြန်မာနိုင်ငံက ဘယ်လောက်ပဲ ဖိနှိပ်ဖိနှိပ် လူူ့အခွင့်အရေး လိုလားတဲ့သူတွေရဲ့ တိုက်ပွဲတွေ၊ သူတို့ရဲ့ ပြောဆိုမှုတွေဟာ ပိုပြီးတော့ ၂၀၀၇ ခုနှစ်အတွင်းမှာ ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့တယ်။ အကြမ်းဖက် နှိပ်နှင်းတဲ့ကြားထဲက နိုင်ငံဒေသအတော်များများမှာ အကြမ်းမဖက်တဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေ ဖြစ်ခဲ့တယ်။ ဖမ်းဆီးခံရမယ်ဆိုတာ သိလျက်နဲ့ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေ၊ နောက် လူ့အခွင့်အရေးတောင်းဆိုမှုကို ရဲရဲဝံ့ဝံ့ တောင်းဆိုတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အများကြီး ရှိတယ်။ အထူးသဖြင့် မစုစုနွေးတို့လို၊ ဒီလိုမျိုး လူ့အခွင့်အရေးကိစ္စတွေကို လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့တွေလိုမျိုး၊ အဲဒီအဖွဲ့တွေက ဖိနှိပ်တဲ့ဥပဒေတွေကြားထဲက ဒီ လူ့အခွင့်အရေးကိစ္စကို ရဲရဲဝံံ့ဝံ့နဲ့ လုပ်ဆောင်တဲ့အတွက် ကျနော်တို့ လူ့အခွင့်အရေး အရှိန်အဟုန် ပိုမိုကောင်းမွန်လာတာ ဖြစ်တယ်။ အဲတော့ ထုလေမာလေ တို့တတွေ ဆိုတဲ့အတိုင်းပဲ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့လူတွေ တော်တော်များများက ပိုမိုရဲဝံ့စွာနဲ့ လှုပ်ရှားတောင်းဆိုမှုတွေကို တွေ့ရတဲ့အတွက် နအဖအနေနဲ့ လူတွေကို ဘယ်လောက်ထိ ဖိနှိပ်ဖိနှိပ် လူ့အခွင့်အရေး လိုလားတဲ့စိတ်ဓါတ်ကိုတော့ သူတို့ ဘယ်လိုမှ မပိတ်ပင်နိုင်ဘူးဆိုတာကို ကျနော်တို့ ပြောနိုင်ပါတယ်။”

နောက်တဆက်တည်း ကျနော် မေးချင်တာကတော့ အာဆီယံ Charter ကိစ္စပါ။ အာဆီယံ Charter ဆိုတဲ့အခါကျတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အပိုဒ်တွေ ပါလာတာတွေ့ရပါတယ်။ အဲဒီတော့ ဒါကို မြန်မာနိုင်ငံကလည်း အခုဆို လက်မှတ်ထိုးလိုက်ပါပြီ။ အဲတော့ ဒီအခြေအနေကရော မြန်မာနိုင်ငံမှာ နောက်ပိုင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်လာဖို့အတွက် လက္ခဏာလို့ ပြောလို့ရမလားခင်ဗျ။ -

“နအဖ စစ်အစိုးရက လူ့အခွင့်အရေးစာချုပ်နဲ့ ဆိုင်ပြီးတော့ ကလေးအခွင့်အရေး ဆိုင်ရာ စာချုပ်ကိုလည်း လက်မှတ်ထိုးထားတာ ရှိတယ်။ အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်မှု စာချုပ်ကို လက်မှတ်ထိုးထားတာ ရှိခဲ့တယ်။ ဒီစာချုပ်တွေကို လက်မှတ်ထိုးထားလျက်နဲ့ နိုင်ငံတကာမှာ ကလေးအခွင့်အရေး ချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဒီဟာတွေကို ချိုးဖောက်နေတာ တွေ့တဲ့အတွက် စာချုပ်တစ်ခုကို လက်မှတ်ထိုးယုံနဲ့ လူ့အခွင့်အရေးကိစ္စ အလိုအလျောက် တိုးတက်လာပြီလို့ ပြောလို့မရပါဘူး။ စာချုပ် ထိုးထားပြီး တချိန်တည်းမှာပဲ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ နိုင်ငံသား အားလုံးရဲ့ အခွင့်အရေးကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်နေတာ ရှိတဲ့အတွက် ဒီဟာက ကျနော်တို့ စာချုပ်တစ်ခုကို ကြည်ပြီးတော့ ပြောလို့မရနိုင်ပါဘူး၊ စာချုပ်တစ်ခုကို လက်မှတ်ထိုးမှုက တိုးတက်တယ်လို့ ပြောနိုင်ပေမယ့် အဲဒီ ထိုးထားတဲ့အချက်ကို အမှန်တကယ် လေးစားလိုက်နာတဲ့ အနေအထားမျိုး ရှိမရှိ ဒါနဲ့ ပိုမို တိုင်းတာဖို့ လိုအပ်ပါတယ်။ အဲဒီလို တိုင်းတာမယ်ဆိုရင် မြန်မာနိုင်ငံက စာချုပ်တွေ လက်မှတ်ထိုးထားပေမယ့် တကယ်တမ်း လေးစားလိုက်နာမှု မရှိဘူးဆိုတဲ့ သာဓကတွေ ကျနော်တို့ အများကြီး တွေ့ရမှာပါ။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ ဆိုပြီးတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဖိအားတွေ အတော်များများ ပေးနေပါတယ်။ ဒါပေမယ့် တကယ်တမ်း တချို့ ယူဆချက်က ဒီလို ဖိအားတွေ ပေးနေခြင်းအားဖြင့် မြန်မာစစ်အစိုးရ လက်ရှိလုပ်နေတဲ့ သူတို့ရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေမှာ နှောင့်နှေးသွားနိုင်တယ်ဆိုပြီးတော့ စစ်အစိုးရကိုယ်တိုင် ကလည်း ပြောလာပါတယ်။ အဲဒီတော့ တကယ်တမ်း ဒီ လူ့အခွင့်အရေးတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ဖိအား အခန်းကဏ္ဍတွေနဲ့ ပတ်သက်လို့ရော ကိုအောင်မျိုးမင်း ဘယ်လို ယူဆလဲခင်ဗျ။ -

“အခု ပြောနေတဲ့ နအဖ ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလမ်းကြောင်းကို ချီတက်နေပြီ ဆိုတာ အမှန်တကယ် လေးစားလိုက်နာတဲ့ အနေအထားမျိုး ရှိရဲ့လား၊ ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ပိတ်ဆို့နေတဲ့အရာကို တားဆီးကာကွယ်ဖို့အတွက် ဆင်ခြေပေးနေတာလား၊ ဒါကို ကျနော်တို့ သိဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ ဖိအားအနေနဲ့ကတော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ရှိရင် နိုင်ငံတကာ ပြည်သူ အသိုင်းအဝိုင်းက ဒါကို အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ တာဝန်က အခုအချိန်မှာ နိုင်ငံတကာမှာ တော်တော်ကြီးကို အကောင်အထည် ပေါ်လာပါပြီ။ လက်ခံလာပါပြီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာရော လူ့အခွင့်အရေးရှုထောင့်က လှုပ်ရှားမှုက တော်တော် ကောင်းမွန်လာတာ ရှိတယ်။ နိုင်ငံတကာက ဖိအားတော်တော်များများ ကောင်းမွန်လာတာရှိတယ်။ အဲဒီတော့ ကုလသမဂ္ဂအနေနဲ့ နိုင်ငံ အားလုံးကို လွှမ်းခြုံနိုင်တဲ့ အရေးယူ ဆောင်ရွက်မှုက ကျနော်တို့ ဖြစ်ချင်သလို အကောင်အထည် ဖော်တာမျိုး မရှိနိုင်သေးပေမယ့် ဒီဟာမျိုးဖြစ်လာဖို့အတွက် လမ်းကြောင်းတွေ အများကြီးှ ရှိလာပြီ၊ တချို့ နိုင်ငံတွေက ကုလသမဂ္ဂရဲ့ သဘောတူညီချက် ရရှိတဲ့အထိ မစောင့်ဘဲနဲ့ ကိုယ့်နိုင်ငံအလိုက် နအဖကို ပိတ်ဆို့အရေးယူမှု ဆောင်ရွက်မှုတွေ ဖြစ်လာခြင်းက ကျနော်တို့ ကောင်းမွန်တဲ့ အခြေအနေပဲ၊ ဘာဖြစ်လို့လဲဆိုတာ့ ဒီလို ဖိအားပေးမှ ကိုယ့်ရဲ့ တိုင်းပြည်အတွင်းမှာ ကြိုက်သလိုမျိုး အုပ်ချုပ် မင်းလုပ်နေတဲ့ အစိုးရတွေကို ကျနော်တို့ နှိမ်နှင်းနိုင်မယ်။ မတရားတဲ့အာဏာတွေကို ကျနော်တို့ တွန်းလှန်နိုင်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် လက်ရှိ နိုင်ငံတကာရဲ့ ဖိအားက အရမ်းလည်း လိုအပ်ပါတယ်။ အရှိန်အဟုန်လည်း ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ဖိအားတစ်ခုတည်းနဲ့တော့ ကျနော်တို့ မျှော်လင့်လို့မရပါဘူး။ ချိုးဖောက်ခံရတဲ့ ပြည်သူလူထု အားလုံးက ကိုယ့်ရဲ့အခွင့်အရေးကို ကိုယ် ရဲရဲဝံ့ဝံ့ တောင်းဆို တိုက်ပွဲဝင်ဖို့ လိုအပ်တယ်ဆိုတဲ့ လှုပ်ရှားမှုတွေနဲ့အတူ ဟန်ချက်ညီညီ လှုပ်ဆောင်နိုင်မှသာ မြန်မာပြည်တွင်းရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ပိုမိုကောင်းလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒါကတော့ HREIB မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးဌာနက အမှုဆောင်ဒါရိုက်တာ ကိုအောင်မျိုးမင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ မြန်မာစစ်အစိုးရက ပြည်ထဲရေးဝန်ကြီးဌာနက ဦးစီးတဲ့ လူ့အခွင့်အရေးကော်မတီ ဆိုတာတော့ ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒီအဖွဲ့က ဘာမှ ကာကွယ်ကူညီလုပ်ဆောင်ပေးနိုင်တာ မရှိဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒီနှစ်အတွင်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ ဆုံးဖြတ်ချက် နှစ်ကြိမ်ချမှတ်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို စေလွတ်ပါတယ်။

ဆုံးဖြတ်ချက်ထဲမှာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အဖြစ်မှန်ဖော်ထုတ်ဖို့
တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူဖို့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာဖို့ ပါရှိပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ၊ အထူးသဖြင့် စက်တင်ဘာနဲ့ အောက်တိုဘာလ သံဃာတွေရဲ့ ဦးဆောင်လှုပ်ရှားမှုကြောင့် နိုင်ငံတကာမှာ မြန်မာကိစ္စကို အလေးမပေး မနေဖြစ်တော့တဲ့ အခြေစိုက်လာပြီး အခုလို လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်တွေ ထွက်လာတာပါ။ ဒီအတွက်လည်း နှစ်အတော်ကြာ သွားရောက်ခွင့်မရခဲ့တဲ့ ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် ပါမောက္ခ ပေါ်လိုဆာဂျေရို ပင်ညဲရိုး မြန်မာနိုင်ငံကို သွားရောက်စစ်ဆေးခွင့်ရခဲ့တာကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဖိအားတွေရဲ့ သက်ရောက်မှုလို့ ပြောရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG