ထိုင်းနိုင်ငံက မဲဆန္ဒရှင်တွေဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ ဆန္ဒမဲ ပေးကြတော့မှာပါ။ ၂၀၀၆ ခုနှစ်၊ မနှစ်က စစ်တပ်ကနေ အာဏာ သိမ်းခဲ့ပြီးတဲ့နောက် ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ပြန်သွားမယ့် ရွေးကောက်ပွဲအဖြစ် မျှော်လင့်ရပါတယ်။
ဒီရွေးကောက်ပွဲဟာ အာဏာသိမ်း ဖြုတ်ချခံလိုက်ရတဲ့ ပြည်ပြေး
ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှင်နာဝတ်တ် (Thaksin Shinwatra) ကို ထောက်ခံဖို့ ဒါမှမဟုတ် ကန့်ကွက်ဖို့ မဲဆန္ဒရှင်တွေကို အလုအယက် ဆွဲဆောင်နေကြတဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲတစ်ခု ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Luis Ramirez ဘန်ကောက်ကနေ သတင်းပေးပို့ထားတာကို ဦးကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။
ဒီရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နေကြတာဟာ ၂၀၀၆ ခုနှစ်မှာ ၀န်ကြီးချုပ် တက်ခ်ဆင် ရှင်နာဝတ်တ်ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ လိုင်းပေါ်မှာ ပြောဆိုယှဉ်ပြိုင်နေကြတာပါ။
အဲဒီအာဏာသိမ်းပွဲကို မြို့နေ ပညာတတ်လူထုကထောက်ခံပြီး မစ္စတာ တက်ခ်ဆင်ကိုတော့ ဆင်းရဲသားတွေက ထောက်ခံကြပါတယ်။
လွှတ်တော်အသစ်ရဲ့ ကိုယ်စားလှယ်နေရာ ၄၈၀ အတွက် နိုင်ငံရေးပါတီပေါင်း ၃၉ ပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၅,၀၀၀ ကျော်တို့ ယှဉ်ပြိုင်ကြမှာပါ။
ဝန်ကြီးချုပ်အဖြစ် တစ်ပြေးနေသူတွေထဲမှာ တစ်ဦးကတော့ အသက် ၄၃ နှစ် အရွယ် အောက်က်စ်ဖို့ဒ် တက္ကသိုလ်ထွက် လွှတ်တော်အမတ်ဟောင်း အဘီဆစ်တ် ဗက်ဂျာဂျီဗာ (Abhisit Vejjajiva) ပါ။ သူ့ရဲ့ သက်တမ်းရင့် ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။
ထိုင်းနိုင်ငံရေးမှာ သံသရာလည်နေတဲ့ အကျင့်ပျက်ခြစားတာ၊ စစ်တပ်က အာဏာသိမ်းတာနဲ့ ဆွေမျိုးကောင်းစားရေးဝါဒ ကျင့်သုံးတာတွေကို ချိုးဖျက်ပစ်ချင်ပြီလို့ အဘီဆစ်တ်က ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့အစိုးရရဲ့ ကောင်းတဲ့မူဝါဒတွေ၊ အထူးသဖြင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ အခြေခံ အဆောက်အဦ တည်ဆောက်ရေးလိုကိစ္စတွေကို ဆက်လုပ်ချင်တယ်လို့လည်း သူက ပြောပါတယ်။
“တိုင်းပြည် ရှေ့ဆက် တိုးတက်သွားစေချင်ပါတယ်။ မစ္စတာတက်ခ်ဆင် အကောင်အထည် ဖော်သွားတဲ့ လူထုကို အကျိုးရှိစေတဲ့ ဘယ်လို မူဝါဒမျိုးကိုမဆို ကျနော်တို့ ဆက်ကျင့်သုံးဖို့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် အကျင့်ပျက်ခြစားမှု မရှိဘဲ၊ အာဏာအလွဲသုံးစားမှုမရှိဘဲ၊ အခွင့်အရေးတွေကို ချိုးဖောက်မှုမရှိဘဲ အဲဒီမူဝါဒတွေကို ကျနော်တို့ ဆက်ပြီး ကိုင်စွဲသွားနိုင်ပါတယ်။” လို့ အဘီဆစ်တ်က ပြောပါတယ်။
မစ္စတာတက်ခ်ဆင်ကို ထောက်ခံသူတွေကတော့ သူ့ရဲ့မူဝါဒတွေကို အကောင်အထည် ဖော်ရုံသက်သက်ဟာ မလုံလောက်ဘူးဆိုပြီး သူ ပြန်လာရေး ပြောင်ကျကျပဲ တောင်းဆိုနေကြပါတယ်။
အဘီဆစ်တ်ရဲ့ အဓိကပြိုင်ဘက်ကတော့ အသက် ၇၂ နှစ်အရွယ် စမတ်က်
စုံထရာဝတ်ဂ်ျ (Samak Sundaravej) ပါ။ သူဟာ ဘန်ကောက်မြို့တော်ဝန်၊ အထက်လွှတ်တော်အမတ်တွေအဖြစ် လုပ်ဆောင်ခဲ့ဖူးပြီး အချက်အပြုတ် ရုပ်သံဇာတ်လမ်းတွဲ တင်ဆက်သူပါ။ သူ့ပါတီဟာ PPP ခေါ် ပြည်သူ့အာဏာ ပါတီဖြစ်ပြီး ဒီပါတီကို မစ္စတာတက်ခ်ဆင်ရဲ့ ထိုင်းရက်က်ထိုင်းပါတီ တဖြစ်လဲ အဖြစ် မြင်ကြပါတယ်။ ထိုင်းရက်က်ထိုင်းပါတီကို အာဏာသိမ်းစစ်တပ်က မနှစ်က ဖျက်သိမ်းပစ်ခဲ့တာပါ။ မစ္စတာတက်ခ်ဆင်ဟာ နိုင်ငံရေးအရ ပြန်လာဖို့ ထိုက်တန်ပါတယ်လို့ မစ္စတာစမက်က်က ဆိုပါတယ်။
“တိုင်းပြည်အတွက် ဒီလောက် ကောင်းတာတွေ လုပ်ခဲ့ဖူးတဲ့ ၀န်ကြီးချုပ်ကောင်း တစ်ယောက်အပေါ် တစ်ယောက်ယောက်က အမုန်းတရားတွေ ဖန်တီးနေပါတယ်။ သူ့ကို မီးရောင်အောက် ပြန်ပို့ဖို့ရာ သူ့လက်ကို ဆုပ်ကိုင် ဆွဲခေါ်နိုင်မှာကို ကျနော်တော့ ကျေနပ်ပါတယ်။” လို့ မစ္စတာစမက်က်က ပြောပါတယ်။
PPP ဟာ သူ့ချည်းပဲတော့ အောက်လွှတ်တော်မှာ လူများစုဖွဲ့နိုင်မှာမဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးတဲ့နောက် ညွန့်ပေါင်းဖွဲ့ပြီး လုပ်ကောင်း လုပ်နိုင်ပါမယ်လို့ ဆိုကြပါတယ်။ အဲဒီအုပ်စုဟာ အကျင့်ပျက်ခြစားမှုစွဲချက်တွေ အတင်ခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း တက်ခ်ဆင် ပြန်လာဖို့နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။
သူကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူ့ရဲ့ နိုင်ငံရေးမဟာမိတ်တွေကနေ တဆင့်ပဲဖြစ်ဖြစ် မစ္စတာတက်ခ်ဆက် ပြန်လာမယ့်အလားအလာအပေါ် စစ်ဘက်က ဘယ်လို တုံ့ပြန်မလဲဆိုတာ စိုးရိမ်စိတ်တွေ တိုးလာနေပါတယ်။
အာဏာပိုင်တွေကတော့ ရွေးကောက်ပွဲကာလအတွင်း ရုန်းရင်းဆန်ခတ်မှုတွေကို တားဆီးနိုင်အောင် ထောင်သောင်းချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေကို တနင်္ဂနွေနေ့ရွေးကောက်ပွဲမတိုင်မီ နာရီများစွာကြိုပြီးတော့ နိုင်ငံအနှံ့ ဖြန့်ကျက်ချထားပါတယ်။