ဂါဇာကမ်းမြောင်အရပ်ကို အုပ်စိုးထားတဲ့ ဟားမတ် အစ္စလာမ်စစ်သွေးကြွအဖွဲ့ဟာ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ဖို့ နည်းလမ်းရှာနေပါတယ်။ ဒါပေမယ့်လည်း ဂျေရုဆလင်မြို့ကနေ ဗီအိုအေသတင်းထောက် Robert Berger ဆီက သတင်းပေးပို့ချက်အရတော့ အစ္စရေးဖက်ကနေ ဒီကမ်းလှမ်းချက်ကို ငြင်းပယ်ထားပါတယ်။
ဟားမတ်တို့အနေနဲ့ ဒီအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအတွက် စည်းမျဉ်းတွေ ပြင်ဆင်ရေးဆွဲ နေတယ်လို့ အစ္စရေးရေဒီယိုကကြေညာပါတယ်။ ဒါ့အ့ပြင် အခြား ပါလက်စတိုင်းအဖွဲ့တွေအနေနဲ့ အစ္စရေးကို ဒုံးကျည်နဲ့ပစ်ခတ်နေတာတွေကိုလည်း ရပ်တန်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့တော့ ဟားမတ်ဖက်က တစုံတရာတုန့်ပြန်ချက်မရသေးပါဘူး။
ပြီးခဲ့တဲ့အပတ်အစောပိုင်းကတော့ အစ္စရေးဖက်ကနေ လေကြောင်းတိုက်ခိုက်တာကြောင့် အစ္စလာမ်မစ် ဂျီဟဒ်အုပ်စုက ထိပ်ပိုင်းစစ်ခေါင်းဆောင်နှစ်ဦးအပါအ၀င် ပါလက်စတိုင်း စစ်သွေးကြွ ၁၃ဦး သေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် ဟာမတ်ဖက်ကနေ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှု ကနဦးလုပ်ခဲ့ဖူးပါတယ်။
ဟားမတ်ဖက်က အခုလို အပစ်အခတ်ရပ်စဲရေးလုပ်လိုတယ်ဆိုတာဟာ သူတို့ဖက် က စစ်ရေးဖိအားကြောင့်ဖြစ်တယ်လို့ အစ္စရေးဖက်က ပြောပါတယ်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး ဌာနက အရာရှိ David Hacham ပြောသွားတာပါ။
“ဟားမတ်ဆိုတာ တကယ့်ကို ရန်လိုနေတဲ့အဖွဲအစည်းတခုပါ။ ဒါကြောင့် ဟားမတ်တို့ရဲ့ ဘယ်ကမ်းလှမ်းတင်ပြချက်ကိုမဆို ပတ်သက်မှာမဟုတ်ပါဘူး။”
ဟာမတ်တို့အနေနဲ့ အနောက်အုပ်စုက ထောက်ခံတဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘစ်ရဲ့ ဖာသာဒ်တပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ ၆လကျော်က ဂါဇာကနေ မောင်းထုတ်နိုင်ခဲ့ပြီးနောက် အစ္စရေး နယ်စပ်မြို့ရွာတွေကို ဒုံးကျည်တိုက်ခိုက်မှုတွေ ပိုများလာပါတယ်။ ဒါကို တုန်ပြန်တဲ့အနေနဲ့ အစ္စရေး ဖက်က ဂါဇာဒေသကို စီးပွားရေးအရ ပိတ်ဆို့အရေးယူတာတွေ လုပ်ခဲ့ပါတယ်။ မကြာမီကဆိုရင် လည်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေပြင်ကနေ ကျုးကျော်ဝင်ရောက် တိုက်ခိုက်တာ တွေရော လုပ်ပါတယ်။ ဟာမတ်ဖက်က အခုလို အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်ဟာ အတော့်ကို နောက်ကျသွားပြီလို့ Hacham က ပြောပါတယ်။
“အစ္စရေးတို့အနေနဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေကို နောက်ထပ် မခံရတော့ပါဘူး။ ပါလက်စတိုင်းဖက် ကနေ အခုလို ဖြစ်နေတာတွေကို အဆုံးသတ်ဖို့အနေနဲ့ ကျနော်တို့ နောက်ထပ် စစ်ရေးတိုက်ခိုက်မှု တွေလုပ်သွားမယ်လို့ ကျနော်ထင်ပါတယ်။”
အခုအချိန်မှာတော့ ဟားမတ်ဖက်က အပစ်အခတ်ရပ်စဲရေးလုပ်ချင်နေတာတောင်မှ အခြား စစ်သွေးကြွအုပ်စုတွေကို အလားတူ အပစ်အခတ်ရပ်စဲမှုလုပ်လာစေဖို့ ဟားမတ်အနေနဲ့ အတော် လေး ကြိုးစားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တိုက်ခိုက်မှုတွေအတွင်း အတော်လေး အထိနာခဲ့တဲ့ အစ္စလာမ်မစ် ဂျီဟဒ်အဖွဲကတော့ အခုအချိန်ဟာ အပစ်အခတ်ရပ်စဲရေးလုပ်ရမယ့်အချိန်မဟုတ်ဘူး၊ လက်စားချေရမယ့် အချိန်ဖြစ်တယ်လို့ ပြောနေပါတယ်။