လူသားချင်းစာနာမှု အခြေအနေတွေ ဆိုးရွားနေတဲ့ ကမ္ဘာပေါ်က နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း တခု အပါအဝင် ဖြစ်တဲ့အကြောင်း နယ်စည်းမခြားဆရာဝန် များအဖွဲ့ (MSF) ကပြောဆိုလိုက်ပါတယ်။
လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေကို အစိုးရက ကန့်သတ်မှုတွေ ရှိနေတာကြောင့် ပြီးခဲ့တဲ့ နှစ်အတွင်းက လူသားချင်းစာနာမှု အခြေအနေတွေ နိမ့်ကျနေတဲ့ မှတ်တမ်းဝင်နိုင်ငံ ဆယ်နိုင်ငံ အနက် မြန်မာနိုင်ငံကို ထည့်သွင်း သတ်မှတ်လိုက်တာပါ။ ဒီလိုအခြေအနေတွေမှာ မြန်မာနိုင်ငံကို အကူအညီပေးရေး ကိစ္စတွေနဲ့ အခြေအတင် ဆွေးနွေးမှုတွေကလည်း ရှိနေပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦးကတင်ပြထားပါတယ်။
သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေအနေနဲ့ ကျန်းမာရေး ကူညီ စောင့်ရှောက်မှု နည်းပါးတာတွေကို အကြီးအကျယ် ကြုံတွေ့နေရပေမယ့် လိုအပ်ချက်ကို ကာမိအောင် အခြေအနေတွေ မရှိတာကြောင့် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ အကျပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံတခုအဖြစ် နယ်စည်းမခြားဆရာဝန်များအသင်း (MSF)က သတ်မှတ် ပြောဆိုလိုက်တာပါ။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း မြန်မာစစ်အစိုးရရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေကြောင့် အကူအညီ ပေးရေးမှာ တွန့်ဆုတ်မှုတွေ ရှိနေတာက ပြဿနာရဲ့အကြောင်းအရင်း တခုလို့လည်း MSF က ဆိုပါတယ်။ ဒီလိုအခြေအနေတွေ အောက်မှာ မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့ ပေးသင့်၊ မပေးသင့် ကိစ္စဟာ မြန်မာ့အရေး လုပ်ရှားသူတွေ၊ အကူအညီပေးရေး အဖွဲ့တွေအကြား မကြာခဏ အခြေအတင် ဆွေးနွေးမှုတွေ ရှိနေ တာပါ။ ဒီလို ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု Georgetown တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ကိုမင်းဇော်ဦးကတော့
“လူသားချင်းစာနာတဲ့ ဆိုင်ရာ ပြဿနာတွေ ရှိတာနဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ လုပ်လို့ရနိုင်တဲ့ အကွက်အကွင်းတွေ ဘယ်လောက် ရှိသလဲဆိုတာ တခုနဲ့ တခုဆက်စပ်နေလို့ အဲဒီနှစ်ခုဟာ ပြဿနာနှစ်ခုလို့ ကျွန်တော်မြင်တယ်။ မြန်မာပြည်ရဲ့ အနေအထားက ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ လုပ်သင့်လုပ်ထိုက်တဲ့၊ လုပ်နိုင်တဲ့ အစွမ်းတွေ အကုန်လုံး မလုပ်နိုင်အောင် နိုင်ငံရေး စံနစ်ကနေ ချုပ်ခြယ်နေတယ်။ တဖက်ကလည်း ပြဿနာတွေရှိတယ်။ ကျွန်တော်တို့ ငြင်းခုန်နေကြတဲ့ဟာက ဒီလို ချုပ်ခြယ်မှုတွေရှိလို့ ဒီပြဿနာကို ဘာမှမလုပ်တော့ဘူးလား၊ ဒါမှမဟုတ် ဒီလို ချုပ်ခြယ်မှုတွေ ရှိရက်နဲ့လည်း ပြဿနာကို လုပ်သင့်လား ဆိုတာကို အခြေခံပြီး ငြင်းခုန်နေကြတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အမြင်ကတော့ ဒီပြဿနာတွေကို ဒီမိုကရေစီရတဲ့အထိစောင့်ပြီးတော့ ဖြေရှင်းလို့ မရတာတော့ အမှန်ပဲ။ ဥပမာ HIV ပြဿနာပေါ့ဗျာ။ ဒီမိုကရေစီ ရတဲ့အချိန်မှာ HIV ပြဿနာဟာ ဝုန်း ဆိုပြီး ပျောက်သွားမှာ မဟုတ်ဘူး။”
မြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူးစက်နေသူ ခန့်မှန်းခြေ သုံးသိန်း ခြောက်သောင်း လောက်ရှိပြီး ဒီထဲက လူတစ်သောင်းလောက်သာ လိုအပ်တဲ့ ARV ဆေးဝါးကို ရရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်း ဇယားတွေကို ကိုးကားပြီး MSF ကဆိုပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အမျိုးသားဝင်ငွေရဲ့ ၁.၄ ရာခိုင်နှုန်းသားသုံးစွဲနေတယ်၊ လိုအပ်သလောက်မသုံးစွဲဘူးလို့ ပြောဆိုထားတာပါ။ ဒီလို အခြေအနေမျိုးမှာ နိုင်ငံတကာ အသိုင်းအဝိုင်း ကသာ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ တာဝန်ရှိနေတာလား။ ကိုမင်းဇောဦးကတော့
“ လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ အဓိကတာဝန်အရှိဆုံးကတော့ စစ်အစိုးရပေါ့။ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေက ပေးသင့် မပေးသင့် ငြင်းခုန်နေကြတဲ့ ကြားထဲမှာ အဲဒီအပေါ်မှာ ဘယ်သူမှ မညီညွတ်ဘူး။ ဒီနေ့ နအဖက ပြဿနာတွေ အပေါ်မှာ တာဝန်အရှိဆုံးအပေါ်မှာတော့ ငြင်းခုန်ဖို့မရှိဘူး။ အဓိက ငြင်းခုန်နေကြတာက အစိုးရက ဒီလိုမျိုး တာဝန်ရှိပြီး မလုပ်တဲ့ဟာကို ကျွန်တော်တို့က လူထုကြီးကို တခါထဲ ငတ်ပစေ၊ ပြတ်ပစေ၊ ဒုက္ခတွေရောက်ပစေဆိုပြီး ဒီအတိုင်းပဲ လျစ်လျူရှုပြီး ထိုင်ကြည့်နေမလားဆိုတာပေါ်မှာ ငြင်းခုန်နေတာဖြစ်ပါတယ်။”
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း တခါတရံမှာ ကူညီထောက်ပံ့မှုတွေဟာ မြန်မာ စစ်အစိုးရအတွက် အထောက်အကူ ဖြစ်စေမှာ စိုးတဲ့အတွက် အကူအညီပေးရေးမှာ လက်တွန့်မှုတွေ ရှိနေတယ်လို့ MSF ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီလိုယူဆချက်တွေနဲ့ ပတ်သက်လို့ ကိုမင်းဇော်ဦးက
“ မြန်မာပြည်လို တိုင်းပြည်တင်မကဘူး တရုတ်ပြည်လို တိုင်းပြည်မျိုးမှာတောင် နိုင်ငံတကာ NGO ဝင် လုပ်မယ်ဆိုရင် သူတို့ တရုတ် ကွန်မြူနစ်ပါတီနဲ့ အနည်းနဲ့ အများဆိုသလို ဆက်စပ်ရပါတယ်။ အနည်းဆုံးတော့ဗျာ ပူးပေါင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ မြန်မာပြည်လိုဟာမျိုးမှာက ပိုဆိုးတာက စစ်တပ်က အစစအရာရာ အကုန်ကိုင်ထားတယ်။ နောက်ပြီးတော့လည်း အဲဒီလို ဝင် လုပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မယုံကြည်တဲ့ဟာက ပါတော့ သူတို့နဲ့တော့ အနည်းနဲ့ အများဆိုသလို ဆက်ဆံရတာကတော့ ဆက်ဆံရမှာပဲ။ ပြီးတော့ တိုင်းပြည်ကို လူထုကို ပေးတယ်ဆိုတဲ့ ၁၀၀ဖိုး ကတော့ ၁၀၀ဖိုး မရောက်ဘဲ၊ ကြံ့ဖွံ့တွေဆီ ရောက်တာတွေ ရှိရင်ရှိမယ်။ နောက်ပြီး အစိုးရဆီ ရောက်တဲ့ဟာလည်း ရှိရင်ရှိမယ်။ ရပ်ကွက်ထဲမှာ ကြံ့ဖွံ့ ခေါင်းဆောင်တယောက်လောက်ကတော့ သူ့ရဲ့ မိသားစု၊ ကလေးကျောင်းထားနိုင်ရင် ထားနိုင်မယ်။ လူကြီးတယောက်ကတော့ ကားဝယ်စီးရင် စီးနိုင်မယ်။ ဒါပေမဲ့ စံနစ်ကြီးတခုလုံးကို ကြည့်တဲ့အခါမှာ ဒီပိုက်ဆံတွေဟာ ဒီအစိုးရကြီးကို အသက်ရှင် လောက်အောင်တော့ အထောက်အကူပေးတာတော့ မဟုတ်ဘူးဗျ။”
မကြာသေးခင်က သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှုတွေကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာ နိုင်ငံသားတွေ နစ္စဓူဝရင်ဆိုင် နေရတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း အခြေအနေတွေကိုတော့ ထင်ထင်ရှားရှား သိသာစေတဲ့ အခြေအနေမရှိဘူးလို့ MSF ရဲ့ ထုတ်ပြန်ချက်က ပြောဆိုထားတာပါ။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား နယ်မြေဒေသတွေမှာဆိုရင် အကူအညီ အထောက်အပံ့ရဖို့ ပိုလို့တောင် ခက်ခဲနေတယ်လို့ နယ်စည်းမခြားဆရာဝန်များအသင်း MSFရဲ့ အခုတပတ် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက ပြောဆိုထားတာပါ။