ကမ္ဘာတဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ
ကို ငြိမ်းချမ်းပြီး တရားမျှတတဲ့ နည်းလမ်းတွေ
နဲ့ အဖြေရှာကြဖို့ ပုပ်ရဟန်းမင်းကြီး ဘန်နာန်
ဒစ်ခ် (Benedict) က ခရစ္စမတ် အခါသမယမှာ
မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။ အီရတ်၊ အရှေ့အလယ်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံနဲ့
အာဖရိက အပါအဝင် နေရာအနှံ့မှာ ဖြစ်ပေါ်
နေတဲ့ အကြမ်းဖက်မှုတွေကို အဖြေရှာနိုင်ရေး
အတွက် မေတ္တာရပ်ခံ ပန်ကြားလိုက်တာပါ။
ခရစ္စမတ်နေ့ ရိုးရာအစဉ်အလာမပျက် ပြောကြားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက သူရဲ့အတွေးတွေဟာ ကြောက်မက်ဖွယ်ရာ လက်နက်နဲ့ ပစ်ခတ်
သံတွေ အဆက်အပြတ်ကြားနေရတဲ့ ငြိမ်းချမ်းရေးမဲ့နေတဲ့ နေရာတွေမှာ ရောက်ရှိနေ
ခဲ့တယ်လို့ မိန့်ကြားပါတယ်။
စိန့်ပီတာ(စ်) ရင်ပြင် ဗာတီကန်နန်းတော် ဗက်စီလီကာ (Basilica) ဘုရားကျောင်း လသာဆောင်ကနေ ပြောကြားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းကို နိုင်ငံပေါင်း
၅၇ နိုင်ငံကို ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေက ထုတ်လွှင့်ပါတယ်။
ခရစ္စမတ်ဟာ လုံလုံခြုံခြုံ ရပ်တည်ခွင့်မရှိတဲ့အတွက် တရားဝင်မျှော်မှန်းချက်တွေ ပျောက်ဆုံးနေတဲ့သူတွေအတွက် မျှော်လင့်ချက်တွေကို သယ်ဆောင်ပေးသင့်တယ်
လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ တည်ငြိမ်တဲ့
အလုပ်အကိုင်ကို ဖွေရှာသူတွေအတွက် မျှော်လင့်ချက်တွေ ပေးသင့်တယ်လို့ မိန့်ဆို
ပါတယ်။
ခရစ္စမတ်အကြိုညနေခင်းကတော့ ဗာတီကန်နန်းတော် ဗက်စီလီကာ ဘုရားကျောင်း လသာဆောင်ကနေ ပုပ်ရဟန်းမင်းကြီး ဘန်နာန်ဒစ်ခ်က ဝတ်ပြုဆုတောင်းနေတဲ့
လူအုပ်ကြီးကို ဆင်းရဲနွမ်းပါးသူတွေကို ကူညီစောင့်ရှောက်ဖို့၊ အိမ်နီးချင်းတွေနဲ့ ဘုရားသခင်အကျိုးအတွက် သူတို့ဘဝထဲက မျှဝေဆောင်ရွက်ဖို့ တိုက်တွန်းမိန့်ကြား
ခဲ့ပါတယ်။