စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေး အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာတွေ ကျောင်းသားပြည်သူတွေကို မြန်မာစစ်အစိုးရကနေ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တာ အခုဆိုရင် သုံးလပြည့်ခဲ့ပါပြီ။ ဒီမှာပါတဲ့ ရဟန်းသံဃာတွေ၊ ကျောင်းသား ပြည်သူတွေကို သူတို့ရဲ့ ငြိမ်းချမ်းစွာ တောင်းဆို လှုပ်ရှားမှုကို မြန်မာစစ်အစိုးရက အကြမ်းဖက် ပစ်ခတ် နှိမ်နင်းခဲ့ပါတယ်။ သံဃာတွေကတော့ အခု သုံးလ ပြည့်တယ် ဆိုပေမယ့် သူတို့အနေနဲ့ စစ်အစိုးရကို ပတ္တနိက္ကုဇန ကံဆောင် သပိတ်မှောက်ထားတာ သပိတ် မလှန်ရသေးဘူးဆိုတော့ အစိုးရနဲ့ ရဟန်းသံဃာတွေ ကြားမှာ တင်းမာမှုတွေ ဆက်ရှိသွားမယ့် အလားအလာ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့အဖြစ်အပျက်ကတော့ လောင်စာဆီဈေးနှုန်း မြင့်တတ်လို့ ဆန္ဒပြရာကနေ ရဟန်း သံဃာတွေကလည်း လူတွေရဲ့ဒုက္ခကို မခံစားနိုင် မေတ္တာပို့ လှည့်လည် စီတန်းဆန္ဒပြရာမှာ ပခုက္ကူမှာ သံဃာတွေကို လုံခြုံရေးတပ်တွေနဲ့ အရပ်ဝတ် စွမ်းအားရှင် ဆိုသူတွေက ရိုက်နှက်တာကနေ ပြဿနာက ပိုကြီးလာတာပါ။ ပခုက္ကူပြဿနာကို ဖြေရှင်းပေးဖို့၊ တောင်းပန်ဖို့၊ တာဝန်ရှိသူတွေကို အရေးယူဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးကြဖို့ဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုကြီးက ကြေညာ တောင်းဆိုခဲ့ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား မလိုက်လျောရင် သံဃာတွေဘက်က စစ်အာဏာပိုင်တွေကို ပတ္တနိက္ကုဇန ကံဆောင် သပိတ်မှောက်မယ်လို့ ဆိုခဲ့တဲ့အတိုင်း မြန်မာနိုင်ငံတ၀ှမ်း မြို့ကြီးတွေ အတော်များများမှာ သံဃာတွေက အစိုးရကို ကံဆောင် သပိတ်မှောက်ပါတယ်။ စီတန်း လှည့်လည်ပြီး ပြည်သူလူထုအတွက် မေတ္တာပို့ ဆုတောင်းမှုတွေ လုပ်ပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၂၅ ရက်နေ့ကစလို့ စစ်တပ်နဲ့ လုံခြုံရေး အာဏာပိုင်တွေကနေ ဆန္ဒပြ ရဟန်းသံဃာတွေကို ပစ်ခတ် နှိမ်နင်းတာကြောင့် သေဆုံးမှုတွေ၊ ထိခိုက် ဒဏ်ရာရမှုတွေ ဖြစ်သလိုပဲ နောက်ပိုင်း ဘုန်းကြီးကျောင်းတွေကို လုံခြုံရေး အာဏာပိုင်တွေက အင်အားသုံး စီးနင်းတာတွေ ဖြစ်ခဲ့ပါတယ်။ အဖမ်းအဆီးတွေ အတော်များများ ဖြစ်ခဲ့ပါတယ်။ အခုလို ဖြစ်ပျက်ခဲ့တာတွေ အပေါ်မှာ သံဃာတွေဖက်ကတော့ မေ့ဖျောက်နိုင်မယ့်ပုံ မရှိပါဘူး။ ပြည်ပရောက် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့က အရှင်ဂုနိသရကတော့ အခုလို မိန့်ပါတယ်။
“အခုနိုင်ငံတကာမှာ ရှိနေတဲ့ မြန်မာလူမျိုးတွေ၊ မြန်မာနိုင်ငံသားတွေ၊ ရဟန်းတော်တွေဟာ၊ ထို့အတူပဲ ပြည်တွင်းမှာ ရှိနေတဲ့ ဒကာ၊ ဒကာမတွေ၊ ရဟန်းတော်တွေဟာ သာသနာအတွက်ကို လုပ်ဆောင်ရင်းနဲ့ အသက်ပေးသွားတဲ့ ရဟန်းတော်များ၊ ကျောင်းသားများ၊ နိုင်ငံရေးသမားများ၊ ပြည်သူလူထုများ ဒီလူတွေရဲ့ ကျေးဇူးကို ဦးဇင်းတို့ အပါအ၀င် တတိုင်းပြည်လုံးက၊ တကမ္ဘာလုံးက ဦးဇင်းတို့ မြန်မာနိုင်ငံသားတွေက မမေ့ပါဘူး၊ အဲဒီတော့ ဂုဏ်ပြုနေပါတယ်။ ထို့အတွက်ပဲ သာသနာ့ဥသျှောင် အနေနဲ့ အမေရိက ထဲမှာရှိတဲ့ ပြည်နယ်တွေကို သွားပြီးတော့ ရဟန်းတော်တွေ လုပ်ခဲ့တဲ့လမ်းကြောင်း၊ ငြိမ်းချမ်းတဲ့ လမ်းစဉ်တွေနဲ့ ဦးဇင်းတို့ မြန်မာတွေနဲ့ စည်းရုံးမယ်၊ မြန်မာတွေနဲ့ ပတ်သက်တဲ့ ကိုယ့်တိုင်းပြည် အတွက်ကို လုပ်နေပါတယ်၊ ဒီရဟန်းတော်တွေက စပေးလို့ပဲ ငြိမ်းချမ်းတဲ့ လမ်းစဉ်နဲ့ ကိုယ့်သာသနာအတွက်၊ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူထုအတွက် ငြိမ်းချမ်းရေးကိုလည်း ရအောင်ယူရင်းနဲ့ ဆရာတော်တွေကနေ စခဲ့တာ၊ ဒီငြိမ်းချမ်းရေးလမ်းစဉ်နဲ့၊ မေတ္တာလမ်းစဉ်နဲ့ ဦးဇင်းတို့ကနေ ဆက်ပြီးတော့၊ အတွင်းက သံဃာတော်တွေက ဆက်ပြီးတော့ လှုပ်ရှားမှုတွေကို လုပ်သွားမှာပါ။ အောင်ခြင်းရှစ်ပါးတို့ မြတ်စွာဘုရား အောင်ခဲ့တယ်ဆိုတာ မေတ္တာ၊ ဂရုဏာနဲ့ အောင်ခဲ့တာပါ။ ဦးဇင်းတို့က ယုံကြည်တယ်၊ မြတ်စွာဘုရား ဟောခဲ့တဲ့ တရားတော်တွေဟာ မမှိတ်မသုံ မှန်ကန်တယ်၊ ယုံကြည်တယ်ဆိုတာ ဦးဇင်းတို့ လုံးဝလက်ခံတယ်။ အဲဒါကြောင့် ဦးဖင်းတို့ရဲ့ ငြိမ်းချမ်းတဲ့ လမ်းစဉ်က အောင်မှာပါ။ ငြိမ်းချမ်းတဲ့ လမ်းစဉ်ဟာ ကမ္ဘာမှာ လက်မခံတဲ့လူက ဘယ်သူမှ မရှိပါဘူး။ လူဆိုးလူမိုက်များသာလက်မခံတာပါ၊”
ဒီသံဃာတွေရဲ့ ဆန္ဒပြမှုကို အစိုးရက နှိပ်ကွပ်ခဲ့တာ (၃) လည်းပြည့်သွားပါပြီ။ ဒီတော့ ဒီကြားထဲမှာလည်း၊ မြန်မာနိုင်ငံ ထဲမှာလည်း လှုပ်ရှားမှုတွေ တော်တော်လေး အားနည်းသွားတာ တွေ့ရပါတယ်။ စစ်အစိုးရကလည်း နိုင်ငံတကာကို ပြောနေတာ ပုံမှန် အခြေအနေကို ပြန်ရောက်နေပါပြီလို့ သူတို့ ပြောနေတဲ့ အခါကျတော့ တကယ်တမ်း မြန်မာနိုင်ငံမှာ အရင် ပုံမှန် အခြေအနေကို ပြန်ရောက်နေပါပြီဆိုတာ ပြောလို့ရပါသလား ဘုရား-
“မရောက်ပါဘူး ဒကာကြီး၊ ဦးဇင်းတို့ ပြောမယ်ဆိုလို့ရှိရင် မြို့တွေပေါ်မှာ တက်ပြီးတော့ စာသင်နေတဲ့ ရဟန်းတွေ၊ သာသနာပြုနေတဲ့ ရဟန်းတွေ၊ စာချနေတဲ့ ကိုယ်တော်တွေ၊ အခုဆို သူတို့ရွာ ပြန်ရောက်နေကြတယ် ဒကာကြီး။ ဘာလို့ ရွာပြန်ရောက်နေကြလဲ၊ ဒီပညာတတ်တဲ့ ပုဂ္ဂိုလ်တွေ တောမှာဆိုပြီးတော့ ဘာလုပ်ကြမှာလဲ၊ ပုံမှန်အခြေအနေ မရောက်သေးပါဘူး ဒကာကြီး၊ ပုံမှန်အခြေအနေ မရောက်သေးပါဘူး ဒကာကြီး။ အခု မကြာသေးခင်ကဘဲ နိုင်ငံခြားကို ထွက်လာတဲ့ သံဃာတပါးနဲ့ ဆုံတဲ့အခါမှာ ဒီသံဃာတပါး ပြောသွားတဲ့စကား ရန်ကုန်ဘူတာကြီးကို ရောက်ပြီဆိုလို့ရှိရင် ရုံးခမ်းတခမ်း ခွဲထားပြီး အဲဒီရုံးခမ်းမှာ ဘုန်းကြီးတွေကနေပြီး ဘုန်းကြီးအချင်းချင်း စစ်ပါတယ် ဒကာကြီး။ ဒါက နဂိုက မလုပ်ခဲ့တဲ့ကိစ္စပါ။ ဘုန်းကြီးတွေ ဆိုလို့ရှိရင်၊ ရဟန်းသံဃာတွေ ဆိုလို့ရှိရင် အရှင်ဘုရား၊ တပည့်တော်နဲ့ ယဉ်ကျေးတဲ့ အသိုင်းအသိုင်းကလူတွေ၊ ယဉ်ယဉ်ကျေးကျေး သုံးနှုန်း ဆက်ဆံတဲ့ စကားမရှိတော့ဘူး။ အခုရဟန်းတွေတွေ့ရင် မင်းနဲ့ ငါနဲ့ ပြောနေကြတာ ဖြစ်တဲ့အခါမှာ-”
ဒီ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာရှိတဲ့ ကျောင်းတိုက်တွေရဲ့ အခြေအနေကော ဘယ်လို ကြားရပါလဲဘုရား -
“ကျောင်းတိုက်တွေရဲ့ အခြေနေကတော့ တကယ့် ကျီးလန့်စာ စားပဲဒကာကြီး၊ သူတို့ကလည်း စောင့်ကြည့်နေတယ်၊ အ၀င် အတွက်တွေကို ကြည့်နေတယ်၊ ပုံမှန် အခြေအနေကို ရောက်ပြီးတော့ စာချပြီးတော့၊ စာသင်ပြီးတော့ နဂို အခြေအနေတွေကို မရောက်သေးပါဘူး ဒကာကြီး။”
တင်ပါ့ဘုရား၊ ဖြစ်ပြီးခါစမှာတော့ နိုင်ငံတကာက မြန်မာနိုင်ငံ အခြေအနေကို တော်တော်လေးကို အာရုံစိုက် ပြီးတော့ ဖိအားတွေလည်း ပေးကြပါတယ်၊ ပြောကြ ဆိုကြပါတယ်၊ အခုနောက်ပိုင်းမှာ နိုင်ငံတကာက အာရုံစိုက်မှုတွေကော နည်းနည်းကျလာတယ်လို့ ပြောလို့ရမလား ဘုရား -
“ပြောလို့မရပါဘူး ဒကာကြီး၊ သူတို့လည်း သူတို့အပိုင်းနဲ့ အခြားတဘက်မှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့လည်း မျှဝေပြီးတော့ လုပ်ရတဲ့သဘော ရှိပါတယ်၊ ဦးဇင်းတို့ အမြင်ကတော့ နိုင်ငံတကာကနေ မြန်မာပြည်အတွက် လုပ်တာ ကျသွားတယ်လို့ မယူဆပါဘူး။ ထို့အတူပဲ ပြည်တွင်းမှာ လုပ်နေတဲ့ အရှိန်အဟုန်ဟာ ရပ်တံ့သွားပြီ၊ ပြီးဆုံးသွားပြီလို့ မယူဆပါဘူး၊ ဘာကြောင်လဲဆိုတော့ ဦးဇင်းတို့ ရဟန်းသံဃာတွေက သပိတ်မလှန်သေးဘူး ဒကာကြီး။ သပိတ်လှန်တဲ့ကံ မဆောင်မချင်း မြန်မာနိုင်ငံရဲ့ ပတ္တနိက္ကုဇနကံ အရေးအခင်းက ပြီးမသွားဘူး ဒကာကြီး။ ဆိုကြပါစို့၊ ပဌမပြန်စာမေးပွဲတွေ၊ ဓမ္မာစရိယ စာမေးပွဲတွေဖြစ်မယ်ဗျာ၊ အခု လက်မှတ်ထိုးမှုတွေ ဖြစ်နေပြီ၊ ဒီဇင်ဘာ ဒီလဆိုရင် နောက်ဆုံး ထားပြီးတော့၊ ဧပြီ၊ မေဆိုရင် ဖြေရတာကို။ အဲဒီစာမေးပွဲတွေကို ရဟန်းတွေက ဆန္ဒပြမယ် ဒကာကြီး၊ ထို့အတူပဲ လာကြမယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ပွဲတွေ၊ ဦးဇင်းတို့ (၁၂) လရာသီပွဲတွေမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဟာတွေက အများကြီးရှိတယ်၊ အဲဒါတွေက ဘာသာရေးနဲ့ တော်တော်များများ Back ground ကလာတယ်ဆိုတော့ အဲဒီပွဲတော်တွေက ရဟန်းတွေနဲ့ ပတ်သက်နေတယ် ဆိုတော့ ရဟန်းတွေက သပိတ်မှောက်ထားတယ် ဆိုတော့ ဆက်လုပ်ဦးမှာပဲ။ မြန်မာနိုင်ငံ ဒီမိုကရေစီ မရမချင်း၊ လူသားတွေအားလုံးမှာ ရှိသင့်ရှိထိုက်တဲ့ လူ့အခွင့်အရေးတွေက မွေးရာပါ အခြားတိုင်းပြည်က လူသားတွေလိုပဲ ရှိနေတဲ့ဟာတွေ သူတို့လက်ထဲကို ပြန်မရောက်မချင်း ဦးဇင်းတို့တွေ၊ မြန်မာနိုင်ငံသားတွေက လုပ်နေဦးမှာပဲ ဒကာကြီး။“
ဒါကတော့ သာသနာ့ဦးသျှောင်အဖွဲ့က အရှင် ဂုနိဿရ မိန့်သွားတာပါ။ ပြည်တွင်းမှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုကနေ အခု စက်တင်ဘာ လှုပ်ရှားမှု သုံးလပြည့် အထိမ်းအမှတ် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာကို ကျနော်တို့ ဗွီအိုအေက ရရှိထားပါတယ်။ ဒီအထဲမှာတော့ သံဃာ့တပ်ပေါင်းစုက ဦးဆောင်သံဃာအချို့ အဖမ်းခံနေရပြီး အချို့ တိမ်းရှောင် နေရပေမယ့် သံဃာ့တပ်ပေါင်းစုကြီးကို ပြန်လည် တိုးမြင့်ဖွဲ့စည်းပြီး စစ်အစိုးရအပေါ် သံဃာတွေအနေနဲ့ ပတ္တနိက္ကုဇန ကံဆောင်မှုကို ဆက်လက် ပြုထားဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။
စစ်အစိုးရဖက်ကတော့ သူတို့ ဒီဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တာနဲ့ ပတ်သက်လို့ ဒါဟာ နိုင်ငံရေးအရ လှုံ့ဆော်လို့ဖြစ်တယ်၊ ဆူပူအုံကြွမှုတွေ ဖြစ်တယ် အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတယ်လို့ တုန့်ပြန် ပြောဆိုထားပါတယ်။ အခု သံဃာတွေရဲ့ သင်္ဃန်းရောင် လှုပ်ရှားမှုဟာ အခု ၂၀၀၇ ခုနှစ် ကမ္ဘာ့ သတင်းတွေမှာတော့ ထိပ်ဆုံးက နေရာက ယူခဲ့ပါတယ်။ ဒီအတွက်လည်း TIMES မဂ္ဂဇင်းကြီးကလည်း အခုနှစ် Person of the Year ကို ရွေးချယ်မယ် လုပ်တော့လည်း မြန်မာနိုင်ငံက ဆန္ဒပြသံဃာတွေနဲ့ စက်တင်ဘာလှုပ်ရှားမှုကို နောက်ဆုံး ဇကာတင် ရွေးခြယ်ချိန်အထိ ထည့်သွင်း စဉ်းစားခဲ့ပါတယ်။