သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံး ကွန်ဂရက်စ်လွှတ်တော် ရွှေတံဆိပ်ဆု ဒေါ်စုကို ချီးမြှင့်ဖို့ အထက်လွှတ်တော်မှာ အဆိုတင်သွင်း


နေအိမ်မှာ အကျယ်ချုပ်ခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်ရဲ့ ရွှေတံဆိပ် ချီးမြှင့်နိုင်ဖို့အတွက် အမေရိကန် အထက်လွှတ်တော် အထင်ကရ အမတ် ၂ ဦးကနေပြီး ဥပဒေမူကြမ်း တင်သွင်းမယ်လို့ သောကြာနေ့က ကြေငြာသွားပါတယ်။ အောက်လွှတ်တော်မှာတော့ အလားတူ ဥပဒေမူကြမ်းကို ကန့်ကွက်မယ့်သူ မရှိနဲ့ အတည် ပြုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အကြောင်းစုံကို ဒေါ်လှလှသန်း က တင်ပြ ထားပါတယ်။

အထက်လွှတ်တော်မှာ အသုံးစရိတ် ခွဲဝေရေး၊ တရားရေးနဲ့ စည်းမျဉ်း ချမှတ်ရေး စတဲ့ အရေးပါတဲ့ ကော်မတီတွေကို တာဝန်ယူထားရတဲ့ ရီပတ်ဘလီကဲန် အထက်လွှတ်တော် အမတ် Mitch McConnell နဲ့ ကာလီဖိုးနီးယား ပြည်နယ်က အထက်လွှတ်တော် အမတ် Diane Feinstein တို့က စုစုပေါင်း ၁၁ နှစ်ကြာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ လွှတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းမှုကို အမေရိကန်ပြည်ထောင်စုက သွေးစည်း ခိုင်မာမှုကို ပြသတဲ့အနေနဲ့ အခုလို အမေရိကန်လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို ချီးမြှင့်ဖို့ သူတို့ ၂ ဦး ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့က အသီးသီး ကြေငြာ ချက်ထုတ်ပြန် ခဲ့ကြပါတယ်။ ၁၉၉၁ ခု နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်ရဲ့ ငြိမ်းချမ်းရေး၊ အကြမ်းမဖက် လှုပ်ရှားရေးနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရရှိရေးအတွက် သတ္တိရှိပြီး မဆုတ်မနစ် ကြိုးပမ်းမှုကြောင့် အခုလို လွှတ်တော်ရဲ့ အမြင့်ဆုံးဖြစ်တဲ့ ရွှေတံဆိပ်ဆုကို ချီးမြှင့်ဖို့ တင်သွင်းတာ ဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ အထက်လွှတ်တော်အမတ် Diane Feinstein က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိဟာ ပြိုင်စံရှားတယ်လို့ ဆိုပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး အတွက် သူ့ရဲ့စွန့်လွတ် အနစ်နာခံကြိုးပမ်းမှုကြောင့်လည်း ကနေ့တိုင်ပဲ စစ်အစိုးရရဲ့ အရေးယူမှုတွေကို သူမအနေနဲ့ ခံနေရဆဲပဲလို့လည်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတဆိပ်ချီးမြှင့်နိုင်ဖို့ လွှတ်တော် နှစ်ရပ်စလုံးရဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့တော့ အမေရိကန်အခြေစိုက် USCB ခေါ် အမေရိကန် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ပေါ်လစီရေးရာ ဒါရိုက်တာ ကိုအောင်ဒင်ကို မေးကြည့်ခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ် လွှတ်တော်ကနေ ပြီးတော့ အမြင့်ဆုံး ရွှေတံဆိပ်ချီးမြှင့်ဖို့ ကြိုးစားနေကြတာကတော့ အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ရပ်စလုံးမှာပါ။ ဒီဆုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တကမ္ဘာလုံးမှာ ပေါ့နော်၊ မိမိရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ပဲ အများပြည်သူ အကျိုးအတွက်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် စသဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို အမေရိကန် ကွန်ဂရက်စ် လွှတ်တော်က ဂုဏ်ပြုတာပါ။ ဆုရွေးချယ်မှု အဆင့်ကတော့ အင်မတန်မှ ခက်ခဲပါတယ်။ ဘာလို့ခက်ခဲလည်း ဆိုတော့ ဥပမာဆိုလို့ရှိရင် အမေရိကန် ကွန်ဂရက်စ်လွှတ်တော်မှာ ဥပဒေမူကြမ်း တရပ်ကို တင်သွင်းပြီ ဆိုလို့ရှိရင် တယောက်ထဲကလည်း တင်သွင်းလို့ရတယ်၊ အများကလည်း တင်သွင်းလို့ရတယ်။ အဲလို တင်သွင်းလို့ရှိရင် သက်ဆိုင်ရာ ကော်မတီတွေက လက်ခံစဉ်းစား၊ ဆုံးဖြတ် မဲခွဲ ကော်မတီ အဆင့်ဆင့်ကို ဖြတ်သန်း အောင်မြင်ပြီးမှပဲ လွှတ်တော်အဆင့်ကို မဲခွဲ အတည်ပြုတဲ့ အဆင့်ကို ရောက်တာပါ။ ဒါပေမယ့် အခုလိုမျိုး ကွန်ဂရက်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုဖြစ်တဲ့ ချီးမြှင့်ဖို့အတွက် အဆိုပြု တင်သွင်းတဲ့ ဥပဒေမူကြမ်းကိုကျတော့ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ပူးတွဲ အဆိုပြုမှသာလျှင် လွှတ်တော် ကော်မတီများက လက်ခံ စဉ်းစားတာပါ။ ဆိုတော့ အောက်လွှတော်မှာ ဆိုလို့ရှိရင် လွှတ်တော် ကိုယ်စားလှယ် ၄၃၅ ယောက် ရှိတဲ့ အတွက်ကြောင့်မို့လို့ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၂၉၀ က ပူးတွဲ တင်သွင်းမှသာလျှင် အောက်လွှတ်တော်ရဲ့ ကော်မတီက လက်ခံစဉ်းစားမယ်၊ အဲဒီကော်မတီက အတည်ပြုမှသာလျှင် အောက်လွှတ်တော် တရပ်လုံးက မဲခွဲဆုံးဖြတ်တာပါ။ ဆိုတော့ ပြီးခဲ့တဲ့အပတ်မှာပဲ အောက်လွှတ်တော် အမတ်နှစ်ဦးဖြစ်တဲ့ Joseph Crowley နဲ့ Don Manzullo တို့က သူတို့ရဲ့ လုပ်ဖေါ်ကိုင်ဘက် ၂၉၂ ယောက်နဲ့ အတူတကွ ပူးတွဲ တင်သွင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်အား ကွန်ဂရက်စ်လွှတ်တော်ရဲ့ ရွှေတံဆိပ် ချီးမြှင့်ရေး ဥပဒေ မူကြမ်းကို အောက်လွှတ်တော်က ထောက်ခံမဲ ၄၀၀၊ ကန့်ကွက်မဲ မရှိနဲ့ အတည်ပြုပြီး သွားပါပြီ။ အခု ဒီ ဆီနိတ်တာ McConnell နဲ့ ဆီနိတ်တာ Feinstein နှစ်ယောက်က စတင်ပြီးတော့ ကြိုးစား နေကြပြီ။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ် ၆၇ ယောက်ရဲ့ ပူးတွဲ အဆိုပြုမှုဖြစ်အောင် သူတို့ ကြိုးစား နေကြပြီပေါ့နော်။ အခု ကွန်ဂရက်စ် လွှတ်တော်က အခု လောလောဆယ် ခန နားထားပါတယ်။ ဒီ ၂၀၀၈ ခုနှစ် ဇန်နဝါရီ တတိယ ပါတ်လောက်ကျမှ ပြန်စမှာပါ။ အဲဒီလို ပြန်စတဲ့ အချိန်မှာတော့ သူတို့ လုံလောက်တဲ့ ထောက်ခံမဲ ရလောက်ပါလိမ့်မယ်။ အဲဒီအချိန်မှာ သူတို့ အထက်လွှတ်တော်မှာ တင်သွင်းပြီးလိုရှိရင် အထက်လွှတ်တော်က အတည် ပြုပြီးပြီ ဆိုလို့ ရှိရင်တော့ သမ္မတက လက်မှတ်ရေးထိုးပြီးတော့ ဥပဒေအဖြစ် အတည်ပြုဖို့ပဲ ကျန်ပါတော့တယ်။”

အမေရိကန် လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို သာမှန်အားဖြင့် စစ်ဖက်ဆိုင်ရာ ထူးချွန်တဲ့ သူတွေကို ချီးမြှင့်လေ့ရှိပေမယ့် အရပ်ဖက် ထူးချွန်တဲ့ ပုဂ္ဂိုလ်ကြီးတွေကိုလည်း ချီးမြှင့်ခဲ့တာတွေ ရှိပါတယ်။ အခုလို ဆုချီးမြှင့်ခံခဲ့ရတဲ့ အရပ်ဖက် အထင်ကရ ပုဂ္ဂိုလ်တွေအနေနဲ့ ဗြိတိန်ဝန်ကြီးချုပ် Winston Churchill, အမေရိကန်သမ္မတဟောင်း George Washington, ပုတ်ရဟန်းမင်းကြီး ဒုတိယမြောက် John Paul, Mother Teresa နဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်တွေဖြစ်ကြတဲ့ Elie Wiesel, Nelson Mendela နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့လည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG