စက်တင်ဘာလ ဆန္ဒပြမှုတွေ အကြမ်းဖက် နှိပ်ကွပ်ခံခဲ့ရတာ ၃ လပြည်တဲ့ အချိန်မှာဘဲ ပြင်သစ်နိုင်ငံ အခြေစိုက် RSF နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့ကလည်း မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ ဆင်ဆာ ဖြတ်တောက်ခံရမှုတွေ၊ နောက် သတင်းထောက်တွေ ဖမ်းဆီးခံရမှုတွေ ရှိတယ်လို့ မနေ့က သတင်းထုတ်ပြန်သွားပါတယ်။ အကြောင်းစုံကို ပဲရစ်မြို့က ဗီအိုအေ သတင်းထောက် မသင်းသီရိ က မေးမြန်း ဆက်သွယ် တင်ပြပေးထားပါတယ်။
ဒီကနေ့ဟာဆိုရင် ရွေဝါရောင် လှုပ်ရှားမှုကြီးမှာ သတင်းရယူဖို့ ကြိုးစားနေတဲ့ ဂျပန် ဓါတ်ပုံသတင်းသမား ခန်းဂျိ နာဂါအိ ကို မြန်မာစစ်တပ်က လမ်းပေါ်မှာ ပစ်သတ်ခဲ့တာ ၃ လပြည့်တဲ့ ရက်ဖြစ်တယ်လို့ အဲဒီသတင်းအဖွဲ့ ၂ ခုက သူတို့ရဲ့ ထုတ်ပြန်စာ အစမှာ ရေးသားထားပါတယ်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေ အတွက် ကမ္ဘာသိ လှုပ်ရှားမှုကြီး အံ့မခန်းဖြစ်ခဲ့ရတဲ့ ဒီရွှေဝါရောင် တော်လှန်ရေးကြီး အတွင်းမှာ ပါဝင်ခဲ့တဲ့ သတင်းသမားတွေ၊ ဓါတ်ပုံရိုက်ကူးသူတွေ၊ သတင်းဖြန့်ချိသူတွေ အားလုံးကို ဒီလှုပ်ရှားမှုရဲ့ နောက်ပိုင်း ၃ လပြည့်တဲ့ အချိန်အထိ မြန်မာ စစ်အာဏာပိုင်တွေက သဲသဲမဲမဲ လိုက်လံ ရှာဖွေနေဆဲလို့လည်း အဲဒီအဖွဲ့ ၂ ခုက ဆိုထားပါတယ်။
ဒါ့အပြင် သံသယရှိသူမှန်သမျှ စောင့်ကြည့်ခြင်း ခံနေရသလို သတင်း စာနယ်ဇင်း ထုတ်ဝေမှုတွေနဲ့ အင်တာနက် သုံးစွဲမှုတွေအပြင် အခြား ဆက်သွယ်မှုတွေ အာလုံးအပေါ်မှာလည်း လွန်ကဲတဲ့ ထိမ်းချုပ်မှုတွေကို မြန်မာ စစ်အစိုးရ အာဏာပိုင်တွေက ပြုလုပ်နေဆဲလို့ ရေးသားထားပါတယ်။ နောက်တခါ မြန်မာနိုင်ငံ အတွင်းမှာ နှစ်ရှည် အကျဉ်းကျခံထားရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပြင် အခြား သတင်းထောက် ၅ ယောက်ကိုလည်း အမြန် လွှတ်ပေးဖို့အတွက် ဒီအဖွဲ့ကြီးနှစ်ခုက တောင်းဆိုထားပါတယ်။ အထူးသဖြင့် ဒီ RSF နဲ့ BMA တို့ဟာ မြန်မာနိုင်ငံအတွင်းက သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေတွေကို အစဉ်မပြတ် စောင့်ကြည့်နေပြီးတော့ အခြားအဖွဲ့ အစည်းတွေနဲ့အတူ ကမ္ဘာကသိအောင် ထုတ်ပြန် ပြောဆိုမှုတွေ ပြုလုပ်နေသလို မြန်မာနိုင်ငံအတွင်းက စာနယ်ဇင်း အဖွဲ့အခြေအနေတွေ အတွက်လည်း မြန်မာ စစ်အစိုးရကို အဆက်မပြတ် တောင်းဆိုမှုတွေ ပြုလုပ်နေတဲ့ သတင်း အဖွဲ့အစည်း ၂ ခုပါ။ ဒီလှုပ်ရှား တောင်းဆိုမှုတွေ အပေါ်မှာ မြန်မာ စစ်အာဏာပိုင်တွေကရော သထိထားမိပါ့မလား၊ အခုလို ပြောဆိုမှုတွေအပေါ်မှာ အလေးအနက် ထားပါ့မလားလို့ နယ်ခြားမဲ့ သတင်းထောက်အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Vincent Brossel ကို ကျမ မေးကြည့်ပါတယ် -
“သူပြောပြသွားတာက သူတို့ အသေချာကို တိုက်ရိုက် ကြားနေမှာပါ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက အစ ကုလသမဂ္ဂ အဖွဲ့အစည်းအဆုံး ဒီအခြေအနေ အပေါ်မှာ အထူး ဂရုစိုက်မှုတွေ ရှိပါတယ်၊ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပင်ညဲရိုးရဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရဲ့ သတင်းနဲ့ စာနယ်ဇင်း အကြောင်း ပြောဆို ရေးသားထားသလို လူ့အခွင့်အရေး ကောင်စီရဲ့ တောင်းဆိုချက်တွေမှာလည်း မြန်မာနိုင်ငံအတွင်း သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို အမြန်ဆုံးပေးဖို့ တောင်းဆိုထားတာ တွေ့ရမှာပါ။ ဒီအခြေအနေကို ကြည့်ရင် မြန်မာစစ်အစိုးရက ဖိအားပေးမှု ပေါင်းစုံထဲက ကျနော်တို့ တောင်းဆိုမှုတွေဟာ မဖြစ်မနေ အကျပ်အတည်း တွေ့စေမယ့် ဖိအားပေးမှုတွေ ဖြစ်တယ်လို့ Vincent Brossel ကပြောပါတယ်။”
တင်းကျပ်တဲ့ ထိမ်းချုပ်မှုတွေနဲ့ စောင့်ကြပ်မှုတွေ အကြားမှာ မြန်မာ့ စာနယ်ဇင်း သတင်းသမားများ အနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေအပေါ်မှာ လုပ်ကိုင်ဖို့ ခက်ခဲ အာနည်း လာနိုင်တယ်လို့လည်း မြန်မာ့သတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့် က ပြောပါတယ် -
“ဒီ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်းက သတင်း ဗီဒီယိုတွေကို ပီပီပြင်ပြင် ပေးပို့နိုင်ခဲ့တဲ့ သတင်းသမားတွေ အနေနဲ့က သူတို့ရဲ့ ပစ္စည်းတွေကိုလည်း ဆုံးရှုံးခဲ့ရတယ်၊ တချို့ဆိုလည်း အဖမ်းခံနေရတယ်၊ တချို့ဆိုလည်း တိမ်းရှောင်နေရတယ်၊ အဲဒီ အနေထားမျိုးမှာ သူတို့ဟာ ပုံမှန် သတင်းပို့နိုင်တဲ့ အနေအထားကို မလုပ်နိုင်တော့ပါဘူး။ တချိန်တည်းမှာပဲ သတင်းပို့တဲ့အခါမှာ အထိရောက်ဆုံး ယန္တရားဖြစ်တဲ့ အင်တာနက် ယန္တရားကို စစ်အစိုးရက လုံး၀ ချုပ်ကိုင်လိုက်တဲ့ အတွက်ကြောင့် သတင်းပို့တဲ့ အပိုင်းမှာ တော်တော်လေး အားနည်းသွားတဲ့ အပိုင်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် သတင်း ထိမ်းချုပ်မှုတွေ ရှိနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်မှုတွေကို နိုင်ငံတကာက သိအောင် လုပ်ဆောင်နိုင်ဖို့ ကိစ္စက တော်တော်လေးကို အခက်အခဲရှိတယ်။“
အခြေအနေ အကြောင်းကြောင်းကြောင့် နယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြတဲ့ စာနယ်ဇင်း သမားတွေကို ကူညီနိုင်ဖို့ အတွက်လည်း ဒီအဖွဲ့ကြီးနှစ်ခုက ကြိုးစားနေတယ်လို့လည်း ဦးမောင်မောင်မြင့်က ပြောပါတယ် -
“ဒီသတင်းသမားတွေနဲ့ စာနယ်ဇင်းသမားတွေ လောလောဆယ် စားဝတ်နေရေးကိစ္စ ပြေလည်ရေးအတွက် ကောင်းအောင် ကျနော်တို့ ဘယ်လိုစီစဉ်နိုင်မလဲ၊ နောက်ပြီး လုပ်ငန်း ကိုင်ငန်းနဲ့ ပတ်သက်လို့ရော ဘယ်လို ကြံဆောင်ပေးနိုင်မလဲ ဆိုတာ စဉ်းစားရင်းနဲ့ အကူညီပေးနေပါတယ်။”
အခုပြောပြခဲ့တဲ့သူကတော့ မြန်မာ့သတင်းသမဂ္ဂရဲ့ ဥက္ကဌ ဦးမောင်မောင်မြင့်ဖြစ်ပါတယ်ရှင်။
RSF နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့နဲ့ BMA မြန်မာသတင်းသမဂ္ဂတို့ရဲ့ စက်တင်ဘာ လှုပ်ရှားမှု ၃ လပြည့် ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဥရောပအခြေစိုက် မသင်းသီရိ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။