ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း အတိုက်
အခံခေါင်းဆောင် ဘနာဇီယာ ဘူတို (Benazir
Bhutto) ဒီနေ့ ပါကစ္စတန်နိုင်ငံ ရာဝါလ်ပဲန်ဒီ
မြို့မှာ လုပ်ကြံသတ်ဖြတ် ခံလိုက်ရပါပြီ။
အသေခံ ဗုံးခွဲတိုက်ခိုက်တဲ့သူက ဘနာဇီယာ
ဘူတိုကို သေနတ်နဲ့အရင်ပစ်ပြီးမှ သူ့ကိုယ်သူ ဖောက်ခွဲလိုက်တာလို့ ရဲတွေနဲ့ အစောင့်
အရှောက်တွေက ပြောပါတယ်။ တိုက်ခိုက်မှု
ကြောင့် အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့
ပါတယ်။
အစ္စလာမ်မာဘတ်မြို့တော် အပြင်ဘက် ရာဝါလ်ပဲန်ဒီမြို့ စစ်တပ်ဌာနချုပ်က ပန်းခြံ
အတွင်းမှာ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးပြီး သိပ်မကြာခင်မှာပဲ
မစ္စစ်ဘူတို လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။ ဆေးရုံကို အမြန်ဆုံးပို့ပြီး ဆရာဝန်တွေက
အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မမီခဲ့ပါဘူး။
တိုက်ခိုက်မှုမဖြစ်ခင် နာရီပိုင်းက မစ္စစ်ဘူတိုဟာ အာဖဂန်သမ္မတ ဟာမစ်ဇ် ခါဇိုင်းနဲ့
ပါကစ္စတန်မှာ တွေ့ဆုံပါတယ်။ ဒီလိုတွေ့ဆုံတာတွေနဲ့ပတ်သက်လို့ ဗီအိုအေ
သတင်းထောက် Ayaz Gul က တွေ့ဆုံမေးမြန်းရာမှာ မစ္စစ်ဘူတိုက သူနဲ့ ဟာမစ်ဒ်
ခါဇိုင်းတို့အကြား အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတွေကို လက်တွဲ တိုက်ဖျက်ရမယ်
ဆိုတာကို သဘောတူလိုက်ကြတယ်လို့ပြောပါတယ်။
မစ္စဘူတိုဟာ ရှစ်နှစ်ကြာ တိုင်းပြည်ပြင်ပမှာ နေထိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ အောက်တို
ဘာလကမှ ပါကစ္စတန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ တိုင်းပြည်ကို ပြန်လာတဲ့အချိန်က
ကရာချီမြို့မှာ လူပေါင်း ၁၄၀ လောက်သေဆုံးခဲ့ရတဲ့ ဆင့်ကဲ အသေခံဖောက်ခွဲမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာတော့ မစ္စစ်ဘူတိုဟာ ဘေးမသီရန်မခ လွတ်မြောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုဟာ ပါစ္စတန်သမ္မတ ပါဗက်ဇ် မူရှာရတ်ဖ်နဲ့ နိုင်ငံ
ရေးအာဏာကို ခွဲဝေနိုင်မယ့် အပေးအယူလုပ်ရေးကိစ္စတွေ လပေါင်းများစွာ ဆွေးနွေးခဲ့
သလို အမေရိကန်ပြည်ထောင်စုရဲ့ အခိုင်အမာထောက်ခံမှုကိုလည်း ရရှိထားပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲ ရပ်တန့်နေခဲ့ပြီး မစ္စစ်ဘူတိုဟာ လာမယ့် ဇန်ဝါရီလ ၈ ရက်
နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးနေခဲ့ပါတယ်။
အခုလို ၀န်ကြီးချုပ်ဟောင်း အတိုက်အခံခေါင်းဆောင် ဘနာဇီယာဘူတို လုပ်ကြံ ခံရတာနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ကြံ သတ်ဖြတ်
မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ဒီလုပ်ကြံမှုဟာ ပါကစ္စတန်နိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးကို လမ်း
ကြောင်းလွှဲပြီး အစွန်းရောက်လုပ်ရပ်တွေ ကျုးလွန်ချင်တဲ့သူတွေ ရှိနေတယ်ဆိုတာ ပြသလိုက်တာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ
ဂျုလီ ရီဆိုက်ဒ်က ပြောဆိုပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီတိုက်ခိုက်မှုကို ကန့်ကွက် ရှုတ်ချလိုက်ပြီး ပါကစ္စတန်နိုင်ငံအတွင်း တည်ငြိမ်ရေးကို အာမခံဖို့ ပါကစ္စတန်အာဏာပိုင် တွေကို
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။ အထူးသဖြင့် ရွေး
ကောက်ပွဲကျင်းပမယ့် ကာလမှ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ရုရှား
နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။