သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံတဲ့အပေါ် အမေရိကန်သမ္မတ ဘုရှ်က ပြစ်တင်ရှုံချ


ပါကစ္စတန် နိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံတဲ့အပေါ် အမေရိကန်သမ္မတ ဘုရှ်က ပြစ်တင်ရှုံချ ပြောဆိုလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် ပေါ်လာ ၀ုလ်ဖ်စင် အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားတာကို ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

ဘနာဇီယာဘူတို လုပ်ကြံရာမှာ တာဝန်ရှိ သူတွေကို တရားဥပဒေအတိုင်း အရေးယူ အပြစ်ပေး ရမယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ပြောဆိုလိုက်ပါတယ်။

“ပါကစ္စတန်ရဲ့ ဒီမိုကရေစီပျက်ပြားစေရန် ကြိုးစားနေတဲ့ လူသတ်သမား အစွန်းရောက်သမားတွေရဲ့ သူရဲဘောကြောင် လုပ်ရပ်တွေကို အမေရိကန်က ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။”

ဘနာဇီယာဘူတို လုပ်ကြံခံရမှုဟာ အကြမ်းဖက်သမားတွေရဲ့ ရက်စက်မှုသဘော သဘာဝကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ သမ္မတဘုရှ်က တက်ဆက်မှာရှိတဲ့ ခြံကြီးကနေ သတင်းထောက်တွေကို ထုတ်ပြန်တဲ့ အတိုခြုံးကြေငြာချက်မှာ ဖေါ်ပြခဲ့ပါတယ်။

“ဒီနှစ်စောစောပိုင်း ပါကစ္စတန်ကို ပြန်လာတုန်းက သူ့အသက်အန္တရာယ်ရှိတယ်ဆိုတာ သိခဲ့ပါတယ်။ ဒါပေမဲ့ သူက သူ့နိုင်ငံ့လမ်းကြောင်းကို လူသတ်သမားတွေအနေနဲ့ ထိန်းကျောင်းခွင့် မပေးခဲ့ပါဘူး။”

ပါကစ္စတန်သမ္မတဟောင်းဘူတိုဟာ ရာဝါလ်ပန်ဒီ မြို့မှာ မဲ ဆွယ်စည်းရုံးပွဲပြုလုပ်ပြီး ထွက်ခွာချိန်မှာ လုပ်ကြံခံခဲ့ရတာပါ။ ဘူတိုဟာ အတိုက်အခံ နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးဖြစ်ပြီး သမ္မတ မူရှာရပ်ဖ် အစိုးရကို အကဲစမ်း စိန်ခေါ်နေသူလည်းဖြစ်ပါတယ်။

ပါလီမန် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ( ၂ ) ပတ်သာသာလေးအလိုမှာ မစ္စဘူတို လုပ်ကြံခံ လိုက်ရတာပါ။ အဲ့ဒီရွေးကောက်ပွဲတွေဟာ နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အရေးပေါ် ကြေညာချက်ကြောင့် ပျက်လုနီးပါးဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီကြေညာချက်ကို ဒီဖင်ဘာလ( ၁၆ ) ရက်နေ့မှာ ရုတ်သိမ်းခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်သွားဖို့ကိုလည်း သမ္မတဘုရှ်က တိုက်တွန်းလိုက်ပါတယ်။

“အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒ အင်အားစုတွေကို ဆန့်ကျင်ရာမှာ ကျွန်တော်တို့ ပါကစ္စတန် ပြည်သူတွေနဲ့ အတူတူ ရပ်တည်ပါတယ်။ သူ သတ္တိရှိစွာနဲ့ အသက်ပေးလှူသွားတဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ဆက်လုပ်သွားခြင်းအားဖြင့် ဘနာဇီယာ ဘူတိုကို အမှတ်တရ ဂုဏ်ပြုဖို့ ကျွန်တော်တို့ ပါကစ္စတန် ပြည်သူတွေကို နိုးဆော်အပ်ပါတယ်။ ”

ဘနာဇီယာဘူတိုဟာ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၀ အထိ တကြိမ်။ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အထိ တကြိမ် ပါကစ္စတန် ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ပိုင်းက အဝေးရောက်ဘ၀ကနေ ပါကစ္စတန်ကို ပြန်လာချိန် လူထုစည်းဝေးပွဲ မှာလည်း သူမကို မှတ်မှတ်ရရ ထိပ်လန့်ဖွယ်ရာ ခြိမ်းခြောက်မှုအဖြစ် လူပေါင်း ၁၄၀ကျော် သေဆုံးခဲ့ရတဲ့ အသေခံ ဗုံးဖေါက်ခွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံမှာ ၀မ်းနည်းဖွယ်ရာကာလ ( ၃) ရက် သမ္မတ မူရှာရဖ်က သတ်မှတ် လိုက်ပါတယ်။ အဲ့ဒီနောက် လုပ်ကြံခံရမှု နောက်ဆက်တွဲ ထုတ်ပြန်ကြေညာချက်မှာ အားလုံး ငြိမ်ငြိမ်သက်သက်ရှိ ကြဖို့နဲ့ လုပ်ကြံ သတ်ဖြတ်တဲ့ သူတွေကို ရှာဖွေဖေါ်ထုတ် ပေးပါ့မယ် ဆိုတဲ့ အကြောင်းကိုလည်း သမ္မတ မူရှာရဖ်က ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG