သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို လုပ်ကြံခံလိုက်ရတဲ့ အပေါ် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက ပြစ်တင်ရှုတ်ချ


ပါကိစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံ လိုက်ရ တဲ့အပေါ် ကမ္ဘာ့ ခေါင်းဆောင်ကြီး တွေက ပြစ်တင် ရှုတ်ချ လိုက်ကြောင်း ဗွီအိုအေ အကြီးတန်းသတင်းထောက် အန်ဒရေဒီနက်(စ်)နေရာ သတင်းပေးပို့ထားတာကို ဦးဝင်းအောင်က တင်ပြ ပေးထားပါတယ်။

ဘနာဇီယာဘူတိုကို လုပ်ကြံသတ်ဖြတ်တာဟာ ပါကိစ္စတန်နိုင်ငံရဲ့ ဒီမိုကရေစီကိုပျက်ပြားစေဖို့ အစွန်းရောက် လူသတ်သမားများရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ အမေရိကန်သမ္မတ ဂျော့ချ် ဒဘလျူ ဘုရှ်ကဆိုလိုက်ပြီး ပါကိစ္စတန်နိုင်ငံသားများကိုလည်းဘဲ ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆက်လက်လျှေက်လှမ်းကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ သူမနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အမျိုးသားသင့်မြတ်ရေးအတွက် လုပ်ဆောင်နေတဲ့ ခေါင်းဆောင်ကောင်း တယောက် အိန္ဒိယတိုက်ငယ်က ဆုံးရှုံးသွားပြီလို့ အိန္ဒိယဝန်ကြီးချုပ်မက်မိုဟန်ဆင်းက ပြောဆိုပါတယ်။ လုပ်ကြံမခံရခင် နာရီပိုင်းအတွင်းမှာဘဲ ဘနာဇီယာဘူတိုနဲ့ စကားပြောခွင့် ကြုံလိုက်တဲ့ အာဖဂန်သမ္မတ အာမက်ကာဇိုင်းကတော့---

“ဒီနေ့မနက်ဘဲ သူမနဲ့တွေ့လိုက်သေးတယ်၊ အင်မတန့်အင်မတန်ကို သတ္တိရှိတဲ့ အမျိုးသမီး တယောက်ပါ။ သူမရဲ့ ပါကိစ္စတန် နိုင်ငံအတွက်၊ အာဖဂန်နစ္စတန်နိုင်ငံအတွက်၊ ဒေသတခုလုံး အတွက် ဒီမိုကရေစီရေး၊ သာယာဝပြောရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ရှင်းရှင်းလင်းလင်းရှုမြင်ထားတဲ့ အမျိုးသမီးပါ။”

ပြင်သစ်သမ္မတ နီကိုလပ်ဇာကူဇီကတော့ ဘနာဇီယာ ဘူတို လုပ်ကြံ သတ်ဖြတ် ခံရတာနဲ့ပတ်သက်ပြီး အင်မတန်မနှစ်မြို့စရာတရပ်လို့ ခေါ်ညွှန်းလိုက်ပြီး ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဒေဗစ်မက်လဘန်းက ပါကိစ္စတန်နိုင်ငံသားများ ထိန်းထိန်းသိမ်းသိမ်းရှိကြပါ၊ ပါကိစ္စတန်ညီညွတ်ရေးအတွက် လုပ်ဆောင်ကြပါလို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်၊

သမ္မတ ကလင်တန်လက်ထက်က တောင်အာရှရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကားလ်အင်နာဖတ်က ဘနာဇီယာဘူတိုအား အလွန် သတ္တိကောင်းသူ လို့ခေါ်ဆိုလိုက်ပြီး အောက်တိုဘာလက ပါကိစ္စတန် နိုင်ငံကို ပြန်မသွားခင်မှာဘဲ ဝါရှင်တန်က ညစာစားပွဲလေးတခုမှာ ဘနာဇီယာ ဘူတိုနဲ့ တွေ့လိုက် သေးတယ်။ စကားလက်ဆုံကျရင်း ပြောကြဆိုကြတဲ့အထဲ သူမရဲ့ လုံခြုံရေး ကိစ္စ ရောက်သွားတယ်၊ သူမကတော့ ပါကိစ္စတန်နိုင်ငံကို ပြန်သွားဖို့ပိုင်းဖြတ်ထားပြီးပြီ၊ ဘေးအန္တရယ်တွေ့နိုင်တယ်ဆိုတာ သိထားတဲ့ကြားကပဲ အဲဒီလို ပါကိစ္စတန် နိုင်ငံကိုပြန်သွားဖို့ ပိုင်းဖြတ်ထားတာလို့ပြောသွားတာပါ၊ ပါကိစ္စတန်နိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ဘနာဇီယာဘူတိုပတ်သက်ပုံကို သူကဆက်ပြီး---

“ဝန်ကြီးချုပ်(၂)ကြိမ်ဖြစ်ခဲ့ဖူးပြီးပြီ၊ (၂)ကြိမ်စလုံး သူမအစိုးရအဖွဲ့ရဲ့အဂတိလိုက်စားမှု၊ ပါကိစ္စတန်နိုင်ငံမှာ အထက်လွှတ်တော်အမတ်ဖြစ်နေတဲ့ သူမရဲ့ခင်ပွန်း အဂတိ လိုက်စားမှုကြောင့် ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံခဲ့ရတာဖြစ်တယ်။ ဒါပေမဲ့ ပါကိစ္စတန် နိုင်ငံကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ဘူတိုမိသားစု၊ အထူးသဖြင့် ဘနာဇီယာ ဘူတိုရဲ့ အခန်းကဏ္ဍ မပါဘဲနဲ့ မြင်လို့ ရမှာမဟုတ်ပါဘူး။”

ရန်း ကော်ပိုရေးရှင်းမှ ပါကိစ္စတန်ပါရဂူ ခရစ်ဆတီးနားဖဲလ်ကတော့

“ဘနာဇီယာ ဘူတို မသေခင်ကနဲ့ သေပြီးတဲ့နောက် နှစ်ပိုင်းခွဲပြီး ကြည့်ရမယ်၊ မသေခင်ကဆိုရင် လောဘကြီးလွန်းတဲ့ ခင်ပွန်းကြောင့် သိက္ခာကျခဲ့ရတယ်။ အမှုတွေကို ပါကိစ္စတန် နိုင်ငံ တရားရုံးတွေမှာ သာမက ဥရောပတရားရုံးတွေမှာလည်း ရင်ဆိုင်ခဲ့ရတယ်။ ပါကိစ္စတန်က အမှုတွေတော့ ရုတ်သိမ်းသွားပြီ။ အခုအစစအရာရာ ပြောင်းလဲသွားပြီ၊ ဟုတ်ပါတယ်၊ ဒီကနေ့ဆိုလို့ရှိရင် ဘနာဇီယာ ဘူတိုဟာ အာဇာနည်ဖြစ်သွားပြီ၊ ပါကိစ္စတန်နိုင်ငံရဲ့ နိုင်ငံရေးအတွက်၊ အမျိုးသမီးများအတွက် အာဇာနည်သူရဲကောင်းဖြစ်သွားပါပြီ။”

ပါကိစ္စတန်နိုင်ငံကို အစ္စလမ်မစ် ဖြစ်စေချင်သူအများဆုံးက ထောက်ပြတဲ့ဒဏ်ကို အခံရဆုံးက အမျိုးသမီးတွေပဲလို့ထောက်ပြရင်း၊ ဇန်နဝါရီလ(၈)ရက်နေ့ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရင်း ဘာနေဇာ ဘူတိုကတော့ လုပ်ကြံခံရပြီ၊ သေဆုံးသွားပြီ၊ ပါကိစ္စတန်သမ္မတ ပါဗက်မူရှာရဖ်က ရွေးကောက်ပွဲတရားမျှတအောင်လုပ်ဆောင်ပေးရမယ်စသဖြင့် ရန်းကော်ပိုရေးရှင်းမှ ပါကိစ္စတန်ရေးရာ ကျွမ်းကျင်သူ ခရစ်ဆတီးနားဖဲလ်က ရွေးကောက်ပွဲမဲဆွယ်ရင်း လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ပါကိစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုနဲ့ပတ်သက်လို့ တုန့်ပြန်ပြောဆိုသွားကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG